လွှတ်တော်အရပ်ရပ်တွင် ကရင်ပါတီများ၏ ကိုယ်စားပြုမှုသည် နိုင်ငံရေးအင်အားစုများကြား နားလည်ယုံကြည်မှု ပိုမိုရှိလာအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်
နိုဝင်ဘာတွင် ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပါတီများကို တခဲနက်မဲပေးရန် အပစ်ရပ်လက်မှတ်ထိုးထားသော အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (အောက်တိုဘာ ၁၅) တွင် တိုက်တွန်းလိုက်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများကို တခဲနက်မဲပေးခြင်းဖြင့် “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား ကိုယ်တိုင်ပါဝင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရယူကြရန်” ဟု KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ဖော်ဆောင်နေသော NCA ကို လက်မှတ်ထိုးထားသည့် အစိုးရနှင့် တပ်မတော်၊ လွှတ်တော်အစုအဖွဲ့တို့သည် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖော်ဆောင်မည်ဟု အာမခံထားသောကြောင့် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်နိုင်ရန် ကရင်ပါတီများကို ထောက်ခံအားပေးရခြင်းဖြစ်သည်ဟု KNU၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုက ကိုယ်ကိုယ်တိုင် တစ်ထောင့်တစ်နေရာမှာ ရှိနေတဲ့ ပလက်ဖောင်းကနေ ပါဝင်နိုင်တဲ့အနေအထား ရှိနေတယ်လို့ မြင်တယ်လေ” ဟု ပဒိုစောတာဒိုမူးက ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်သို့ သွားမည်ဆိုရင် လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲများ အချိတ်အဆက်မိမိ သွားနိုင်ရန် လိုအပ်သည်ဟူသည့် အချက်ကိုလည်း မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု ပဒိုစောတာဒိုမူးက ပြောသည်။


လွှတ်တော်အရပ်ရပ်တွင် စစ်၏အနိဌာရုံများကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့သူများက ပြောဆိုတင်ပြနိုင်သည့် အခွင့်အလမ်းနှင့် အနေအထားများ ရှိသင့်ပြီး ကရင်ပါတီများ၏ ကိုယ်စားပြုမှုသည် နိုင်ငံရေးအင်အားစုများကြား နားလည်ယုံကြည်မှု ပိုမိုရှိလာအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။
“ပြုပြင်ပြောင်းလဲမှုကို သွားတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆိုင်ဘူးဆိုတဲ့ အယူအဆမျိုးထက် ဘုံရည်မှန်းချက်ကို ရှာဖွေလုပ်ဆောင်နိုင်မယ့် လမ်းကြောင်းကို ရှာပြီးလုပ်ဆောင်သင့်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။
တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုအနက် ကရင်နိုင်ငံရေးပါတီ ၄ ခု ပါဝင်သည်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့သည် ကရင်ပြည်နယ်တွင် အခြေစိုက်ပြီး ကရင်အမျိုးသားပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှာမူ ရန်ကုန်တိုင်းတွင် အခြေစိုက်သည်။
ကရင်နိုင်ငံရေးပါတီများအပေါ် KNU ၏ ဝန်းရံထောက်ခံမှုကို ကြိုဆိုသော်လည်း အဆိုပါထုတ်ပြန်ချက်အပေါ်၌ သာယာမနေဘဲ ရွေးကောက်ပွဲအောင်နိုင်ရေး အာရုံစိုက်လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက Myanmar Now ကို ပြောသည်။
"အရင်တုန်းက ကြံ့ခိုင်ရေး (USDP) ကို တပ်က မသိမသာ ထောက်ခံပေးသလိုမျိုးပဲ ဒီလိုထောက်ခံပေးတာကို အထွေအထူးသုံးသပ်စရာ မရှိဘူးလေ။ ဒါကိုတော့ ဝမ်းသာတယ်။ ဝမ်းမြောက်တယ်။ မျှော်လင့်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က သာယာမနေဘူး။ ကျွန်တော်တို့ ကြိုးစားစရာရှိတာ ကြိုးစားမယ်” ဟု မန်းအောင်ပြည်စိုးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်ပွဲခံခဲ့သော ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားပါတီများ ပေါင်းစည်းခဲ့ကြရာတွင် ကရင်နိုင်ငံရေးပါတီများလည်း ပါဝင်ခဲ့သည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်းအခြေစိုက်သော ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာတွင် ပါတီမှတ်ပုံတင်ခဲ့သည်။ ယင်းပါတီတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ကူးပြောင်းသွားသူအချို့လည်း ပါဝင်သည်။
လက်ရှိကရင်ပါတီများအနက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတစ်ခုတည်းသာ ကရင်ပြည်နယ် မဲဆန္ဒနယ် ၂၉ ခု တွင် အများဆုံးယှဉ်ပြိုင်ထားပြီး ကျန်သုံးပါတီမှာ ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
မဲဆန္ဒနယ် ၇၄ ခုဖြင့် အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်သူ့ပါတီသည်ပင် ကရင်ပြည်နယ်တွင် ၅ နေရာသာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ကျန်မဲဆန္ဒနယ်များမှာ ဧရာဝတီတိုင်းတွင် အများဆုံး ဖြစ်သည်။
ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှာမူ ကရင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ နေရာ၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်နေရာ စုစုပေါင်း ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့အပြင် ရန်ကုန်အခြေစိုက် ကရင်အမျိုးသားပါတီသည် ဧရာဝတီတိုင်းတွင် ၈ နေရာ၊ ရန်ကုန်တွင် ၁ နေရာ၊ ပဲခူးတိုင်းတွင် ၁ နေရာ၊ ကယားပြည်နယ်တွင် ၃ နေရာ စုစုပေါင်း ၁၃ နေရာ ယှဉ်ပြိုင်ထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားနိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း သံတောင်ကြီး မဲဆန္ဒနယ် (၂) တွင် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်တဦးသာ အနိုင်ရခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










