မဲပေးပိုင်ခွင့်ရှိသူ ၈၁၀၀ သာရှိပြီး မဲဆန္ဒနယ် ၅ ခုရှိ ဘောလခဲမြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၄၁ ဦးအထိ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်ကာ ပြည်ခိုင်ဖြိုးပါတီနှင့် ပွဲထွက်လာသည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသည် သူ့အကြောင်းသတင်းများရေးသားခဲ့သူ ဒေသခံလူငယ်တစ်ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်

Published on Oct 16, 2020
ဘောလခဲမြို့နယ် ဟော်ခမ်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို ၎င်း၏နေအိမ်ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmr Now) 
ဘောလခဲမြို့နယ် ဟော်ခမ်းကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို ၎င်း၏နေအိမ်ရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmr Now) 

ကယားပြည်နယ် အလယ်ပိုင်းရှိ ဘောလခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့ပြီး ပြည်နယ်အတွင်းရှိ အခြားနေရာများထက် ဖွံ့ဖြိုးမှုနောက်ကျနေသည့် နေရာဒေသဖြစ်သည်။ ရှေးယခင်က စော်ဘွားများအုပ်ချုပ်ခဲ့ရာ ဘောလခဲသည် လူဦးရေ ၁၂,၀၀၀ ကျော်သာရှိသည့် မြို့နယ်လေးတစ်ခုသာ ဖြစ်သည်။ 

ဘောလခဲမြို့မြောက်ဘက် တောင်တန်းပေါ်ရှိ လွယ်ဝိန်းရွာသည် အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ကျော်သာရှိသည့် ရွာလေးဖြစ်သည်။ ရှမ်းနှင့် ကယားလူမျိုးအများစုနေထိုင်ကြပြီး ဝမ်းစာဖူလုံရန်ပင် ရုန်းကန်နေရသည့် ဒေသခံများဖြစ်ကြသည်။ 

လွယ်ဝိန်း၊ စောလုံနှင့် ဟော်ခမ်း စသည့်ရွာသုံးရွာသည် စောလုံကျေးရွာအုပ်စုတွင် ပါဝင်ပြီး သုံးရွာပေါင်း လူဦးရေ ၂၇၀ ခန့်ရှိသည်။ ကျေးရွာချင်းဆက်လမ်းများက မညီမညာဖြင့် ကျောက်ခင်းလမ်းများဖြစ်ကြသည်။ မိုဘိုင်းဆက်သွယ်ရေးလိုင်းလည်း မရှိသလို ကျေးလက်ဆေးပေးခန်းမရှိသော ကျေးရွာများလည်း ရှိနေသည်။ 

ရုပ်မြင်သံကြားစက်သည်ပင်လျှင် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် လူတိုင်းလက်လှမ်းမမီနိုင်သေးသည်အထိ ဖွံ့ဖြိုးမှုနောက်ကျကျန်နေဆဲ ဒေသလည်းဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရခြင်း အကျိုးဆက်အဖြစ် ဘောလခဲဒေသတွင် အကြောက်တရားလွှမ်းမိုးခဲ့သည်။ 

အကြောက်တရားနှင့် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုများကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် မျက်စိစုံမှိတ် မဲထည့်ခဲ့ကြသော်လည်း ၂၀၂၀ အတွက်မူ စဉ်းစားချင့်ချိန်လျက်ရှိကြသည်။ ရွေးကောက်ပွဲ နှစ်ကြိမ်တိုင်ခဲ့သော်လည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေခြင်းက ဒေသခံများ၏ နိုင်ငံရေးအမြင်ကို ခပ်ကျယ်ကျယ်ဖွင့်ပေးလျက်ရှိသည်။ 

စစ်တပ်နှင့် ပြည်ခိုင်ဖြိုး ဩဇာလွှမ်းမိုးခဲ့ရာ ဒေသ 

ပြည်တွင်းစစ်ဒဏ် ခံခဲ့ရသော ဒေသတစ်ခုဖြစ်သည့် ဘောလခဲမြို့နယ်တွင် တပ်မတော်တပ်ရင်း အများအပြားရှိနေဆဲဖြစ်သည်။ ဘောလခဲမြို့တွင် ‌ခြေမြန်တပ်ရင်းသုံးခုနှင့် ဆေးတပ်နှင့် ထောက်ပို့တပ်များ ပါရှိသည့် စစ်မဟာဗျူဟာတပ်အပါအဝင် နယ်ခြားစောင့်တပ်လည်းရှိနေသည်။ 

“ဘောလခဲဆိုတာ လူဦးရေနည်းတယ်လေ။ ဝန်ထမ်းရယ်၊ တပ်မိသားစုရယ်၊ ပင်စင်ယူသွားတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေများတော့ လူထုထက်တောင်မှ ထက်ဝက်နီးနီးလောက်ရှိတယ်” ဟု ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်နေ ဦးမောင်ဝင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဘောလခဲမြို့နယ်တွင် အောင်ပွဲခံခဲ့သည်။ မဲဆန္ဒနယ် ၅ခု ရှိသည့်အနက် ပြည်ခိုင်ဖြိုးပါတီက ၄ နေရာနှင့် တစ်သီးပုဂ္ဂလဖြစ်သူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ၁ နေရာ အနိုင်ရခဲ့သည်။ 

တပ်မတော်သား အများအပြားရှိနေသည့် ဘောလခဲသည် ပြည်ခိုင်ဖြိုးပါတီ၏ အောင်မြေဖြစ်ခဲ့သည်။ ဒေသခံအများစုကလည်း တပ်မတော်နှင့် ပြည်ခိုင်ဖြိုးကို အတူတူဟုသာ မြင်ကြသည်။ 

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီသည် ဘောလခဲမြို့တွင် ဘုရားကျောင်းကန် တည်ဆောက်ခြင်းမှအစ လမ်း၊ လျှပ်စစ်မီး စသည်များတွင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးခဲ့ခြင်းသည် နိုင်ငံရေးအသိအမြင်နည်းသော ဒေသခံများကို စွဲဆောင်နိုင်ခဲ့သည်ဟု ဦးခင်မောင်ဝင်းက ပြောသည်။ 

“ကြံ့ခိုင်ရေးက သူတို့ဦးစီးဦးဆောင်တော့ နိုင်ငံရေးပါတီက အပြိုင်အဆိုင်လည်းနည်းတယ်။ ဘာပဲဖြစ်ဖြစ် ပထမလုပ်ပေးနေတဲ့ပါတီကို လူထုက ပိုအားသန်တာပေါ့” ဟု ကြံ့ခိုင်ရေးပါတီက မဲအသာရခဲ့ခြင်းအပေါ် ဦးမောင်ဝင်းက သူ့အမြင်ကို ပြောပြသည်။ 

လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးရယ်ကမူ တပ်မဲများကြောင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့သည်ဆိုသော အချက်ကို ငြင်းဆိုသည်။ 

“ကျွန်တော်တို့ပါတီက လူထုနဲ့တသားတည်း ပြုမူဆောင်ရွက်နေထိုင်တယ်။ အဲဒီဟာမျိုးပဲ၊ အခြားတော့ ထူးထူးခြားခြားမရှိဘူး” ဟု ၎င်းက ပြောသည်။

တပ်မဲများသည် အထောက်အကူတစ်စိတ်တစ်ပိုင်းသာဖြစ်ခဲ့ပြီး အများစုမှာ ဒေသခံမဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးစိုးရယ်က ပြောသည်။ 

ဆင်းရဲမွဲတေမှုကြားက ရွေးကောက်ပွဲများ 

ကယားပြည်နယ် ဘောလခဲမြို့နယ် လွယ်ဝိန်းကျေးရွာမှ ဒေါ်ဆိုင်အောင်တစ်ယောက် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကတ္တရာလမ်းကောင်းကောင်း၊ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ရရှိရန် မျှော်လင့်ခဲ့သည်။ 

ထိုအချိန်က ဒေါ်ဆိုင်အောင်တို့ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးနေသည်မှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင် လွယ်ဝိန်းရွာတွင် လျှပ်စစ်မီးရအောင် စွမ်းဆောင်ပေးခဲ့သည်။ 

“အဲ့တုန်းက သူက ထောက်ခံချက်တွေ များတယ်ရော၊ သူလာလုပ်ပေးမယ် ဒီဟာ မဖြစ်ဖြစ်အောင် လုပ်ပေးမယ်ပြောထားတော့ မဲပေးခဲ့မိတယ်ရော။ နောက်ဆုံးတော့ မီးတစ်မျိုးပဲရတယ်” ဟု လေသံဝဲဝဲဖြင့်ပြောလိုက်သော ဒေါ်ဆိုင်အောင်၏ စကားတွင် မကျေမနပ်သံများ ရောစွက်လျက်ရှိသည်။ 

မိသားစု စားဝတ်နေရေးဖူလုံရန် ရုန်းကန်နေရသူ အသက် ၄၁ နှစ်အရွယ် ဒေါ်ဆိုင်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း စိတ်ဝင်စားလျက်ရှိသည်။ သို့သော် မည်သူ့ကို မဲပေးရမည်ဆိုသည်ကိုတော့ ယတိပြတ်ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။ 

ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးမည့်သူ၊ ရွေးကောက်ပွဲပြီးပါကလည်း လူထုနှင့် မပြတ်ထိတွေ့မည့် ကိုယ်စားလှယ်လောင်းကို ဒေါ်ဆိုင်အောင် မျှော်လင့်ချက်ရှိသည်။ 

"နောက်ပိုင်း သူ့မျက်နှာတောင် မမြင်ရဘူး။ မီးပေးပြီးတော့ တစ်ခါမှတောင် လှည့်မကြည့်ဘူး" ဟု ဦးစိုးသိန်းကို ရည်ညွှန်းလျက် ဒေါ်ဆိုင်အောင်က ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဘောလခဲမြို့နယ်တွင် တစ်သီးပုဂ္ဂလဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ ဦးစိုးသိန်းကို ထောက်ခံမဲထည့်သူ ဘောလခဲဒေသခံများအနက် ဒေါ်ဆိုင်အောင်လည်း အပါအဝင်ဖြစ်သည်။ 

ဒေါ်ဆိုင်အောင်နည်းတူ ၂၀၂၀ ရွေးကောက်ပွဲ မဲထည့်ရမည့် ကိုယ်စားလှယ်လောင်းကို အကဲခတ်ရှာဖွေနေသူ လွယ်ဝိန်းရွာခံ နောက်တစ်ဦးမှာ ကိုစံလှဖြစ်သည်။ 

“သဘောကျတာတော့ မရှိသေးဘူး။ သူတို့မဲစည်းရုံးတာ ကြည့်နေဆဲပဲ။ ဘာလို့ဆိုတော့ အဖွဲ့တွေက မပြီးသေးဘူးလေ။ ထပ်လာဖို့လည်း ရှိနေသေးတယ်ရော” ဟု ကိုစံလှက ပြောသည်။

ရွေးကောက်ပွဲ နှစ်ကြိမ်တိုင်ခဲ့သော်လည်း နှမ်းနှင့် စပါးစိုက်ပျိုးရန် ရေအလုံအလောက်ရရှိရေး၊ ဖုန်းတိုင်များရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းပေးရန်နှင့် ရွာလူငယ်များအတွက် စက်မှုလက်မှုပညာရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စသည့် လိုအပ်ချက်များ ပြည့်မီခြင်းမရှိသေးကြောင်းလည်း ကိုစံလှက ပြောသည်။ 

နှမ်းကို အဓိကထားစိုက်ပျိုးကြသော ဘောလခဲတွင် ယခုနှစ် မိုးခေါင်သဖြင့် သီးနှံပျက်စီးပြီး အထွက်နှုန်းလျော့ကျခဲ့သည်။ လယ်စပါးစိုက်ပျိုးရန်လည်း ရေအလုံအလောက်မရှိသဖြင့် လယ်အဟောင်းများ ပြန်မဖော်နိုင်သေး။ 

လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းကို တိုက်ရိုက်ခံစားရသူများမှာ ဒေါ်ဆိုင်အောင်ကဲ့သို့ အောက်ခြေလူတန်းစားများဖြစ်သည်။ ကိုယ်ပိုင်ဆိုင်ကယ်မရှိသဖြင့် ဘောလခဲမြို့သွားပါက အသွားအပြန် ဆိုင်ကယ်ကယ်ရီခ ကျပ်တစ်သောင်း ကုန်ကျသည်ဟု ဆိုသည်။ 

တစ်ဧကခွဲရှိ နှမ်းခင်းနှင့် ခြံအတွင်း စိုက်ပျိုးထားသော ကွမ်းသီးပင်များဖြင့် တစ်နှစ်စာ စားဝတ်နေရေးကို ဖြေရှင်းရသည်။ ဘောလခဲမြို့ပေါ်တွင် နှမ်းသွားရောင်းချရင်း ဆန်ဝယ်ကာ ကွမ်းသီးကိုမူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသော မီးဖိုချောင်သုံးပစ္စည်းများဖြင့် လဲလှယ်ရသည်ဟု ဒေါ်ဆိုင်အောင်က ပြောသည်။ 

“ပိုက်ဆံရှာရတာ ကျပ်တယ်။ အစားအသောက်ပြည့်ဝစေချင်တယ်။ အဓိကကတော့ ဆန်ပဲ။ ကုန်ဈေးနှုန်း တအားတက်နေတယ်" ဟု ကွမ်းသီးအခွံနွှာရင်း ဒေါ်ဆိုင်အောင်က ညည်းညူသည်။

ဖက်မိုး၊ ထရံကာ ပျဉ်ခင်းအိမ်၌ မိသားစုဝင်လေးဦးနေထိုင်ပြီး ရုပ်မြင်သံကြားစက်ဆိုသည်မှာ ဒေါ်ဆိုင်အောင်တို့ မိသားစုအတွက် လက်လှမ်းမမီနိုင်သေးသော ဇိမ်ခံပစ္စည်းတစ်ခုပင်ဖြစ်သည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကောက်ယူထားသော ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် (၂၀၁၉ - ၂၀၂၀) စစ်တမ်းအရ ဘောလခဲမြို့နယ် လွယ်ဝိန်းကျေးရွာရှိ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းမှာ စားဝတ်နေရေး ပြေလည်ခြင်းမရှိဘဲ တစ်နှစ်စာဝင်ငွေသည် ၆ လစာမျှသာဖူလုံသည်။ 

ဝမ်းစာရေးအတွက် ခက်ခက်ခဲခဲ လုံးပန်းနေရသည့် ဘောလခဲဒေသခံများအတွက် မဲတစ်ပြား၏ အကျိုးရလဒ်ကို အကျိုးခံစားရခြင်း မရှိသေးပေ။  

“အခုက ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံရေးပါတီထဲရောက်သွားပြီ၊ အမတ်ဖြစ်သွားပြီ၊ သူလုပ်လည်းရ မလုပ်လည်းရ၊ လူထုနဲ့ထိတွေ့ချင်လည်းရတယ်၊ မထိတွေ့ချင်လည်းရတယ်။ အဲလိုမျိုးဖြစ်နေတဲ့အချိန်မှာ လူထုက အားမရဖြစ်နေပြီ” ဟု ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်နေ ဦးမောင်ဝင်းက ပြောသည်။ 

ဘောလခဲဒေသ ဖွံ့ဖြိုးမှုနောက်ကျကျန်ခြင်းအပေါ် အာဏာရပါတီနှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များအကြား အပြန်အလှန် ပြစ်တင်ဝေဖန်လျက်ရှိသဖြင့် ပြည်သူများနစ်နာရသည်ဟု ၎င်းက ပြောသည်။ 

“အခုကတော့ တန်းစီပြီး လာနေကြတယ်။ ဘယ်သူ့ထည့်ရမလဲ မဆုံးဖြတ်နိုင်သေးဘူး။ ရွေးချယ်နေတုန်း အပိုင်မရွေးသေးဘူး” ဟု ဦးမောင်ဝင်းက ဆိုသည်။

နိုင်ငံရေးပါတီများ အပြိုင်မဲလုကြဦးမည့် မဲဆန္ဒနယ် 

၂၀၁၅ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်ရှိ မဲဆန္ဒနယ် ၅ ခုတွင် နိုင်ငံရေးပါတီ ၆ ခုနှင့် ကိုယ်စားလှယ် ၃၀ ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ တွင် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၄၀ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ဘောလခဲမြို့နယ်တွင် ဝင်ပြိုင်မည့် ပါတီများမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) နှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) တို့ဖြစ်သည်။

မဲပေးပိုင်ခွင့်ရှိသူ ၈၁၀၀ ကျော်သာရှိသည့် ဘောလခဲမြို့နယ်တွင် နိုင်ငံရေးပါတီများ အပြိုင်မဲလုကြမည် ဖြစ်သည်။ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးရေးများလည်း စတင်နေပြီဖြစ်သည်။ 

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ကြီးများ၌ပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော NDF နှင့် တစညပါတီတို့သည် ဘောလခဲမြို့နယ်တွင် အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးလျက်ရှိသည်မှာ ထူးခြားချက်ဖြစ်သည်။ 

အာဏာရ NLD ပါတီကလည်း ဘောလခဲမြို့နယ်အတွင်း ကျေးရွာများသို့ စည်းရုံးရေးဆင်းကာ တစ်အိမ်တက်ဆင်း မဲဆွယ်လျက်ရှိသည်။ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကလည်း ယာဉ်တန်းများဖြင့် အင်အားပြလှည့်လည်ခြင်းများအပြင် မဲဆွယ်ဟောပြောခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်ခဲ့သော်လည်း ၂၀၂၀ တွင် ပြည်ခိုင်ဖြိုးပါတီနှင့် ပွဲထွက်လာသည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသည်လည်း မဲဆွယ်စည်းရုံးရေးလှုပ်ရှားရန် ဘောလခဲမြို့ကို ရောက်ရှိနေပြီဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ အောက်တိုဘာ ၃ ရက်နေ့ လွယ်ဝိန်းရွာ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ရွာဘုန်းကြီးကျောင်းတွင် ဆွမ်းစားဆောင်ဆောက်လုပ်ရန် ငွေကျပ်နှစ်သိန်းလှူဒါန်းခဲ့သည်။ ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းကလည်း ထာဝရတွဲလက်များ လူမှုကူညီရေးအသင်းသို့ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီး ပြီးခဲ့သည့်မေလအတွင်း လှူဒါန်းခဲ့သည်။

ဘောလခဲတွင် အဓိကပြိုင်ဖက်မှာ လက်ရှိအာဏာရပါတီဖြစ်ပြီး ဒုတိယယှဉ်ပြိုင်ရမည့်ပါတီမှာ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဖြစ်သည်ဟု ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးရယ်က ပြောသည်။

“ကယားပြည်နယ် အနေအထားအရ ဖွံ့ဖြိုးမှုက နောက်ကျတဲ့အချိန်မှာ လူထုရဲ့ လိုအပ်ချက်လေးတွေကို ပိုပြီးတော့ပေးနိုင်တဲ့ဟာပေါ့၊ အဲ့လို(လူထုက) ဖယ်ယိုင်သွားမယ့်အနေအထားပေါ့ အဲဒါလေးပါပဲ” ဟု ၎င်းကဆိုသည်။

ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲရာသီတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ဘောလခဲဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဆိုင်အောင်က “အပြောနဲ့အလုပ် ကိုက်ညီအောင်ဖြစ်စေချင်တယ်။ ကျွန်မတို့က မရှိဆင်းရဲသားဆိုတော့ ဒါပြောထားပြီးပြီဆိုရင် မျှော်နေရတာပေါ့” ဟု ဆိုသည်။ 

ဦးစိုးသိန်းအကြောင်းရေးခဲ့သူက အဓိကပြိုင်ဘက်ဖြစ်လာ  

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၏ အဓိကပြိုင်ဘက်တစ်ဦးမှာ NLD ပါတီမှ ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးဖြစ်သည်။ 

ဘောလခဲမြို့ခံတစ်ဦးဖြစ်သူ စိုင်းလင်းလင်းဦးသည် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်းက ဦးစိုးသိန်း၏ လှုပ်ရှားမှုများအကြောင်း သတင်းများရေးသားခဲ့သူဖြစ်သည်။ တစ်နည်းအားဖြင့် ဦးစိုးသိန်းအကြောင်း ကောင်းကောင်းသိနေသူ ဒေသခံလူငယ်တစ်ဦးဖြစ်ပြီး ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီသတင်းဌာနတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။ 

“သူက ဘယ်လိုလဲဆိုတော့ သူ့ဩဇာလွှမ်းမိုးမှုက ကြီးတယ်လေ။ အဓိကအားဖြင့် ဝန်ထမ်းတို့၊ ဘာသာရေးခေါင်းဆောင်ဘုန်းကြီးတွေ တော်တော်များများကို စစ်တပ်က ဩဇာလွှမ်းမိုးထားတော့ အဲဒီကနေတစ်ဆင့် သူက မဲတွေရယူသွားတယ်” ဟု ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးစိုးသိန်းအနိုင်ရခဲ့ပုံအကြောင်းကို စိုင်းလင်းလင်းဦးက ပြောသည်။ 

ထိုစဉ်က ဦးစိုးသိန်းမှာ တစ်သီးပုဂ္ဂလဖြစ်သော်လည်း ငွေကြေးသုံးစွဲနိုင်မှုကြောင့် ဒေသခံများအပြင် ပြိုင်ဘက်ပါတီအချို့ကိုပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“အထူးသဖြင့် အဲဒီတုန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပေါ့။ သူက တစ်သီးပုဂ္ဂလဝင်ပြိုင်ပေမယ့်လည်း ကြံ့ခိုင်ရေးလည်း သူဩဇာလွှမ်းမိုးတာပဲ” ဟု စိုင်းလင်းလင်းဦးက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ပြိုင်ခဲ့သူ ဦးအောင်သိန်းသည်ပင်လျှင် ဦးစိုးသိန်းအတွက် မဲဆွယ်ပေးခဲ့သည်ဟု ဆိုသည်။ စိုင်းလင်းလင်းဦး၏ ဖခင်ဖြစ်သူ ဦးစိုင်းကြီးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ ဘောလခဲမြို့နယ်မှ ဝင်ပြိုင်ခဲ့သူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းများ ထွက်ပြီးနောက် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းမပြုရန် ဦးစိုးသိန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဆိုသူက လာရောက်ကမ်းလှမ်းခဲ့သည်ဟု ဦးစိုင်းကြီးက ပြောသည်။

“ဘာအကူအညီလိုတုန်း၊ ဝင်မပြိုင်ရင်ကောင်းတာပေါ့။ ဦးစိုးသိန်းက ဒုသမ္မတအထိ ရည်မှန်းထားတယ်။ ဒုသမ္မတဖြစ်တော့ ကယားပြည်နယ်အတွက် လုပ်ပေးနိုင်တာပေါ့။ ဘာလိုအပ်လဲပေါ့နော်၊ ဘာရချင်လဲ အဲ့ပုံစံမျိုးပေါ့။ ကျွန်တော်တို့လည်း ဘာမှမပြောဘူး။ ပြိုင်စရာရှိတာ ပြိုင်မယ်လို့ပဲပြောတယ်” ဟု ထိုစဉ်က ကမ်းလှမ်းခံခဲ့ရပုံနှင့် ပတ်သက်၍ ဦးစိုင်းကြီးက ပြောပြသည်။ 

ဦးစိုးသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလမတိုင်မီကပင် သူ၏မဲဆန္ဒနယ်ရှိ ရွာတိုင်းတွင် Sky Net စက်များတပ်ဆင်ပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း၊ လမ်းဖောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။  

ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်တွင် နေထိုင်သူ ဦးမောင်ဝင်း၏အဆိုအရ ဦးစိုးသိန်းသည် ရွာဘုန်းကြီးကျောင်းများအတွက် တစ်ကျောင်းလျှင် Surf အမျိုးအစား ကားတစ်စီးနှုန်း လှူဒါန်းခဲ့သည်ဟု သိရသည်။  

ထို့ပြင် မဲရုံစောင့် ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့ပေးခြင်းများလည်း ရှိခဲ့ပြီး  ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို (Silent Day) တွင် ဦးစိုးသိန်းသည် ၎င်း၏ကိုယ်စားလှယ်များကို စေလွှတ်ကာ တစ်အိမ်ငွေကျပ်တစ်သိန်းနှုန်းဖြင့် စည်းရုံးခဲ့ခြင်းများလည်း ရှိခဲ့သည်ဟု ဆိုသည်။ 

ဦးစိုးသိန်း၏ အလှူအတန်းရက်ရောမှုနှင့် အပေးအကမ်းများအကြောင်း ဘောလခဲတွင် မသိသူမရှိသလောက်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ 

“အဲဒီတုန်းက သူက ပြည်ထောင်စုဝန်ကြီးဆိုတော့ လုပ်ပိုင်ခွင့်အာဏာကို ပုံအောပြီးတော့ သုံးခဲ့တာပေါ့” ဟု ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဦးစိုးသိန်းနှင့် အဓိကပြိုင်ရမည့် စိုင်းလင်းလင်းဦးက ပြောသည်။ 
 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading