မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးနှင့် တစ်ဦးတည်းသော ရွေးကောက်ပွဲဝင် မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း မချောစုလှိုင်သည် ပြည်သူ့လွှတ်တော်နေရာအတွက် မြောက်ဥက္ကလာပမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်

Published on Oct 12, 2020
ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ (UNDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း မချောစုလှိုင်ကို သူ့ပါတီ၏ အခြားကိုယ်စားလှယ်လောင်းများနှင့်အတူ ယနေ့ (အောက်တိုဘာ ၁၂) တွေ့ရစဉ်။ (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 
ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ (UNDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း မချောစုလှိုင်ကို သူ့ပါတီ၏ အခြားကိုယ်စားလှယ်လောင်းများနှင့်အတူ ယနေ့ (အောက်တိုဘာ ၁၂) တွေ့ရစဉ်။ (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 

လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အတွင်း၌ အခြေခံလူတန်းစားများနေထိုင်ရာ အလယ်ရွာဆိုသော ရပ်ကွက်လေးရှိသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလဖြစ်သော်လည်း ထိုရပ်ကွက်လေးသည် စည်ကားလျက်ရှိသည်။ ရပ်ကွက်အတွင်းရှိ 'ချောချော' အမည်ရ အပ်ချုပ်ဆိုင်အတွင်း၌ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် မိန်းမပျိုလေးများ အလုပ်များလျက်ရှိသည်။ 

စက်ချုပ်နေရာမှထကာ အိမ်နံရံများကိုင်လျက် ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့် အိမ်အတွင်းနှင့် စက်ချုပ်ခန်းအတွင်း ဝင်လိုက်ထွက်လိုက် အလုပ်များနေသူမှာ ချောချောအပ်ချုပ်ဆိုင်ပိုင်ရှင် မချောစုလှိုင်ဖြစ်သည်။

အပ်ချုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်လာသည်မှာ ၁၇ နှစ်ကျော်ရှိပြီဖြစ်သည့် မချောစုလှိုင်သည် အပ်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးနေသည့် ဆရာမတစ်ဦးလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် လက်တစ်ဆုပ်စာ မသန်စွမ်းကိုယ်စားလှယ်လောင်များအနက် မချောစုလှိုင်လည်း အပါအဝင်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ မချောစုလှိုင်သည် ပထမဆုံးနှင့် တစ်ဦးတည်းသော မသန်စွမ်းအမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ယောက်လည်းဖြစ်သည်။ မချောစုလှိုင်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ (UNDP) ကိုယ်စားပြုကာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မသန်ပေမဲ့ စွမ်းခဲ့သူ 

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ဇာတိဖြစ်သော မချောစုလှိုင်သည် အသက်တစ်နှစ်ခွဲခန့်တွင် အပြင်းဖျားရာမှ ပိုလီယိုရောဂါဖြစ်ကာ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသည်။ ဆရာဝန်တစ်ဦးဖြစ်ချင်သော အိမ်မက်မှာလည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။ 

သို့သော် မချောစုလှိုင်သည် လွယ်လွယ်ကူကူ အရှုံးပေးတတ်သူ မဟုတ်ပါပေ။ ခဲရာခဲဆစ်ဘဝဖြင့် ပညာဆုံးခန်းတိုင်အောင် ကျားကုတ်ကျားခဲ သင်ယူခဲ့သည်။ 

လမ်းမလျှောက်နိုင်သော မချောစုလှိုင်အတွက် စာသင်ကျောင်းရောက်ရေးက မဟာအခက်အခဲတစ်ခု ဖြစ်သည်။ ဖခင်ဖြစ်သူက ကုန်းပိုးပြီး နေ့စဉ်ကျောင်းလိုက်ပို့ခဲ့ရသည်။ ကျောင်းရောက်သည်နှင့် စာသင်ခုံတွင် တစ်နေ့လုံးထိုင်ရတော့သည်။ ညနေခင်း ဖခင်ဖြစ်သူလာခေါ်ချိန်အထိ အလေးအပင်မျှပင် မသွားနိုင်ဘဲ ပင်ပန်းကြီးစွာ စာသင်ကြားရသည်။ 

မချောစုလှိုင်သည် ပညာကို ကြိုးစားပမ်းစား သင်ယူခဲ့သည့်အလျောက် ထူးချွန်ခဲ့သူလည်းဖြစ်သည်။ မသန်စွမ်းဖြစ်သော်လည်း အလုပ်တစ်ဖက်နှင့် မြန်မာစာဘွဲ့ ရယူနိုင်ခဲ့သည်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်တွင် ဂျပန်အစိုးရအထောက်အပံ့ဖြစ်သော အသက်မွေးဝမ်းသင်တန်းကျောင်းတစ်ခုတွင် အပ်ချုပ်သင်တန်းကို တက်ဖြစ်ခဲ့သည်။ မသန်စွမ်းဖြစ်မှုအပေါ် သိမ်ငယ်စိတ်ဝင်ခဲ့မိသော်လည်း ဘဝတူမသန်စွမ်းများနှင့် ချိတ်ဆက်မိပြီးနောက် ဘဝရှေ့ခရီးအတွက် ယုံကြည်ချက်ခိုင်မာလာခဲ့သည်။ 

"အစက တစ်ကမ္ဘာလုံးမှာ ခြေထောက်မကောင်းတာ မသန်စွမ်းတာ ငါတစ်ယောက်တည်းရှိတာလားပေါ့။ သင်တန်းကျောင်းရောက်တော့မှ ကိုယ့်လိုဘဝတွေ တွေ့ရ၊ ကိုယ့်ထက်ဆိုးတဲ့သူတွေ တွေ့ရတယ်။ ကိုယ့်ထက်ဆိုးတဲ့သူတွေတောင် ကြိုးစားနေကြတာ မြင်ရတော့ ကျွန်မစိတ်ဓာတ်တော်တော် တက်ကြွသွားတယ်" ဟု အသက်မွေးမှုသင်တန်းကျောင်း တက်ရောက်ရင်း ကြုံတွေ့ခဲ့ရပုံကို မချောစုလှိုင်က ပြောပြသည်။ 

သင်တန်းရလဒ်အဖြစ် ၂၀၀၃ ခုနှစ်တွင် ကိုယ်ပိုင်အပ်ချုပ်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုအပ်ချုပ်ဆိုင်ဖြင့်ပင် ယနေ့အချိန်ထိ အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။ ဘဝတူ မသန်စွမ်းများကို ကူညီဖေးမရန် အပ်ချုပ်ပညာကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်။ 

“အရင်က စာတွေတော့ သင်နေတာပဲ၊ ဘွဲ့လည်းရပြီဆိုပေမယ့် လမ်းပျောက်ခဲ့တယ်။ ဘာဆက်လုပ်ရမလဲ မသိခဲ့ဘူး။ နောက်တော့ ငါဘာမှ မလုပ်နိုင်ရင်တောင် ကိုယ့်လိုဘဝတူတွေကို ဖေးမကူညီနိုင်မယ်ဆိုရင်ကို သေပျော်ပါပြီဆိုပြီး စိတ်ဓာတ်ခွန်အားရခဲ့တယ်" ဟု မချောစုလှိုင်က ဆိုသည်။ 

နောက်ပိုင်းတွင် မသန်စွမ်းသူများသာမက အပ်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလိုသူ မည်သည့် မိန်းကလေးများကိုမဆို သင်ကြားပေးခဲ့သည်။ လှိုင်သာသာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသည့် နွမ်းပါးသော မိန်းကလေးများကို အခမဲ့ပင် စက်ချုပ်ပညာသင်ကြားပေးခဲ့သည်။ 

မသန်စွမ်းသူများအရေး တက်ကြွလှုပ်ရှားသူ 

၂၀၁၃ ခုနှစ်တွင် မချောစုလှိုင်သည် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အသင်း တာဝန်ရှိသူတစ်ဦးနှင့် ချိတ်ဆက်မိသည်။ ထိုမှတဆင့် မသန်စွမ်းသူများအတွက် ဖွင့်လှစ်သော Community-based Rehabilitation (ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး) သင်တန်းကို တက်ရောက်ခဲ့သည်။ 

ထိုသင်တန်းမှတဆင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ မသန်စွမ်းအခြေပြုလုပ်ငန်းများနှင့် အသိပညာများကို မချောစုလှိုင် ရရှိခဲ့သည်။ ထိုမှစတင်ကာ မသန်စွမ်းသူများအရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် လက်တွဲပြီး မသန်စွမ်းသူများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

"ခွေးလေးတွေ ကြောင်လေးတွေ မွေးထားသလို မနက်ထမင်းတစ်နပ်စား ညထမင်းတစ်နပ်စားနဲ့ ဘဝကြီး အဆုံးရှုံးခံမှာလားလို့ ကျွန်မတွေးပြီး မသန်စွမ်းလောကထဲ ရောက်လာခဲ့တယ်" ဟု မချောစုလှိုင်က ပြောသည်။ 

၂၀၁၉ ခုနှစ်တွင် မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများစုပေါင်း၍ မသန်စွမ်းကိုယ်စားလှယ်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ အမျိုးသမီးကိုယ်စားလှယ်အဖြစ် မချောစုလှိုင်က ထောက်ခံမဲအများဆုံးဖြင့် ရွေးချယ်ခြင်း ခံခဲ့ရသည်။ 

ယခုအခါ မချောစုလှိုင်သည် ရန်ကုန်တိုင်းမသန်စွမ်းသူများအသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ မသန်စွမ်းသူများ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၌လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

မချောစုလှိုင်သည် ၂၀၁၉ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ (UNCRPD) သဘောတူစာချုပ်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ကာ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့သည်။

ကျား/မ တန်းတူညီမျှရေးနှင့် လိင်စိတ်ခံယူမှု မတူကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရန် သင်တန်းများပို့ချပေးလျက်ရှိသည့်နည်းတူ မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော အသိအမြင်ဖွင့်သင်တန်းများ၊ သားဆက်ခြားကျန်းမာရေး စသည့် ကျန်းမာရေးသင်တန်းများတွင်လည်း ပါဝင်ဆောင်လျက်ရှိသည်။ 

လူနည်းစုများနှင့် ဖယ်ကျဉ်ခံအုပ်စုများ လူ့အခွင့်အရေးတန်းတူရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း မချောစုလှိုင်၏ ကိုယ်စားလှယ်ကြေညာချက်တွင် ဖော်ပြထားသည်။ 

စာရွက်ပေါ်မှာရှိနေသေးသည့် မသန်စွမ်းသူများအခွင့်အရေး 

‌၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်းရှိသည်။ တစ်နိုင်ငံလုံးလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နုန်းမျှရှိသော မသန်စွမ်းသူများအတွက် မသန်စွမ်းသူများအခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ 

သို့သော် မသန်စွမ်းသူများအတွက် ထိုဥပဒေပါ အခွင့်အရေးများရရှိရေးဆိုသည်ကား လက်တွေ့၌ ကွာဟချက် ကြီးမားနေဆဲဖြစ်သည်။ 

"ကျွန်မတို့ မသန်စွမ်းတွေဆိုရင် အစိုးရက ထင်နေတာက ထောက်ပံ့ကြေးပေးပြီးတော့မှ တစ်ခုခုလိုအပ်ရင် ကူညီတယ်ဆိုတဲ့အပိုင်းတွေကိုပဲ၊ ဒါဆိုရင် တာဝန်ကျေပြီလို့ ထင်တာ။ တကယ်တော့ မဟုတ်ဘူး။ တန်းတူအခွင့်အရေးက အဓိကကျတာ။ ကျွန်မတို့က မသန်စွမ်းအခွင့်အရေးကိုပဲ အဓိကသွားချင်တာ" ဟု မချောစုလှိုင်က ပြောသည်။ 

မြန်မာနိုင်ငံရှိ အဆောက်အအုံများ၊ လမ်းများဆောက်လုပ်ရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်းကောင်း မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိသေးသည်ကို မချောစုလှိုင်က ထောက်ပြခြင်းဖြစ်သည်။ 

မသန်စွမ်းတစ်ယောက်အတွက် သွားလေရာတိုင်းတွင် ဘီးတပ်ကုလားထိုင် (Wheel Chair) ကိုသာ အားကိုးအားထားပြုနေရပြီး ပုံမှန်ထက် သွားလာစရိတ် ပိုကုန်ကျကြောင်းလည်း မချောစုလှိုင်က ပြောသည်။ 

"အစ်မတို့ မသန်စွမ်းတွေက ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်ပါဘူး။ ဒါပေမဲ့ အရွေ့တစ်ခုကို ရောက်ချင်လွန်းလို့ အရင်းအနှီးတစ်ခုလိုပဲ သဘောထားပါတယ်" ဟု သူက ဆိုသည်။ 

ငယ်စဉ်ကပင် မသန်စွမ်းဖြစ်ခဲ့သူ မချောစုလှိုင်သည် တက္ကသိုလ်ပထမနှစ်တက်ရောက်စဉ်တွင် ဘီးတပ်ကုလားထိုင်ကို စတင်အသုံးပြုခဲ့သည်ဟု ဆိုသည်။ "စသုံးတုန်းက အစ်မဆို တွန်းနည်းမသိတော့ ခဏခဏ ပြုတ်ကျတယ်" ဟု စအသုံးပြုစဉ်က အတွေ့အကြုံကို မချောစုလှိုင်က ပြောပြသည်။ 

မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မပြုရဟု ဥပဒေက ဆိုထားသော်လည်း မသန်စွမ်းဖြစ်ပါက အလုပ်ရှင်များက ငြင်းပယ်တတ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနေသည်။ မသန်စွမ်းသူများ မတရားမှုတစ်ခုခု ခံရပါက တရားစွဲဆိုသည့်အဆင့်ဆင့်တွင် စိန်ခေါ်မှုများရှိနေသည်ဟု မချောစုလှိုင်က ဆိုသည်။ 

မသန်စွမ်းအရေးဟုဆိုပါက လူမှုရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုသာ မြင်ကြပြီး ရပိုင်ခွင့်တစ်ရပ်အနေဖြင့် ရရှိမှုနည်းသေးသည်ဟု မသန်စွမ်းသူများဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူများက ပြောသည်။  

ကဏ္ဍပေါင်းစုံတွင် မသန်စွမ်းသူများ ပါဝင်လာနိုင်ရေးအတွက် မသန်စွမ်းအရေးကို နိုင်ငံရေးခေါင်းစဉ်အောက်ရွှေ့ပြီး လုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အတိုင်ပင်ခံအရာရှိ ဦးနေလင်းစိုးက ပြောသည်။ 

"မသန်စွမ်းတွေကိုယ်တိုင်ကလည်း နိုင်ငံရေးမှာ ပိုပြီးစိတ်ဝင်စားလာဖို့ လိုတယ်။ တစ်ဖက်ကလည်း မသန်စွမ်းတွေရဲ့ အရေးကိစ္စကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးရပ်ဝန်းကလူတွေ ပိုပြီးအလေးထား ဆောင်ရွက်ဖို့လိုပါတယ်" ဟု ဦးနေလင်းစိုးက ပြောသည်။ 

မသန်စွမ်းများကို နိုင်ငံရေးဖြစ်စဉ်တွင် မပါဝင်နိုင်အောင် ကန့်သတ်ထားခြင်းမရှိသော်လည်း ထိုသို့ မကန့်သတ်ထားရုံမျှဖြင့် မလုံလောက်ဟု ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။ 

"ဖွဲ့စည်းပုံအခြေခံဥပဒေအရ‌ရော ရွေးကောက်ပွဲဥပဒေအရပါ ကန့်သတ်ထားခြင်းမျိုး မရှိပေမဲ့ ပါဝင်လာနိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးဖို့လိုပါတယ်" ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများစွာ ရှိနေဆဲပင်ဖြစ်သည်။ 

"မသန်းစွမ်းတစ်ယောက် ပညာသင်ကြားဖို့ အခွင့်အရေးဆိုတာ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ ပညာတတ်မသန်စွမ်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ မိဘတွေမှာလည်း အရမ်းကိုပင်ပန်းသလို မသန်စွမ်းဘက်ကလည်း ကြိုးစားရတာ တအားပင်ပန်းပါတယ်။ သာမန်ကလေးတစ်ယောက် ကျောင်းတက်ရတာနဲ့ မတူဘူးပေါ့နော်" ဟု VOA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် မချောစုလှိုင်က ပြောကြားထားသည်။ 

တစ်ဦးတည်းသော မသန်စွမ်းအမျိုးသမီးကိုယ်စားလှယ်လောင်း 

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်ပေါင်း တစ်သောင်းနီးပါး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထောင်နှင့်ချီသော ထိုကိုယ်စားလှယ်လောင်းများအနက် မသန်စွမ်းကိုယ်စားလှယ်လောင်း ၃ ဦးရှိပြီး မချောစုလှိုင်က တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းကိုယ်စားလှယ်လောင်းနှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ ဦးစောသူရအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ 

အရပ်ဘက်အဖွဲ့အစည်းများက မသန်စွမ်းသူများအခွင့်အရေး တောင်းဆိုနေခြင်းထက် လွှတ်တော်တွင်းမှနေ၍ တိုက်ရိုက်ဆောင်ရွက်ခြင်းက ပို၍အလုပ်ဖြစ်မဉ်ဟု ယုံကြည်လျက် မသန်စွမ်းသူများအရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မချောစုလှိုင်က ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို မဲထည့်ခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် NLD အပါအဝင် အင်အားကြီးနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ 

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ဝင်ပြိုင်ကြမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် သာမန်လူတစ်ယောက်အတွက်ပင် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ မလွယ်ကူသည်ဖြစ်ရာ မသန်စွမ်းတစ်ယောက်ဖြစ်သော မချောစုလှိုင်အတွက် အခက်အခဲများက ပြောမကုန်နိုင်အောင် ရှိပေမည်။ 

"ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်တဲ့နေ့ကတည်းက အခက်အခဲရှိတယ်။ မသန်စွမ်းအဖွဲ့အစည်းတွေက မသန်စွမ်းတွေသွားလို့ရအောင် အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဓာတ်လှေကားလှူထားတယ်။ သူတို့က ဓာတ်လှေကားကို အသုံးပြုခွင့်မပေးဘူး" ဟု မသန်စွမ်းကိုယ်စားလှယ်လောင်းတစ်ယောက်၏ အခက်အခဲကို မချောစုလှိုင်က ပြောပြသည်။ 

ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သည့်နေ့က မချောစုလှိုင်တစ်ယောက် ကော်မရှင်ရုံးအောက်ထပ်တွင် နာရီပေါင်းများစွာ ထိုင်စောင့်ခဲ့ရသည်။ အမျိုးသားဖြစ်သူက ရုံးအပေါ်ထပ်သို့သွားကာ လျှောက်လွှာဖောင်ဖြည့်ပေးခဲ့ရသည်။ 

ထိုထိုသော အခက်အခဲများရှိလင့်ကစား မချောစုလှိုင်ကသည် လွယ်လွယ်ကူကူ အရှုံးပေးတတ်သူ မဟုတ်ပေ။ သူ့မျှော်လင့်ချက်အိမ်မက်သည်ကား သန်စွမ်းသူများနှင့်တန်းတူ အခွင့်အရေးရရှိရန် ဖြစ်သည်ဟုဆိုသည်။ 

"ကျွန်မရဲ့ အိမ်မက်ကတော့ ကြီးတယ်။ မြန်မာနိုင်ငံအနေနဲ့ ဝုန်းကနဲဖြစ်သွားဖို့လည်း မမျှော်လင့်ပါဘူး။ တဖြည်းဖြည်းချင်း အကောင်းဘက်ဦးတည်ရွေ့ရမှာပေါ့" ဟု ပြောလိုက်သော မချောစုလှိုင်၏ မျက်နှာပေါ်တွင် ခိုင်မာသောယုံကြည်ချက်များ အထင်သားပေါ်လွင်လျက်ရှိသည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading