သဘာဝပတ်ဝန်းကျင်ရဲ့ မျှခြေကို ယုံကြည်သက်ဝင်ခဲ့တဲ့ ပန်းချီဆရာတင်အောင်မြင့်

တာအိုဝါဒကိုလက်ခံသူ၊ သဘာဝပတ်ဝန်းကျင်ကို အလွန်တန်ဖိုးထားသူ ပန်းချီဆရာတင်အောင်မြင့်သည် ယနေ့တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါသည်။

သမိုင်းလမ်းဆုံအနီး၊ City Mart ဘေးလမ်းထဲဝင်၊ လမ်းလယ်ဓမ္မာရုံလေးကိုကျော်လိုက်တော့ ဝဲဘက်ရှိ ခြံတခြံထဲမှာ ပန်းချီတင်အောင်မြင့်နေထိုင်တဲ့ ဂိုဒေါင်သဖွယ် အဆောက်အဦးတခုကို တွေ့ရတယ်။ အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ပန်းချီဆေးနံ့တချို့ ရလိုက်သလို အခန်းနံရံမှာ မှီထောင်ထားတဲ့ Non-representative Paintings ခေါ် Abstract ပန်းချီကား (သို့) ဒြပ်မဲ့ ပန်းချီကားအတော်များများကို တွေ့ရတယ်။

ပြီးတော့ ရေဆေးပန်းချီကား အကြည်လေးတွေလည်း အများအပြား၊ Cubism ပန်းချီကားအနည်းငယ်နဲ့ Surrealism နွယ်တဲ့ ပန်းချီကားတချို့လည်း တွေ့လိုက်ရပါတယ်။

အဲဒီ Abstract ပန်းချီကားတွေထဲမှာ ခင်ဗျား သိပ်ပြီး စိတ်ကျေနပ်မှုရနေတဲ့ ပန်းချီကားက ဟောဒီ အဝါရောင်နောက်ခံ ပန်းချီကားရယ်၊ နောက်ပြီး ဒီ အနက်ရောင်ပန်းချီကားပဲလို့ ကျနော် ထင်တယ်ဗျ။ ကျန်တဲ့ ကားတွေတော့ ခင်ဗျား စိတ်ကျေနပ်မှု ဘယ်လိုလဲဆိုတာတော့ ကျနော် သိပ်မသိဘူး၊ ကြည့်သူ ကျနော့်အနေနဲ့ကို အားမရသလို ခံစားရတယ်လို့ ဝေဖန်လိုက်တော့ သူ့စိတ်အလျဉ်အတိုင်း နေထိုင်တတ်သူ ပန်းချီတင်အောင်မြင့်က ဘာမှ မပြောဘဲ ပြုံးနေပါတယ်။

ခဏနေတော့မှ သူက - “ကျနော့် ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ဒီလို ပြောသူ၊ ဒီလိုမြင်သူ မရှိသေးဘူး။ သူတို့ကြိုက်ရင် ဝယ်သွား၊ ယူသွားကြတာ များတယ်။ အစ်ကိုပြောမှ ကျနော့်ကိုယ်ကျနော် ပြန်ကြည့်မိတယ်။ ကျနော်က စိတ်ပါမှ ပန်းချီရေးတယ်၊ သီချင်းရေးတယ်၊ ဗိသုကာပုံတွေ ဖန်တီးတယ်။ ပြီးတော့ ကဗျာလေးတွေ၊ ဝတ္ထုတိုလေးတွေ ရေးတယ်ပေါ့ဗျာ။ အစ်ကို အခုလို ပြောတော့မှကျနော် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသွားတယ်။ ကျနော်က ပျော်နေမှပဲ အလုပ်လုပ်တယ်၊ ပျော်နေမှပဲ အလုပ်လုပ်လို့ရတယ်ဆိုတာ ပြန်တွေ့သွားတယ်လို့ တင်အောင်မြင့်က ဆိုပါတယ်။

ရုတ်တရက်သာ သူ့ကို တွေ့လိုက်ရသူတွေဆိုရင် သူဟာ ခင်မင်နှစ်လိုဖွယ်တဦးလို့ ဘယ်လိုမှ မမြင်နိုင်ပါ။ သို့ပေမယ့် သူဟာ ခင်မင်နှစ်လိုဖွယ် ကောင်းသူတဦးပါ။ ဘာဖြစ်လို့လဲဆိုတော့ စကားပြောရာမှာပဲဖြစ်ဖြစ်၊ သူ့ခံစားချက်ကို ဖွင့်ထုတ် သွန်ချရာမှာပဲဖြစ်ဖြစ် သူဟာ အားပါးတရ ပြောဆိုတတ်၊ ပြုမူတတ်တာကို သူနဲ့ တွေ့ဆုံခဲ့တဲ့ မိနစ်ပိုင်းအတွင်း လေ့လာသိရှိလိုက်ရသလို သူ့စိတ်ခံစားမှုကိုလည်း လျှပ်တပြက်သိမြင် ခံစားလိုက်ရတာကြောင့်ပါ။

ကျနော် ကြောက်တာ တခုရှိတယ်။ အဲဒါက တခုခုကို စိတ်ကျေနပ်မှုမရှိဘဲ လုပ်ဖြစ်နေတာမျိုး၊ ဖန်တီးနေတာမျိုးပဲ။ ကျနော့်အတွက် အခက်အခဲတွေက တခုခုလုပ်နေချိန်မှာ ကျန်တာတွေ အားလုံး မေ့သွားတာပဲ။ ထည့်သွင်း မစဉ်းစားမိတော့တာပဲ။ ကျနော့် စိတ်ကျေနပ်မှုနဲ့ ကျနော် ကျေနပ်အားရ ဖြစ်သွားမှပဲ အဲဒီအလုပ်တခုက ပြီးမြောက်သွားတာ…” လို့ တင်အောင်မြင့်က သူ့အနုပညာ ဖန်တီးမှုအပေါ် သူ့ရဲ့ ခံစားမှုကို ပြောပါတယ်။

ပြီးတော့သူကအစ်ကို ပြောသလိုကျနော် စိတ်ကျေနပ်မှုရတဲ့ ပန်းချီကားတွေက ကြိုက်နှစ်သက်သူ၊ ဝယ်ယူလိုသူ ပိုများတာတွေ့ရတယ်။ ကျနော် စိတ်ကျေနပ်မှု နည်းနေတဲ့ ပန်းချီကားတွေဆို အဲဒီကားတွေကို ပြန်ကြည့်ရတာကိုက စိတ်မပျော်ဘူး၊ ငြီးငွေ့သလိုတောင် ဖြစ်တယ်ဗျ။ ငြီးငွေ့စေမယ့် ကားတွေ မရေးဆွဲ မဖန်တီးချင်ဘူးလို့လည်း သူက ပြောပြတယ်။

တကယ်တော့ ပန်းချီ၊ ပန်းပုပဲ၊ ဖြစ်ဖြစ်တခြား ဘယ်အနုပညာ ဖန်တီးမှုတွေမှာပဲဖြစ်ဖြစ် အနုပညာဖန်တီးမှုဆိုတာ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ပုံဖော်ထင်ဟပ် တင်ပြတာ ဖြစ်တယ်။ တင်အောင်မြင့်ဟာလည်း သူ့စိတ်ခံစားမှုကို သူ သိမြင် တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုနဲ့ ပုံဖော်ထင်ဟပ် တင်ပြတာ တွေ့ရတယ်။ သို့ပေမယ့် အများစုသော ပန်းချီဆရာတွေလို သူများအကြိုက်(သို့မဟုတ်) ကြည့်ရှုသူအကြိုက်၊ ဝယ်ယူသူအကြိုက် ရေးဆွဲနေသူတွေလို ရေးဆွဲတင်ပြတာမျိုး မဟုတ်တာလည်း သတိပြုမိပါတယ်။

တာအိုဝါဒကို လက်ခံသူ

ကျနော်က Minimalism ကို ပန်းချီထဲမှာရော ဘဝထဲထိပါ လက်ခံကျင့်သုံးပါတယ်။ တကယ်က Taoism ကို နှစ်သက်လက်ခံတာပါ။ ကျနော် နှစ်သက်ရတဲ့ အကြောင်းအရင်းနဲ့ အဲဒီ philosophy ကို စိတ်ဝင်စားတာကဘဝမှာ ပိုလျှံခြင်းကို အရမ်းမုန်းပါတယ်။ ချို့ငဲ့ခြင်းနဲ့ ထပ်တူထပ်မျှ မုန်းတယ်ဗျလို့လည်း သူက ပြောပြတယ်။

လူ့ဘဝ လူ့တာဝန်မှာ သဘာဝတရားနဲ့ လူနဲ့အကြား သဟဇာတဖြစ်တဲ့ မျှခြေကို ရှာဖွေနေထိုင်ဖို့ဟာ အရေးအကြီးဆုံးလို့ ခံယူကျင့်သုံးသူ တင်အောင်မြင့်မှာ အဝတ် ၁၀ စုံ မပြည့်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် အပိုများလာရင် စိတ်အလွန် မချမ်းမသာဖြစ်ရသူ၊ environmentalist တယောက်လို့လည်း သူ့ကို ပြောရမှာပါ။

ပန်းချီတင်အောင်မြင့်ရဲ့ မျက်မှောက်ခေတ် လူသားဖြစ်တည်မှုနဲ့ သဘာ၀၀န်းကျင်အပေါ် အမြင်က ဒီလိုပါ။

လူသားကိုယ်တိုင်က အနုပညာ၊ ဘဝဟာ အနုပညာ၊ သဘာဝလောကကြီးဟာ အနုပညာ၊ စကြဝဠာကြီးကိုယ်နှိုက်က အနုပညာနဲ့တည်နေတယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ အနုပညာမဲ့တဲ့ ပေါင်းစည်းမှုတိုင်းဟာ ဟန်ချက်မညီလို့ ရေရှည်မတည်တံ့ဘူးလို့ ခံယူတယ်။ မျက်မှောက်ခေတ် လူနေမှုကို အရမ်းမုန်းပါတယ်။ အနုပညာ ဟန်ချက်ပျက်ယွင်းပြီး မျှခြေ မခိုင်တော့တဲ့ ခေတ်လို့ မြင်ပါတယ်လို့ သူက ပြောပါတယ်။

သဘာ၀ပတ်ဝန်းကျင် ထိခိုက်နေတာနဲ့ ဆက်စပ်ပြီး သူပြောပြတာကပန်းချီကားတကားရဲ့ အစိတ်အပိုင်းလေးတခုဟာ သူ့ချည်း ကွက်ကွက်လေး ပြီးပြည့်စုံအောင် ကောင်းနေရုံနဲ့ ပန်းချီကားတချပ်လုံး အနုပညာမြောက် ဖြစ်မလာပါဘူး။ အစိတ်ပိုင်းတိုင်း ဟန်ချက်ညီစွာ မျှခြေ တည်ဆောက်နိုင်မှသာ အနုပညာမြောက် ဖြစ်လာတာပါ။ မျက်မှောက်ခေတ် လူသားတွေရဲ့ အခြေအနေက သူ့ချည်းကွက်ပြီး အရမ်းကောင်းလာပေမယ့် အဲလို ချွန်ထွက်ပြီး ကောင်းလွန်းနေတာကိုက သဘာဝလောကကြီးရဲ့ အလွန်အနုပညာမြောက်တဲ့ ဟန်ချက်ညီမှု မျှခြေကို ဖျက်ဆီးပစ်ရာရောက်နေပါတယ်လို့လည်း သူ့ရဲ့ စိုးရိမ်မှုကို ပြောပြတယ်။

ပန်းချီ တင်အောင်မြင့်ကို အဖ ဦးကျော်မြင့် အမိ ဒေါ်မြင့်မြင့်သိန်းတို့က ၁၉၇၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ ရန်ကုန်မြို့ လသာမြို့နယ်မှာ မွေးဖွားပါတယ်။ သူ့ရဲ့ အစ်မနဲ့ ညီမတို့ကလည်း လက်ရှိမှာ ဆရာဝန်တွေဖြစ်ကြပြီး အမေဖြစ်သူက အစ်မဖြစ်သူနဲ့အတူ မကွေးမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

စက်မှုတက္ကသိုလ်ကျောင်းသား ဘဝ

စက်မှုတက္ကသိုလ် (RIT) ကျောင်းသားတဦးဖြစ်ခဲ့တဲ့ တင်အောင်မြင့်ဟာ ပန်းချီဆရာဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အာရ်အိုင်တီအမှတ်မီတာနဲ့ ၁၉၉၅ ခုနှစ် စတက်ဖြစ်သွားရာကနေ ပုံဆိုးပန်းဆိုးပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့တာကြောင့် ထောင်ကျခဲ့ရတဲ့ အကြောင်းကို အခုလို ပြောပြတယ်။

အဲဒါနဲ့ ပက်သက်ပြီး ၉၆ အရေးအခင်းဖြစ်ပြီး ကျောင်းပိတ်သွားတယ် ဆိုပါတော့။ ကျောင်းဖွင့်တာ လပဲ ရှိသေးတယ်။ နှစ် နဲ့ လလောက်ကြာတော့ ကျောင်းပြန်ဖွင့်တယ်။ ရက်ပဲ ပြန်ဖွင့်ပြီး စာမေးပွဲ အဖြေခိုင်းတယ်။ အဲဒါဟာ ပညာရေးအနေနဲ့ မဖြစ်သင့်ဘူးဆိုတာ ဝန်ကြီးဦးသောင်းကို ကျောင်းသားတွေစုပြီး လက်မှတ်ထိုးတင်ပြတယ်။ ဝန်ကြီးက စာသင်ရက် ပြန်တိုးပေးဖို့ လက်မခံဘူး။ ဒါနဲ့ပဲ အခြေအမြစ်မရှိတဲ့ ပုံဆိုးပန်းဆိုးပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့တယ်။ စာမေးပွဲဖြေတော့ ဦးဆောင်ပါဝင်သူ ၂၅ ယောက် GTI မှာ ခွဲဖြေရတယ်။ ဆန္ဒပြပွဲပြီးလို့ လအကြာမှာ ကျနော့်ကို လာဖမ်းတယ်။ ဖမ်းလို့ မမိတာနဲ့ ကျနော့်အဖေကို ဖမ်းသွားပြီး လူစားပြန်လဲဖို့ ဖုန်းနံပါတ်ပေးခဲ့တယ်။ ၉၈ နိဝင်ဘာ ရက်နေ့မှာ အဖမ်းခံရတယ်။ နှစ်ချတယ်။ ထောင်ထဲမှာ နှစ် လကျော် ကြာတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၂၈ မှာ ပြန်လွတ်လာတယ်

ထောင်ထဲမှာ ဗိသုကာဆိုင်ရာတွေ နှစ်ကြာ စဉ်းစားလေ့ကျင့်တယ်။ တော်တော်ကြာ သီချင်းရေးတယ်။ အင်္ဂလိပ်စာ ကို နှစ်နီးပါး လေ့လာဖြစ်ခဲ့တယ်။ အဘိဓာန်ကို အက္ခရာစဉ်အလိုက် အလွတ်ကျက်မှတ်တာတွေတောင် ရှိခဲ့တယ်

ကိုတင်အောင်မြင့်ရဲ့ ဗိသုကာလေ့လာမှုနဲ့ ဗိသုကာ လက်ရာတွေအကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဗိသုကာကို အစပိုင်းမှာ ကိုယ်တိုင်စာဖတ်ပြီး လက်တွေ့လေ့ကျင့်ခဲ့ပါတယ်။ ထောင်က လွတ်ပြီးနောက်မှာ ဆရာရွှေဆီမှာ သင်ယူရင်း သူ့လက်အောက်မှာ ဝင်လုပ်ခဲ့ဖူးတယ်။ Miesvander, Kahn, Tange, Frank Lloyd Wright, Alva Alto တို့ကို အရမ်းအားကျတယ်။ Modern architecture ကို အလေးအနက်ယုံကြည်တယ်။ postmodernism မှာ concept ခိုင်မာမှုနဲ့ ပြစရာ အားကောင်းကောင်း လက်ရာမျိုး မရှိဘူး လို့ ခံစားရတယ်။ ဗိသုကာရဲ့ အန္တိမပန်းတိုင်ဟာ space လို့ ယုံကြည်တယ်။ အဲဒီ space ကို structural principle ထဲက စည်းကမ်းတကျ ရှာဖွေတင်ပြနိုင်တာကို ဗိသူကာတယောက်ရဲ့ ဂုဏ်လို့ ယုံကြည်တယ်။ design လုပ်ပေးဖူးတာဆိုလို့ တောင်ဥက္ကလာမှာshelter လေးတခုရယ်၊ ကွမ်းခြံကုန်း မန်းကလိတ်မှာ တည်လက်စ ပုထိုးတဆူရယ်ပဲ ရှိပါတယ်။ ဗိသုကာပညာဆိုတာ အနုပညာမြောက်တဲ့ ဟင်းလင်းခွင် လက်တွေ့ ပုံဖော်ဖမ်းယူတဲ့ အတတ်ပညာလို့ ခံယူပါတယ်

ပန်းချီနဲ့ ဗိသုကာကြား သဘောသဘာ၀အားဖြင့် အတော်ကွားခြားပါတယ်။ အဲဒီကွာခြားတဲ့ အချက်၊ ခြားနားတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပန်းချီတင်အောင်မြင့်က သူ့ရဲ့ အယူအဆကို အခုလို ပြောပါတယ်။

ပန်းချီက မြင်တွေ့ခံစားရအောင် လှုံ့ဆော်တာပါ။ ဗိသုကာကတော့ ကိုယ်တိုင်ပါဝင် ထိတွေ့ခံစားမှုကို ပေးပါတယ်။ ပန်းချီရဲ့ အားသာချက်က လက်တွေ့ပုံဖော်ရာမှာ အချုပ်အနှောင် နည်းတယ်။ ဗိသုကာက အတားအဆီး အချုပ်အနှောင် ပိုများတယ်။ ပန်းချီလက်ရာကောင်းက တမျိုးတည်းပဲ လှနိုင်တယ်။ ဗိသုကာလက်ရာကောင်းက အချိန်ကို လိုက်ပြီး အမျိုးမျိုးလှနိုင်တယ်။ ပန်းချီမှာ functional value ကို ထည့်တွက်ဖို့ မလိုတော့ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ ဗိသုကာမှာတော့ funtional value ကို ထည့်တွက်ရတယ်။ လုပ်ချင်တာ အပြည့်အဝ လုပ်ခွင့်ရမယ် ဆိုရင်တော့ ဗိသုကာကို ပိုကြိုက်တယ်။ ရှင်းအောင်ပြောပြဖို့တော့ အခက်အခဲရှိနေတယ်ဗျ။ Art make you feel while architecture make you experience. (ပန်းချီအနုပညာလက်ရာက သင့်ကို တွေးမြင်ခံစားရစေပြီး ဗိသုကာလက်ရာကတော့ သင့်ကို ထိတွေ့ ခံစားရစေတယ်) လို့ ပြောရမလားမသိ

ပန်းချီတင်အောင်မြင့်က သူငယ်စဉ်က ပန်းပုထုခဲ့တဲ့ အကြောင်းလည်း အခုလို ပြောပြတယ်။

ကျနော် တန်း၊ တန်းလောက်မှာ အပျင်းပြေ မြေဖြူတောင့်နဲ့ ရေအိုးရွက်ထားတဲ့ မိန်းမပျိုလေးပုံ ထုကြည့်ရင်း စလုပ်ဖြစ်တာပါ။ ထုပြီးရင် မြေဖြူပန်းပုလေးကို superglue လောင်းချလိုက်တော့ ဆင်စွယ်ရုပ်လေးလို ဖြစ်သွားရော။ ထောင်ထဲရောက်တော့ အခြေအနေရဲ့ လိုအပ်ချက်အရ သူငယ်ချင်းတွေအတွက် ဘုရားဆင်းတုကို ဆပ်ပြာခဲနဲ့ ဒိုင်ခံထုပေးခဲ့တယ်။ အဲဒီနောက် ဆပ်ပြာအမွှေးတုံးနဲ့ နှင်းဆီပန်းခြင်းလေးတွေ ထုတယ်။ အပြင်ပြန်ရောက်တော့ ရွှံ့ဖြူ လက်ဆောင်ရလို့ နှင်းဆီပန်းဂန္ဓမာပန်းတွေ ထုတယ်။ တခါက အရမ်းကို အာသီသ ပြင်းလာလို့ ပျားဖယောင်းဝယ်ပြီး ကျနော်ရေးတဲ့ ပန်းချီကားကို ပန်းပုပြန်ထုဖြစ်တယ်။ အဲဒီပုံတော့ မရှိတော့ဘူး”

ပန်းချီကားနဲ့ အရက်ကောင်းကောင်း

ပန်းချီကားကောင်းကောင်းကို ရွေးချယ်ရကြသလဲ ဘယ်လို ရွေးချယ်ရမလဲ လို့ ပန်းချီနဲ့ ဆက်စပ် ပတ်သက်သူများကြား မကြာခဏ မေးမြန်းကြ ပြောဆိုကြတဲ့ မေးခွန်းတခုပါ။ ဒီမေးခွန်းကို အလွယ်တကူ ဖြေဖို့၊ ပြောပြဖို့ ခက်ခဲ ရှုပ်ထွေးပါတယ်။ ပန်းချီတင်အောင်မြင့်က ပန်းချီကား ကောင်း/မကောင်း ရွေးဖို့ ကြည့်ဖို့ အခုလို ပြောပြတယ်။

တခါက မိတ်ဆွေ ကဗျာရေးသူတွေနဲ့ စကားဝိုင်းမှာ အမေးခံရဖူးတယ်။ ပန်းချီကား ကောင်းမကောင်း ဘယ်လိုကြည့်ရမလဲတဲ့။ ကျနော်က ပြန်မေးတယ်.. အရက်ကောင်းဟုတ်မဟုတ် ခင်ဗျားတို့ ဘယ်လိုခွဲခြားသိနိုင်လဲလို့။ အရက်ကောင်း များများသောက်ဖူးရင် အရက် ကောင်း/ မကောင်း ခွဲခြမ်းစိတ်ဖြာနေစရာ မလိုဘဲ အလိုလို သိနိုင်သလို ပန်းချီကားကောင်း များများကြည့်ဖူးထားရင် ပန်းချီကား မကောင်းတဲ့အခါ ချက်ချင်းသိနိုင်ပါတယ်လို့ ပြောခဲ့တယ်လို့ သူ့အယူအဆအမြင်ကို ပြောပြတယ်။

ပန်းချီတင်အောင်မြင့်ဟာ ပန်းချီကို ၁၉၉၄ ခုနှစ်က စတင်ရေးဆွဲခဲ့တာ ဖြစ်ပြီး ဆီဆေးကို စတင်လေ့လာခဲ့တာလို့ သိရပါတယ်။ ပန်းချီရေဆေး ဆီဆေး သုံးစွဲ ရေးဆွဲတာကို သူ့ဘာသာသူ လေ့လာရင်း စမ်းသပ်ရင်းနဲ့ ပန်းချီကားတွေ ရေးဆွဲနိုင်လာတာ ဖြစ်ပါတယ်။ သူ အားကျအတုယူ ကူးရေးခဲ့တဲ့ ပန်းချီဆရာတွေထဲမှာတော့ WPM ရမ်းဗြဲတင်ရွှေ၊ Talbot Kelly တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အနုပညာသမားတိုင်းမှာ အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက် ရှိကြသူများ ဖြစ်ပါတယ်။ ကိုယ်ပိုင်ခံယူချက် ယုံကြည်ချက် မရှိသူ အနုပညာရှင်ရယ်လို့ မရှိနိုင်ပါ။ အကယ်၍ ကိုယ်ပိုင်ခံယူချက် ယုံကြည်ချက် မရှိဘဲနဲ့ အနုပညာအလုပ်တွေလုပ်နေသူ၊ အနုပညာရှင်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်သူဟာ အလိမ်အညာသာ ဖြစ်ပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ ခံယူချက် ယုံကြည်ချက်ကို အခုလို ပြောပြတယ်။

ကိုယ်တိုင်ရေးတဲ့ ပန်းချီကားရော သူများရေးတဲ့ ပန်းချီကားတွေနဲ့ ပက်သက်တဲ့ ခံယူချက်တခုရှိပါတယ်။ အဲဒါကတော့ ကျနော် ဘယ်ပန်းချီကားကိုမှ အတင်းလိုက်ကြိုက်ဖို့ မကြိုးစားဘူး။ ဝါဒအမျိုးမျိုးနဲ့ ရေးထားတဲ့ ပန်းချီကားကောင်းတွေ အများကြီး ကြည့်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်အောင် လေ့ကျင့်ပြီးပြီ။ ကျနော့်စိတ်တံခါးမှာ ပိတ်ဆို့ကန့်လန့် ခံနေတာတွေကို ရှင်းထားပြီးပြီ။ သော့ခလောက်တွေ၊ မင်းတုပ်တွေ ဖြုတ်ထားပြီးပြီ။ စိတ်တံခါးကို စေ့ရုံ စေ့ထားတယ်။ တွန်းဖွင့်ပြီး ဝင်လာမယ့် အနုပညာကောင်းတွေကို လက်ခံနှစ်သက်ဖို့ အဆင်သင့်။ တွန်းဖွင့်ပြီး ဝင်မလာနိုင်တဲ့ လက်ရာမျိုးကို ကိုယ်က တံခါးဖွင့်ထွက်ပြီး ရှာဖွေလက်ဆွဲ မခေါ်နိုင်ဘူး။ အနုပညာကောင်းဟာ သူ့ဟာသူ တွန်းဖွင့် ဝင်လာတတ်ပြီးသား။ အနုပညာကို ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီးနှစ်သက်ရတာကို လုံးဝ အယုံအကြည်မရှိဘူး။ တွန်းဝင်မလာနိုင်တဲ့ လက်ရာဆို ကိုယ့်ဟာရော၊ သူများဟာရော အတင်းကြိုက်ဖို့ မကြိုးစားဘူးလို့ ဆိုပါတယ်။

အနုပညာမြောက် လက်ရာဆိုတာ ဘယ်လိုမျိုးလဲ ကိုင်စွဲဖန်တီးတဲ့ အစ်ဇင်တွေနဲ့ရော ဆက်စပ်သလားဒီမေးခွန်းတွေ အနုပညာလောကမှာ အမြဲကြားနေရ၊ မေးနေကြတဲ့ မေးခွန်းပါ။ ပန်းချီတင်အောင်မြင့် ယူဆတာက - “မနေ့တနေ့ကမှ ရေးတဲ့ သူရဲ့ လက်ရာဖြစ်ဖြစ် ကမ္ဘာကျော်တယောက်ရဲ့ လက်ရာဖြစ်ဖြစ် ကျနော့်အတွက် ဘာမှ မထူးခြားဘူး။ ပီကာဆိုလက်ရာတွေမှာ ကျနော်မကြိုက်တာတွေ အများကြီး။ ဒါလီလည်း အတူတူပဲ။ အနုပညာမှာ ခေတ်မီတာ ခေတ်နောက်ကျတာ မရှိဘူး။ တူအောင်ရေးတာ၊ မတူအောင်ရေးတာ အရေးမကြီးဘူး။ အရုပ်ပါတာ မပါတာနဲ့လည်း မဆိုင်ဘူး။ အနုပညာမြောက်ပြီဆိုရင် ကြည့်သူက သိပ်အားမစိုက်ရဘဲ သူ့အလိုလို ရင်ထဲရောက်လာရော။ အဲလိုအချိန်မှာ Abstract တွေ cubism တွေ realism တွေဆိုတာ တွေးချိန်တောင် မရလိုက်ဘဲ ကြိုက်သွားတာ

အနုပညာသမားတိုင်းဟာ တခြားလူသားတွေလိုပဲ မိမိတို့ ကျင်လည်ဖြတ်သန်းရာ ကာလ၊ ဒေသရဲ့ ရိုက်ခတ်စေစားမှု ပယောဂကို ခံကြရသူတွေ ဖြစ်ပါတယ်။ အဲဒီရိုက်ခတ်စေစားမှုက အနုပညာသမားတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ခံစားရမှုတွေ ဖြစ်စေတဲ့အပြင် စိတ်ခံစားမှုကို အခြေတည် ဖြစ်ပေါ်လာတဲ့ အနုပညာဖန်တီးမှုမှာပါ အပြောင်းအလဲတွေ ဖြစ်ပေါ် ထင်ဟပ်စေတာ တွေ့ရပါတယ်။ ပန်းချီတင်အောင်မြင့်က သူ့ရဲ့ စိတ်ခံစားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြတယ်။

တချိန်က complexity (ခက်ခဲနက်နဲ ရှုပ်ထွေးမှု) က ကျနော့်အတွက် အရမ်း ဆန်းကြယ်ခဲ့ဖူးတယ်။ ကိုးကွယ်ခဲ့ဖူးတယ်။ ခုတော့ simplicity (သဘာဝတရားနဲ့ နီးစပ်တဲ့ ရိုးရှင်းမှု) လောက် ခိုင်မာအားကောင်းတာ ရှာမတွေ့တော့ဘူး။ simplicity ကို ရောက်ဖို့ တည်ငြိမ်ရတယ်၊ သွေးအေးရတယ်၊ အညှာအတာ ကင်းရတယ်၊ အစွဲချွတ်ရတယ်။ အဲဒါထက် ခက်ခဲတာ ဘာမှ မရှိဘူး။ ပြီးပြည့်စုံဖို့ တွေ့ရာကို ဖြည့်ပေါင်းလို့ မရဘူး။ အမှုမဲ့ အမှတ်မဲ့ ရှုပ်ထားမိတဲ့ အမှိုက်တွေကို ရှင်းထုတ်ပစ်မှသာ ရောက်နိုင်တယ်။ အမှိုက်ကင်းသွားပြီးရင် လိုအပ်နေသေးတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာရော၊ အဲဒီအခါ လိုနေတာလေး ဖြည့်လိုက်ရုံပဲ။ ရှုပ်ပွနေတဲ့အစုအပေါင်းတခုမှာ ဘာလိုအပ်နေလဲ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး။ အခုရက်ပိုင်း ခင်ဗျားမေးတာတွေ ဖြေဖို့ကြိုးစားရင်း ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်မိတာလေးတွေပါ

ပြီးတော့ သူက ပန်းချီရေးတဲ့အခါ စိုးရိမ်စိတ်အဖြစ်ဆုံး ခံစားမှုကိုလည်း အခုလို ပြောပြတယ်။

ပန်းချီရေးတိုင်း လိုနေသေးတာကို မကြောက်ဘူး။ အချိန်မရွေး ထပ်ဖြည့်လို့ ရလို့။ ပိုသွားရင် အရမ်းစိတ်တိုတယ်။ ပြန်နုတ်ရတာ ပိုခက်လို့ပါ။ ပန်းချီကားတိုင်းမှာ ပိုနေတဲ့ အမှိုက်တွေ မပါစေချင်သလို ဘဝမှာလည်း ပိုနေတဲ့ အမှိုက်တွေ ရှင်းထုတ်နေရတုန်းပါ

ပန်းချီတင်အောင်မြင့်ဟာ ထရိုဂျန် ကလောင်အမည်နဲ့ လင်းရောင်ခြည်၊ စံပယ်ဖြူမဂ္ဂဇင်းတွေမှာ ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုတိုများ၊ ပင်ကိုယ်ရေးဝတ္ထုတိုများ ရေးခဲ့ဖူးပါတယ်။ စံပယ်ဖြူမှာ ရေးခဲ့တဲ့ ဝတ္ထုတိုခေါင်းစဉ်က ဆေးမြီးတို ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၄၄ နှစ်အရွယ် ပန်းချီဆရာကိုတင်အောင်မြင့်သည် ယနေ့တွင် ရန်ကုန်မြောက်ဥက္ကလာပဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading