ကျောင်းသားသုံးဦးအနက် နှစ်ဦးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် မန္တလေး မဟာအောင်မြေနှင့် အောင်မြေသာစံမြို့နယ်တရားရုံးတို့က ထောင်ဒဏ်များ ချမှတ်ပြီးဖြစ်သဖြင့် ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်စုစုပေါင်း ၅ နှစ် ရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်၏လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗကသ) အဖွဲ့ချုပ်မှ ကျောင်းသားသုံးဦးကို ယနေ့ (အောက်တိုဘာ ၉) တွင် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက အမှုနှစ်ခုအတွက် ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
ဗကသအဖွဲ့ချုပ်မှ ကျောင်းသားသုံးဦးဖြစ်သော ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်တို့သည် မန္တလေးမြို့၌ စက်တင်ဘာလ ၂၅ တွင် ဆန္ဒထုတ်ဖော်ခဲ့မှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးမြို့၌ စက်တင်ဘာလ ၁၄ တွင် “စစ်ဆန့်ကျင်ရေး” စတစ်ကာကမ်ပိန်းပြုလုပ်သော ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) တို့အရ ထောင်ဒဏ်တစ်နှစ် ထပ်မံအမိန့်ချမှတ်ခဲ့သည်။
၎င်းတို့နှစ်ဦးကို ကမ်ပိန်းပြုလုပ်မှုအတွက် ယင်းရာဇသတ်ကြီးပုဒ်မ နှစ်ခုနှင့်ပင် မဟာအောင်မြေမြို့နယ်တရားရုံးက အောက်တိုဘာ ၅ တွင် ထောင်ဒဏ် နှစ်နှစ်၊ အောင်မြေသာစံမြို့နယ်တရားရုံးက အောက်တိုဘာ ၆ တွင် ထောင်ဒဏ်တစ်နှစ် အသီသီး ချမှတ်ထားပြီးဖြစ်ရာ ယခုပြစ်ဒဏ်အပါအဝင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသည်။
"ကျွန်တော်တို့ကျောင်းသားတွေက ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်လို့ တောင်းဆိုနေတာဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ခုတုံးလုပ် စီးပွားရှာနေသူတွေကတော့ ကျွန်တော်တို့ကို ထောင်ထဲပို့နေတာဖြစ်တယ်" ဟု ကိုစိုးလှနိုင်က ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ ရုံးချိန်းရောက်ရှိလာစဉ် မီဒီယာများကို ပြောသည်။
ဗကသကျောင်းသားများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပေးရေးနှင့် ရခိုင်ပြည်နယ်တွ င် 4G အင်တာနက် အမြန်ဆုံးဖွင့်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း၊ တပ်မတော်ကို ဝေဖန်သည့် စာသားများပါဝင်သော စတစ်ကာများနှင့် ဗီနိုင်းများကပ်ခြင်းတို့ကို မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပခုက္ကူ၊ မကွေး၊ ရန်ကုန်၊ စစ်တွေ စသည့်မြို့များတွင် စက်တင်ဘာအတွင်းက ပြုလုပ်ခဲ့ကြသဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရခြင်း ဖြစ်သည်။


အဆိုပါ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည့် မြို့များအားလုံးတွင် ရဲတပ်ဖွဲ့က ကျောင်းသားများကို အမှုဖွင့်ထားပြီး၊ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့ကို မန္တလေးတွင် မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် အမရပူရ မြို့နယ်လေးခုတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) တို့ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုထားသည်။
၎င်းတို့နှစ်ဦးသည် အဆိုပါ ရာဇသတ်ကြီးပုဒ်မများအပြင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ၃၀ (က) တို့ဖြင့်လည်း အမှုဖွင့်ခံထားရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မန္တလေး စျေးချိုနာရီစင်အနီး ရခိုင်အရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကိုသက်မောင်မောင်အပါအဝင် ကျောင်းသား (၁၃) ဦးကိုလည်း မူလက ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့်သာ တရားစွဲဆိုထားသော်လည်း ယနေ့တွင် ရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့်ပါ ထပ်မံတရားစွဲဆိုခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ထိုကဲ့သို့ ဗကသကျောင်းသားများကို ဖမ်းဆီးထောင်ချမှုများရှိနေသော်လည်း ၎င်းတို့ကျောင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ရပ်တန့်သွားမည်မဟုတ်ဟု ကိုသက်မောင်မောင်က ဆိုသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့် (ခ) သည် တပ်မတော်အရာရှိနှင့် တပ်သားများကို စစ်ပုန်ကန်ခြင်း၊ တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေအောင်၊ အစိုးရ သို့မဟုတ် ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကောလာဟလ၊ သတင်း၊ ကြေညာချက်များကို ဟောပြောခြင်း၊ ရေးသားဖော်ပြခြင်း တို့အတွက် စွဲဆိုသောပုဒ်မများဖြစ်ပြီး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည်။
ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ အရ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည်လျှင် ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် ကျပ် ၃၀,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာမူ ပုဒ်မပေါ်မူတည်ပြီး အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














