နှင်းဆီပါတီဥက္ကဋ္ဌ တရုတ်နိုင်ငံဘက်မှ ၁၆ ဘီလျံကျော် တရားမဝင်ငွေလွှဲ‌ပြောင်းရယူခဲ့

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ကျပ်ငွေ ၁၆ ဘီလျံကျော်ကို တရုတ်နိုင်ငံဖက်မှ တရားမဝင်ရယူခဲ့ပြီး ထိုအမှုသည် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ပေးလို့ရသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေကြောင်း သိရှိရသည်

ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဆက်စပ်သည့် ဘဏ်ငွေစာရင်း ၅၉ ခုကို အစိုးရက ကနဦးစစ်ဆေးခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံမှတဆင့် ကျပ်ငွေ ၁၆ ဘီလျံကျော်ကို တရားမဝင်လွှဲပြောင်း ရယူခဲ့ပြီး ထိုအမှုသည် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ပေးလို့ရသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနေကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ 

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်နှင့် ကပ်လျက်ရှိသော ရွှေလီ၊ ကျယ်ဂေါင်တရုတ်မြို့များရှိ တရုတ်နိုင်ငံသား အနည်းဆုံးခြောက်ဦးခန့်က ဦးကျော်မြင့်ပိုင် မြန်မာကျော်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ၏ ဘဏ်စာရင်းများဖွင့်လှစ်ထားသော ယူနိုက်တက်အမရာဘဏ် (UAB) နှင့် ဧရာဝတီဘဏ်တို့အား မြန်မာနိုင်ငံတွင်းရှိလူတချို့ကို တစ်ဆင့်ခံပြီး ထိုငွေများကို လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

"ဦးကျော်မြင့်ရဲ့ ဘဏ်ငွေစာရင်းတွေဟာ တရုတ်နိုင်ငံကနေပြီးတော့ တရားမဝင် ဟွန်ဒီနဲ့ ငွေကြေး လွှဲပြောင်းလာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ၁၆ ဒသမ ၃၁၅ ဘီလျံကို တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဟွန်ဒီလုပ်ငန်းပေါ့နော်၊ တရားမဝင်ငွေကြေးလွှဲပြောင်းတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေကနေ အဆင့်ဆင့်လွှဲပြောင်း ပေးပို့ထားတာ တွေ့ရှိရပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။ 

၂၀၁၄ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်မှုကျူးလွန်သည့် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်း ၅၀၀ ငွေဒဏ်နှင့် ပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့သည်။ 

"မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းက ရရှိတဲ့ငွေကြေးများဖြစ်တယ်လို့ ကာယကံရှင် (ဦးကျော်မြင့်) က ထွက်ဆိုပေမယ့် တရားဝင်အထောက်အထား တစ်စုံတစ်ရာ စစ်ဆေးမတွေ့ရပါဘူး" ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ဦးကျော်မြင့်သည် ဗဟိုဘဏ်ခွင့်ပြုချက် လိုင်စင်မရှိဘဲ ကုမ္ပဏီဝန်ထမ်းများကို အတိုးမဲ့၊ ပြင်ပပုဂ္ဂိုလ်များကို အတိုးနှုန်း ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းဖြင့် ၂၀၁၆ မှ ၂၀၂၀ စက်တင်ဘာလအထိ ငွေကျပ် သန်း ၄၀၀၀ ကျော် ချေးငွေထုတ်ချေးခဲ့ပြီး အကျိုးအမြတ်အဖြစ် အတိုးငွေ ကျပ်သန်း ၅၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ဘဏ်တိုးရရှိခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှ ငွေကျပ် ၁၅ ဒသမ ၅၁ ဘီလျံကျော် ရရှိခဲ့သည်ဟု ဆိုသည်။ 

ထိုသို့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၆ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၉ နှင့် ၁၇၁ တို့အရ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်နှင့် ကျပ်သန်း ၅၀၀ ထက်မပိုသော ငွေဒဏ် ချမှတ်ခြင်းခံရမည်ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ဦးကျော်မြင့်သည် ပါတီစည်းရုံးရေးလုပ်ငန်းများအတွက် ၂၀၁၈ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကျပ်ငွေ ၁၃ ဒသမ ၈၉ ဘီလျံကျော် သုံးစွဲခဲ့ပြီး တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့် ပါတီဝင်တစ်ဦးလျှင် ငွေကျပ် ၂ သိန်း ၉ သောင်းမှ ၃ သိန်း ၉ သောင်းအထိ၊ မြို့နယ်အဆင့် တစ်ဦးလျှင် ကျပ် ၁ သိန်း ၉ သောင်းကျပ်နှင့် ရပ်ကျေးအဆင့် ၉ သောင်းကျပ်၊ လွှတ်တော်ကိုယ်စားလှယ် ၇၁၆ ဦးကို တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်း ထောက်ပံ့ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ 

တရားမဝင်ရရှိလာသည့် ငွေကြေးများဖြင့် ပါတီလုပ်ငန်းများကို လုပ်ကိုင်နေခြင်းသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းပြန်ထားသည်ဟုလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ထို့ပြင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအိမ်ခြံမြေပစ္စည်းများကို စစ်ဆေးရာတွင်လည်း လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသည်များ တွေ့ရှိခဲ့ရပြီး ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ International City ဟိုတယ်ကို ငွေကျပ် သိန်းတစ်သောင်းကျော်ဖြင့် ဝယ်ယူခဲ့ရာတွင် ရောင်းချသူဘက်မှ အခွန်ပေးဆောင်မှုမရှိသဖြင့် အခွန်စည်းကြပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ 

ထို့ပြင် မှော်ဘီမြို့နယ် ရင်းတိုက်ပင်ကျေးရွာအုပ်စုရှိ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ၁၆၄ ဧကကျော်ကို ငွေကျပ်သိန်းပေါင်း ရှစ်သောင်းရှစ်ထောင်ကျော်ဖြင့် ဝယ်ယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အခြားမြေသုံးစွဲခွင့် လျှောက်ထားရယူခဲ့ခြင်းမရှိဘဲ အပန်းခြေစခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင်ထားကြောင်း၊ နေပြည်တော်တွင် ပါတီဌာနချုပ် ဖွင့်လှစ်ထားသည့် မြေ ၆ ဒသမ ၉ ဧကပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားထားသော်လည်း လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ခြင်းမရှိကြောင်း ဦးဇော်ဌေးက ရှင်းလင်းတင်ပြခဲ့သည်။  

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် မြန်မာနိုင်ငံ ပြန်ဝင်လာခြင်းနှင့်ပတ်သက်၍လည်း ဦးဇော်ဌေးက "ကာယကံရှင်ကို စိစစ်တယ်။ သူ့ရဲ့ထွက်ဆိုချက်ပေါ့နော်။ ထွက်ဆိုချက်က ၁၉၉၉ ဇန်နဝါရီမှာ မန္တလေးပြည်သူ့ဆေးရုံကြီး အချုပ်ကနေပြီးတော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ တစ်လနေထိုင်တယ်။ အဲ့ကနေ နော်ဝေ အော်စလိုမှာ သုံးလလောက်နေတယ်။ အဲ့ကနေပြီးတော့ နိုင်ငံရေခိုလှုံခွင့်နဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီကို ရောက်တယ်။ အဲ့တော့ ၂၀၁၂အထိ ကနေဒါနိုင်ငံ၊ ဘန်ကူးဘားမှာ နေထိုင်တယ်။ ပြီးရင် ၂၀၁၂မှာ တရုတ်နိုင်ငံကို ရောက်တယ်။ ၂၀၁၃မှာ တရုတ်ကနေပြီးတော့ မြန်မာနိုင်ငံကို ခိုးဝင်လာတယ်" ဟု ပြောသည်။ 

ဦးကျော်မြင့်၏ မှတ်ပုံတင်နှင့် ပတ်သက်၍လည်း "သူက တရားဝင်မှတ်ပုံတင်ရထားတာ၊ ဟိုးအရင်တုန်းက ထောက်လှမ်းရေးထောက်ခံချက်နဲ့ ထုတ်ပေးထားတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။ ထုတ်ပေးထားတော့ တရားဝင်မှတ်ပုံတင်ရနေတဲ့ သဘောဖြစ်နေတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

လားရှိုးမြို့အတွက် သတ်မှတ်မှတ်ပုံတင်အမှတ် ၁၃/လရန ဖြင့်စသော မှတ်ပုံတင်ကိုင်ဆောင်ထားသူ ဦးကျော်မြင့်သည် လူမျိုးနေရာတွင် ကချင်၊ ကိုးကန့်ဟု ဖော်ပြထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

"လဝက က နိုင်ငံသားစိစစ်ရေးကတ်ဒ်ပြားတစ်ခု ရှိတယ်ဗျာ။ နာမည်တော့ မပြောတော့ဘူး။ အဲ့ဒါက ဦးကျော်မြင့်နာမည်နဲ့ နေရပ်လိပ်စာက လားရှိုးလိပ်စာနဲ့ပါ။ နောက်ထပ် မှတ်ပုံတင်ကတ်ဒ်ပြားတစ်ခုက ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်နံပါတ်မှားတဲ့ကိစ္စ အဲ့ဒီမှတ်ပုံတင်ကို ပြန်စိစစ်လိုက်တော့ ဦးကျော်မြင့်နာမည်နဲ့ မဟုတ်ဘူး။ အဲ့ဒါက ကွတ်ခိုင်က လူတစ်ယောက်ရဲ့ မှတ်ပုံတင်ဖြစ်နေတယ်" ဟုလည်း ဦးဇော်ဌေးက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ ကနဦးစစ်ဆေးတွေ့ရှိများသာဖြစ်ပြီး ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် ထပ်မံတွေ့ရှိနိုင်သည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ 

"စိစစ်ချက်တွေ လတ်တလောမပြီးသေးဘူး။ ကော်မရှင်က ရွေးကောက်ပွဲနီးကပ်နေတဲ့အတွက် စိစစ်ရသမျှကို ပို့နေတယ်။ ကျန်တာတွေကတော့ ပိုင်ဆိုင်မှုက ဒီလောက်ရှိပေမယ့် ဒီထက်လည်း ပိုနိုင်တယ်။ တရားမဝင်ငွေကြေးတွေ၊ ငွေမည်းတွေဝင်လာတဲ့ဟာကလည်း ဒီထက်ပိုနိုင်တယ်။ ကျွန်တော်တို့ ထပ်ဖော်ထုတ်နေတယ်" ဟု ၎င်းက ပြောသည်။ 

လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောသည်။ 

ထို့အပြင် စစ်ဆေးတွေ့ရှိချက်များကို သမ္မတရုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ ပေးပို့ထားပြီး ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့်ပတ်သက်၍ ကော်မရှင်က ဆက်လက်ဆောင်ရွက်ရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

လက်ရှိတွင် ဦးကျော်မြင့် ဥက္ကဋ္ဌလုပ်နေသည့် နှင်းဆီပါတီ၏ ရငွေသုံးငွေများ လာရောက်အစစ်ဆေးခံရန် UEC က အောက်တိုဘာ ၁၄ရက်တွင် ဆင့်ခေါ်ခဲ့သော်လည်း ပါတီဘက်က လာရောက်ဖြေရှင်းခြင်းမရှိသေးသလို မည်သို့ အရေးယူဆောင်ရွက်ရန်ရှိသည်ကိုလည်း UECထံမှ သိရခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading