Covid-19 ဖြင့်သေဆုံးသည့် အစ္စလာမ်များသာမက အခြားဘာသာဝင်များကိုပါ မြှုပ်နှံပေးလျက်ရှိ 

ကိုဗစ်နိုင်တင်း (Covid-19) ကြောင့် သေဆုံးခဲ့သည့် အစ္စလာမ်ဘာသာဝင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဦးဆောင်လျက် ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီ မြှုပ်နှံ သင်္ဂြိုလ်ပေးလျက်ရှိသည် 

ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် သေဆုံးခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးကို ထိန်ပင်သုသာန်တွင် အောက်တိုဘာ ၁၇ ရက်က မြှုပ်နှံသင်္ဂြိုလ်ပေးနေစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်သည်။ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးခဲ့သူများကို ကိုးကွယ်ရာအလိုက် ဘာသာရေးဓလေ့ထုံးစံများအတိုင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဘာသာရေးထုံးတမ်းစဉ်လာနှင့်အညီ မြေမြှုပ်သင်္ဂြိုလ်ခွင့်ရရှိခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကြောင့် သေဆုံးခဲ့သည့် အစ္စလာမ်ဘာသာဝင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဦးဆောင်လျက် ထိန်ပင်သုသာန်ရှိ ဆွန္နီ သင်္ချိုင်းတွင် မြှုပ်နှံပေးလျက်ရှိသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် ကွယ်လွန်သူများအနက် အစ္စလာမ်သာသာဝင်များကို မြှုပ်နှံရေးကော်မတီအတွင်းရေးမှူး ဟာဂျီဦးဘရွှေကို Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။ 

မေး - ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေရတဲ့အနေအထားမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ - ကျွန်တော်တို့က ကိုဗစ်နဲ့ (Covid-19) Positive (အတည်ပြုလူနာ) ဖြစ်သွားတဲ့လူတွေကို နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကူညီဆောင်ရွက်ပေးနေပါတယ်။ လူအင်အားနဲ့ ကားအင်အားကတော့ရှိပေမဲ့ အခုဆို ကားအင်အားက နည်းသွားပြီ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကြားမှာ လူတွေကလည်း ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်တဲ့အပေါ် နားသွားတဲ့လူတွေလည်း များသွားတော့ လုပ်ရတာက အခက်အခဲရှိတာပေါ့။ အဲ့ဒါတွေက ဝန်ပိတယ်။ တော်တော်ရှင်းယူရတယ်။ ကားကနည်းသွားတော့ တခါတည်းလုပ်ရမယ့်ကိစ္စကို နှစ်ခါလုပ်ရတာမျိုးပေါ့။

မေး - ကူညီဆောင်ရွက်ပေးနေတဲ့ မော်တော်ယာဉ်နဲ့ စေတနာဝန်ထမ်း ဘယ်လောက်ရှိခဲ့လဲ။ အခုရော ဘယ်လောက်ကျန်နေပါသလဲ။  

ဖြေ - ပထမကတော့ ကားက ခြောက်စီးရှိတယ်။ အခုတော့ ကားက နှစ်စီးပဲ ကျန်တော့တယ်။ စေတနာ့ဝန်ထမ်းအင်အားက အရင်က အပြင်အင်အားက ၁၅ ယောက်ရှိတယ်။ အနီးကပ်လုပ်ဖို့ ကွာရန်တင်းဝင်ထားတဲ့ အင်အားက ၁၁ ယောက်ရှိတယ်။ အခုတော့ ကွာရန်တင်းဝင်ထားတာက ၈ ယောက်ပဲ ရှိတော့တယ်။ အပြင်အင်အားကတော့ ၁၀ ယောက်လောက်ရှိသေးတယ်။ 

မေး - အစ္စလာမ်ဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေအပြင် တခြားဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေရော ကူညီဆောင်ရွက်ခဲ့တာမျိုးရှိပါသလား။

ဖြေ -တခြားဘာသာဝင်တွေရဲ့ နာရေးကိစ္စတွေပေါ်မှာလည်း ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ခရစ်ယာန်လည်းဆောင်ရွက်ပေးဖူးတယ်။ ဗုဒ္ဓသာဘာကိုလည်း ဆောင်ရွက်ပေးဖူးတယ်။ ရှီအာလည်း လုပ်ပေးဖူး တယ်။ အဟ်မဒီယာဆိုတာလည်း လုပ်ပေးဖူးပါတယ်။ 

မေး - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့အညီ နာရေးကိစ္စဆောင်ရွက်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။ 

ဖြေ - အခက်အခဲကတော့ အများကြီးပေါ့။ တချို့တွေက ကိုယ့်မိသားစုကို ကြည့်ချင်တယ်၊ ကိုင်ချင်တယ်။ ကျန်းမာရေးအရ အနားကပ်ခွင့်မရှိလို့ တားရတာတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း အဝေးမှာ ထားရတာတွေဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ သူတို့လည်း နောက်ဆုံးအနေနဲ့ ထိချင်ကိုင်ချင်မှာပဲလေ။ သူတို့အပေါ်လည်း နားလည်ပါတယ်။ ကျွန်တော်တို့ အင်္ကျီတွေဆို ပင်မင်းသွားပေးရင် လက်မခံတော့ဘူး။ တော်ရုံတန်ရုံ ကျွန်တော်တို့နဲ့ စကားမပြောချင်တာမျိုးတွေလည်း ရှိတယ်။ အနားမကပ်ချင်ကြတာလည်းရှိတယ်။ ကျွန်တော်တို့က နားလည်ပါတယ်။ ကျန်းမာရေးအရဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ 

မေး - လက်ရှိအချိန်ထိ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့သူ ဘယ်လောက် မြှုပ်နှံပေးခဲ့ပြီးပြီလဲ။

ဖြေ - အခုအချိန်အထိ ကျွန်တော်တို့ သယ်ထားခဲ့တာက အစ္စလာမ်ဘာသာဝင်ပေါင်း ၁၄၂ ယောက် မြှုပ်နှံ သင်္ဂြိုလ်ပြီးသွားပါပြီ။ ခရစ်ယာန်တစ်ယောက်၊ ဗုဒ္ဓဘာသာတစ်ယောက်၊ ရှိအာနှစ်ယောက်၊ အဟ်မဒီယာတစ်ယောက်အတွက်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ 

မေး - ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသွားတဲ့လူတွေ မြှုပ်နှံသင်္ဂြိုလ်ပေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆက်သွယ်ညွှန်ကြားတာလား၊ မိသားစုဝင်တွေက တိုက်ရိုက်ဆက်သွယ်တာလား။ 

ဖြေ - ကိုဗစ်နဲ့ သေဆုံးသွားတဲ့နာရေးအတွက် မိသားစုတွေက အကြောင်းကြားတာလည်း ရှိတယ်။ ဆေးရုံက အကြောင်းကြားတာလည်း ရှိတယ်။ ဆေးရုံက အကြောင်းကြားပေးတာမျိုးဆိုရင် ဖုန်းနံပတ်တွေကတဆင့် မိသားစုနဲ့ ချိတ်ဆက်ပြီး နာရေးကိစ္စလုပ်ကြတယ်။ တချို့ကိစ္စတွေမှာ ပိုင်ရှင်တွေ မလိုက်နိုင်တာတွေရှိတယ်။ ကွာရန်တင်းဝင်နေတာတွေ ဘာတွေဖြစ်နေတော့ မလိုက်နိုင်တာမျိုးတွေ ရှိတယ်။ 

မေး - ကိုဗစ်နိုင်တင်းနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေရတာဆိုတော့ ဒီစေတနာ့ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်ရော ဘယ်လိုဆောင်ရွက်ထားပါသလဲ။ 

ဖြေ - ရှိပါတယ်။ ဒီမှာ (ထိန်ပင်သုသာန်) ကွာရန်တင်းစင်တာတွေ လုပ်ပေးထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ သီးခြားနေထိုင်ဖို့လည်း နေရာထိုင်ခင်းတွေ လုပ်ပေးထားပါတယ်။ ရုပ်အလောင်းကိုင်တွယ်တဲ့လူတွေနဲ့လည်း ကင်းကင်းရှင်းရှင်းနေနိုင်ကြဖို့ လုပ်ထားပါ တယ်။ ကာကွယ်ရေးပစ္စည်းတွေအတွက်လည်း လာလှူဒါန်းထားတာတွေရှိပါတယ်။ လိုအပ်ရင်လည်း ဝယ်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ကိုယ်တိုင်က ဒီကလူတွေကို အပြင်လူနဲ့ သိပ်မဆက်ဆံခိုင်းဘူးလေ။ ကိုယ့်ကြောင့် သူများတဖက်သား ဒုက္ခရောက်မှာကို ကျွန်တော်တို့လည်း မလိုလားဘူး။ ကျွန်တော်တို့နားကို လာကပ်ရင်လည်း မကြိုက်ဘူး။ ကျွန်တော်တို့က သွားလာလုပ်ကိုင်နေကြတာဆိုတော့ ကျွန်တော်တို့မှာ ရောဂါပိုး ရှိမယ်၊ မရှိဘူးဆိုတာ ပြောလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ကျွန်တော်တို့အနားကို မလာစေချင်တာပဲ။ 

သေဆုံးသွားတဲ့ မိသားစုတွေကို ကိုယ်ချင်းစာမိတယ်။ သူတို့တွေက သေဆုံးသွားတဲ့သူအပေါ် ထိတွေ့ခွင့်မရှိတာ၊ မမြင်ရတာတွေဖြစ်တဲ့အပေါ် ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် ကျန်မာရေးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading