“၂၀၁၈ ဧပြီ ၁ မတိုင်မီ အငြိမ်းစား ယူခဲ့ကြသူများသည် လက်ရှိတာဝန်ထမ်းနေသည့် ဝန်ထမ်းများ အငြိမ်းစားယူပါက ရမည့် ခံစားခွင့် အတိုင်း ပင်စင်ရမည်”
(ရန်ကုန်) - ရှေ့နှစ်ဆန်း မှစတင်ပြီး အစိုးရဝန်ထမ်းဟောင်းများ၏ ပင်စင်လစာတိုးပေးရန် အစိုးရက ယနေ့ကြေညာလိုက်သည်။
လာမည့် ဇန်နဝါရီမှ စတင်ခံစားခွင့်ရမည့် ပင်စင်စနစ်တွင် ၂၀၁၈ ဧပြီ ၁ မတိုင်မီ အငြိမ်းစား ယူခဲ့ကြသူများသည် လက်ရှိတာဝန်ထမ်းနေသည့် ဝန်ထမ်းများ အငြိမ်းစားယူပါက ရမည့် ခံစားခွင့် အတိုင်းရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ရေးသားထားသည်။

“အရင်ကဆိုရင် နဂိုရရှိခဲ့တဲ့ လစာအပေါ် အခြေခံတွက်ချက်ပေးခဲ့တာကြောင့် ဝန်ထမ်းအငြိမ်းစားတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ပင်စင်ခံစားခွင့်နှုန်းတွေ ကွဲပြားနေခဲ့တာရှိပါတယ်။ အခုပင်စင်တိုးမြှင့်လိုက်တဲ့ အမိန့်က အဲ့ဒီဝန်ထမ်းတွေအားလုံး အသစ်ရော အဟောင်းတွေပါ ပင်စင်ခံစားခွင့်နှုန်းတွေ သွားတူသွားပါလိမ့်မယ်” ဟု ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ပြောသည်။
ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်မှ အစိုးရရာထူးအဆင့် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်များကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူးအဆင့်နှင့် လုပ်သက်တူညီပါက ပင်စင်ခံစားခွင့်ကို တပြေးညီ ခံစားခွင့်ပြုရန် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခဲ့သည်။


ထိုမေးခွန်းနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်အတွင်း အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်တိုးမြှင့်ပေးရန် နိုင်ငံတော်အစိုးရဘက်မှ စဉ်းစားနေကြောင်း ဖြေကြားခဲ့ပြီး သတင်းနှစ်ပတ်အတွင်း အစိုးရက ပင်စင်လစာတိုးမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရ၏ စာရင်းဇယားများအရ ပင်စင်စား အစိုးရဝန်ထမ်းဟောင်း ၈ သိန်းကျော်ရှိသည်။


အငြိမ်းစားများ၏ ပင်စင် လစာကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် တိုးမြှင့်လိုက်သည့် နိုင်ငံဝန်ထမ်း များ၏ လစာနှုန်းထားများ အတိုင်း အခြေခံ တိုးမြှင့် ပေးမည် ဆိုပါက နိုင်ငံတော် အနေဖြင့် ကျပ် ၂၃၀ ဘီလီယံခန့် သုံးစွဲရမည်ဟု တွက်ချက် ရရှိကြောင်း ဒုတိယဝန်ကြီး ပြောကြားချက်ကို ကိုးကားပြီး မြန်မာတိုင်းမ်နေ့စဉ် က ဒီဇင်ဘာ ၇ တွင်ရေးသားသည်။
အငြိမ်းစားပင်စင်လစာများကို တစ်ပြေးညီဖြစ်အောင် ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ ကလည်း ယခုကဲ့သို့ပင် နောက်ဆုံးလစာနှုန်းများဖြင့် ညှိပေးခဲ့ဖူးသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











