ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စု ၂၀၀ နီးပါးတွင် လုံးဝလူနေထိုင်ခြင်းမရှိတော့သည့် ကျေးရွာအုပ်စုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာအုပ်စု ၁၀၀ ကျော် ပါဝင်နေပြီး ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စုများရှိသော်လည်း လွှတ်တော်သုံးရပ်လုံးတွင် မဲဆန္ဒနယ်လစ်လပ်ခြင်း မရှိပေ
ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော ကျေးရွာအုပ်စု ၁၉၂ ခုတွင် လုံးဝလူနေထိုင်ခြင်းမရှိတော့သည့် ကျေးရွာအုပ်စု ၈၇ ခုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာအုပ်စု ၆၆ ခုပါဝင်ကြောင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၆ ခုတွင် ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်း မရှိဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုရှိ ကျေးရွာအုပ်စုများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း လူနေထိုင်ခြင်းမရှိသော ကျေးရွာအုပ်စုများ၊ စစ်ဘေးတိမ်းရှောင်နေသည့် ရွာများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပရန် အကန့်အသတ်ရှိနေသောကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က Myanmar Now ကို ပြောသည်။
“အစကတည်းက အဲဒီရွာတွေကို ကျွန်တော်တို့ လူဦးရေးစာရင်း မကောက်ခဲ့ဘူး။ မဲစာရင်းပြုစုထားတဲ့အထဲမှာ မပါဘူး” ဟု ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ကျေးရွာအုပ်စုများနှင့် ပတ်သက်၍ ဦးထွန်းအောင်ခိုင်က ပြောသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်နှင့် အင်ဂျန်းယန် စသည့်မြို့နယ်များရှိ ကျေးရွာအုပ်စု ၁၉၂ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်တော့မည် မဟုတ်ပေ။
၂၀၁၈ ခုနှစ်နောက်ပိုင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် မဖြစ်ပွားတော့သော်လည်း ကချင်ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲကျင်းပရန် အခက်အခဲရှိပြီး လူဦးရေစာရင်းပင် ကောက်ယူနိုင်ခြင်းမရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။


“အဲဒီနယ်မြေတွေ (ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများ) ကျွန်တော်တို့ သွားလို့လာလို့ မရသေးဘူး။ စာရင်းလည်းမကောက်နိုင်တဲ့အတွက် လူဦးရေဘယ်လောက်ရှိမလဲ မသိဘူး” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စုများအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့၊ရွာ ဖွဲ့စည်းမှုစာရင်း၌ ကျေးရွာအမည်ပေါက်ရှိနေသော်လည်း မြေပြင်တွင် မရှိတော့သော ရွာပျက်များပါဝင်သည့် ကျေးရွာအုပ်စု ၈၇ ခု၊ စစ်ဘေးတိမ်းရှောင်နေဆဲ ကျေးရွာအုပ်စု ၁၉၊ လက်နက်ကိုင်အဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာအုပ်စု ၆၆ ခု၊ ဥပဒေစိုးမိုးမှုမရှိသည့် ကျေးရွာအုပ်စု ၂၀ ရှိသည်ဟု ဆိုသည်။
ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့် ကျေးရွာအုပ်စုများသည် လက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ရာ နယ်မြေဖြစ်ပြီး နိုင်ငံရေးပါတီများ လွတ်လပ်စွာသွားလာမရသည့် နေရာများဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူး ဦးကျော်ဦးက ပြောသည်။
“ပါတီစုံအကုန်လုံး လွတ်လပ်စွာမဲဆွယ်ခွင့် ရတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေ အကုန်လုံး သွားလို့ရတယ်။ မကျင်းပမယ့်နေရာတွေက သိပ်သွားမရဘူး။ မဲရုံထားဖို့နေရာ အခက်အခဲရှိတဲ့နေရာတွေပါ။ အောင်နိုင်ရေးအပေါ်မှာ ထိခိုက်မှုတော့ မရှိနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။
ဒေသခံပါတီများ၏ တုံ့ပြန်ချက်
ကချင်ပြည်နယ်အတွင်း ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသောကြောင့် ဒေသခံများဆုံးရှုံးနစ်နာသည်ဟု ဒေသခံ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တာဝန်ရှိသူများက ပြောသည်။
အင်ဂျန်းယန်မြို့နယ်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စု ၆၁ ခုသည်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဖြစ်သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ဝင်ပြိုင်မည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောသည်။
"ပစ်ခတ်ရပ်စဲရေး မလုပ်ထားတဲ့အခါကျတော့ လုံခြုံရေးစိုးရိမ်တဲ့အတွက်ကြောင့် မဲရုံဖွင့်မပေးဘူးလေ။ ဒေသခံတွေအတွက် နစ်နာဆုံးရှုံးတယ်လေ။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်မရှိတဲ့အခါကျတော့ သူတို့ဒေသအတွက် ကိုယ်စားလှယ်ကို မရွေးချယ်နိုင်ဘူးလေ။ မဖြစ်သင့်ပါဘူး။ ၂၀၂၅ မှာတော့ ဒီနေရာတွေကို မဲရုံဖွင့်ပေးနိုင်အောင် အစိုးရ၊ KIO နှစ်ဖက်ကြိုးစားသင့်တယ်လို့ မြင်တယ်ဗျ" ဟု ဒေါက်တာမနာမ်တူးဂျာက ပြောသည်။
အင်ဂျန်းယန်မြို့နယ်အတွင်း အဆိုပါကျေးရွာအုပ်စုများတွင် လူဦးရေ ၅၈၇၁ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ကျေးရွာအုပ်စု ၃၁ ခုတွင် လူမနေတော့သည့် ကျေးရွာများ၊ တိုက်ပွဲများကြောင့် ပျက်စီးသွားသော ရွာများ၊ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်နယ်မြေထဲ ရောက်ရှိနေသည့် ရွာများပါဝင်သော်လည်း တချို့နေရာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းမှာ လက်ရှိ NLD အစိုးရက ရွေးကောက်ပွဲအသာစီးရလို၍ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
"NLD ဟာ အခုလုပ်နေတဲ့ဟာတွေက သူရဲ့အားနည်းတဲ့နေရာ၊ အနိုင်မရရှိမယ့် နေရာမျိုးတွေကို အဓိကပစ်မှတ်ထားပြီး လုပ်နေတဲ့သဘောဖြစ်နေတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ရှုံးခြင်း၊ နိုင်ခြင်းရှိမှာပဲ။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ အခုက ကျွန်တော်တို့ရဲ့ ပါဝင်မှုကို ကန့်သတ်ထားသလိုဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။
ရခိုင်နှင့် ရှမ်းပြည်နယ်တွင် မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့်အပေါ် ကန့်ကွက်သည်ဟုလည်း ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
ဆော့လော်မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ခုနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ ခုသည် လူနေထိုင်ခြင်းမရှိတော့သော ရွာပျက်များဖြစ်သည်ဟု သက်ဆိုင်ရာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများက Myanmar Now ကို ပြောသည်။
ထို့ပြင် ဝိုင်းမော်မြို့နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်သော ၁၃ ရွာအနက် လူဦးရေ ၆၀၀ ကျော်နေထိုင်သည့် ဆဂါပါကျေးရွာအုပ်စုနှင့် လုထောင်ကျေးရွာအုပ်စုသည် အစိုးရထိန်းချုပ်နယ်မြေအတွင်း ရှိသော်လည်း ပြီးခဲ့သည့် ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲမကျင်းပနိုင်သော ကချင်ရွာများဖြစ်သည်ဟု KSPP ပါတီ၏ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဥက္ကဋ္ဌ တန်ဒင့်က ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း ကျန်ကျေးရွာအုပ်စုများသည် တိုက်ပွဲများကြောင့် လူနေထိုင်ခြင်းမရှိတော့သည့် ရွာများဖြစ်ပြီး စစ်ဘေးရှောင်များတွင် မဲပေးခွင့်ရရှိထားသည်ဟု ၎င်းက ပြောသည်။
တနိုင်းမြို့နယ်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်သော အောင်လော်ဒ်ကျေးရွာနှင့် နမ့်ခမ်းပါကျေးရွာသည် KIA ထိန်းချုပ်နယ်အတွင်းရှိနေပြီး အဆိုပါကျေးရွာများသည် ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် NLD ပါတီဝင် ဦးလင်းလင်းဦးက ပြောသည်။
အဆိုပါကျေးရွာများမှ လူ ၁၅၀၀ ကျော်သည် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများဖြစ်ကာ ရွေးကောက်ပွဲတွင် တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မဲပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ချီဖွေမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စု ၉ ခုအနက် ကျေးရွာသုံးခုမှာ KIA ထိန်းချုပ်နယ်မြေအတွင်းရှိနေခြင်းနှင့် မှတ်ပုံတင်မရသေးသူ ၂၀၀ ကျော် ရှိနေခြင်းကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်မင်းက ပြောသည်။
ချီဖွေမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၁,၇၁၇ ဦးရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်သော ကျေးရွာအုပ်စု ၉ ခု လည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၈ ခုနှင့် မဲဆန္ဒနယ်ပေါင်း ၇၀ ရှိပြီး ထိုမဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည့် နှင်းဆီပါတီခေါ် (UDP) ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့်အတွက် ကျန်နိုင်ငံရေးပါတီ ၁၇ ခုသာ ဝင်ပြိုင်ရတော့မည်ဖြစ်သည်။
ကချင်ပြည်နယ်တွင် နှင်းဆီပါတီပြီးနောက် မဲဆန္ဒနယ်ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ပြီး မဲဆန္ဒနယ် ၆၇ စီဖြင့် ဝင်ပြိုင်ကြမည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









