ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသတစ်ခုတွင် ပွဲတော်အတွက် ပြင်ဆင်နေသူတချို့ တိုက်ခိုက်ခံရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ထားသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ပေါ်လယ်ကျေးရွာတွင် ခရစ္စမတ်ပွဲတော်ကျင်းပရန် ချက်ပြုတ်နေသူတို့ တိုက်ခိုက်ခံရမှုတွင် ပြစ်မှုကျူးလွန်သည်ဟုယူဆရသူများကို ဖမ်းဆီးမိခြင်း မရှိသေးကြောင်း နယ်မြေရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ တွင် ပြောသည်။
ခဲဖြင့် အပစ်ခံရသောကြောင့် နေအိမ်ပျက်စီးသွားခဲ့သည့် ကာယကံရှင် ဦးဝါဒေါင်က ခဲဖြင့် ပစ်ပေါက်သူ အယောက် ၃ဝ ခန့်ကို အရေးယူရန် လာရောက် အမှုဖွင့်ထားကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းထွဋ်က ပြောသည်။

“ဖော်ထုတ်နေတုန်းပါပဲ။ မှောင်တုန်းဖြစ်တာကြောင့် တိုင်သူကလည်း လုပ်သူတွေကို သေချာ မမှတ်မိတော့ ရှာနေတုန်းပဲ”ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။


အသက် အန္တရာယ် သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော နာကျင်စေမှု ပုဒ်မ ၃၃၇၊ ပျက်စီးနစ်နာစေသော အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ တို့ဖြင့် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။
ယင်းပုဒ်မများသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်မှ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။


ထိုညက ချက်ပြုတ်ပြင်ဆင်နေကြသူ ၂ဝ နီးပါး ရှိရာ ခဲထိမှန် ဒဏ်ရာရသူ ၆ ဦး ရှိပြီး နေအိမ်လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂ဝ၁၆၊ ၂ဝ၁၇ ခရစ္စမတ်ကာလအတွင်း အငြင်းပွားမှု တချို့ ပေါ်ပေါက်ခဲ့သော်လည်း ယခုကဲ့သို့ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းသည် ပထမဆုံးဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က Myanmar Now ကို ပြောသည်။
“အရင်တုန်းက နားလည်မှုလွဲ၊ အငြင်းပွားတာ ရှိခဲ့ဖူးတယ်။ အကျယ်ဖြစ်တာ၊ လက်ပါတာ မရှိဘူး။ ဒီလိုမဖြစ် သင့်ပါဘူး။ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ” ဟု ၄င်းကဆိုသည်။
တိုက်ခိုက်မှုကြောင့် မီးဖိုဆောင်သုံးပစ္စည်းများ ပျက်စီးခဲ့ရကြောင်း Myanmar Now က ကြည့်ရှုခဲ့ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ခဲဖြင့်ပစ်ခံခဲ့ရသည့် မိသားစုဝင် တစ်ဦးက ပြောဆိုထားသည်။
အခြားရုပ်သံတစ်ခုတွင် တိုက်ခိုက်ခံထားရမှုကို နေအိမ်အနှံ့အပြားတွင် တွေ့ရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












