တရုတ်မယားအဖြစ်ပျော်နေသူ ဆင်ဟွာသတင်းကို မြန်မာတာဝန်ရှိသူများဝေဖန် 

အဆိုပါရုပ်သံသတင်းကို ကြည့်ရှုသူများအနေဖြင့် တရုတ်မယားဖြစ်ပါက တရုတ်အစိုးရက ထောက်ပံ့သည်ဟု မှားယွင်းထင်မြင်ယူဆနိုင်ပြီး လက်ခံနိုင်စရာသတင်းမဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည် 

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ရုပ်သံသတင်းတွင် မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးကို တရုတ်နိုင်ငံသားဖြစ်သူ အမျိုးသားနှင့်အတူတွေ့ရစဉ်။ (ဓာတ်ပုံ - ဆင်ဟွာသတင်းဌာန) 
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ရုပ်သံသတင်းတွင် မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးကို တရုတ်နိုင်ငံသားဖြစ်သူ အမျိုးသားနှင့်အတူတွေ့ရစဉ်။ (ဓာတ်ပုံ - ဆင်ဟွာသတင်းဌာန) 

တရုတ်နိုင်ငံသားနှင့် လက်ထပ်ထိမ်းမြားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအကြောင်း ဆင်ဟွာသတင်းဌာန၏ ထုတ်လွှင့်ချက်မှာ လူကုန်ကူးမှုကို အားပေးအားမြှောက်ရာကျနေပြီး လက်တွေ့အခြေအနေနှင့် ကင်းကွာနေကြောင်း တာဝန်ရှိသူများက ဝေဖန်လိုက်သည်။ 

တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းပြီး အဆင်ပြေနေသည့် အမျိုးသမီးများနှင့် ပတ်သက်သည့် သတင်းမျိုး မကြားဖူးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင်က Myanmar Now ကို ပြောသည်။ 

ဆင်ဟွာသတင်းဌာန၏ ထုတ်လွှင့်ချက်ကို ကြည့်ရှုမိသူများအနေဖြင့် တရုတ်မယားအဖြစ် ဝယ်ယူပေါင်းသင်းခံရသည့် အမျိုးသမီး သို့မဟုတ် မြန်မာအမျိုးသမီးဖြစ်သဖြင့် တရုတ်အစိုးရက ထောက်ပံ့သည်ဟု ယူဆကာ နားလည်မှုလွဲနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးတစ်ဦးသည် တရုတ်အမျိုးသားနှင့် လက်ထပ်ပြီးနောက် တရုတ်အစိုးရအထောက်အပံ့ဖြင့် ဆန်းရှီးပြည်နယ်တွင် အစစအရာရာ အဆင်ပြေချောမွေ့စွာ နေထိုင်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ၎င်း၏ Facebook စာမျက်နှာမှတဆင့် စတင်တင်ဘာ ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ 

ဆင်ဟွာသတင်းဌာန၏ ရုပ်သံသတင်းနှင့် ပတ်သက်၍ အမှန်ဟုယူဆ၍ မရဘဲ မြန်မာနိုင်ငံပြန်ရောက်၍ အဆင်ပြေပါသည်ဟု ပြောဆိုနိုင်မှသာ မှန်ကန်မည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်နိုင်အောင်က ပြောသည်။ 

"ဒီသတင်းကို ထုတ်လွှင့်လိုက်ရင် အကျိုးရှိတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ စိစစ်ရမယ်။ ဒီသတင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးမရှိတဲ့သတင်းဖြစ်တဲ့အတွက် လက်မခံနိုင်ပါဘူး" ဟု ရဲမှူးကြီးသက်နိုင်အောင်က ပြောသည်။ 

ဆင်ဟွာသတင်းဌာန၏ Fcebook စာမျက်နှာက မြန်မာဘာသာစာတန်းထိုးဖြင့် ထုတ်လွှင့်ခဲ့သည့် အချိန် ၃ မိနစ်ကြာ ထိုရုပ်သံသတင်းတွင် မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးသည် ပျော်ရွှင်ကြည်နူးဟန်ဖြင့် တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ပြောနေသည်ကို တွေ့ရသော်လည်း ၎င်း၏ မြန်မာအမည်၊ အသက်၊ ဇာတိနေရပ်လိပ်စာနှင့် တရုတ်နိုင်ငံသို့ မည်သို့ရောက်ရှိလာပုံကိုမူ ဖော်ပြထားခြင်းမရှိပေ။  

မာရှောင်ယွဲဆိုသူ မြန်မာအမျိုးသမီးသည် တရုတ်အမျိုးသားတစ်ဦးနှင့် တွေ့ဆုံပြီးနောက် ၂၀၀၇ ခုနှစ်တွင် လက်ထပ်ကာ အမျိုးသား၏ဇာတိ တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် နေထိုင်လျက်ရှိသည်ဟု ဆင်ဟွာသတင်းက ဆိုသည်။ 

အဆိုပါ သတင်းဖော်ပြချက်မှာ မှားယွင်းနေကြောင်း တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။ 

"လူကုန်ကူးမှုကို အားပေးအားမြှောက်ရာကျတယ်။ မြန်မာနိုင်ငံသားတွေကို ဆွဲဆောင်မှုတစ်ခုလို့ပဲ ယူဆတယ်။ မဖြစ်နိုင်ဘူး။ ဒီဘက်ကို ဖမ်းပြီးပြန်ပို့တဲ့သူတိုင်းဟာ သူတို့အမျိုးသားတွေနဲ့ အိမ်ထောင်ကျတယ်" ဟု ၎င်းက ပြောသည်။ 

၂၀၀၈ ခုနှစ်မှစကာ ၁၂ နှစ်တာကာလအတွင်း တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီးပေါင်း သောင်းဂဏန်းကို ကူညီပေးခဲ့သည့် အတွေအကြုံအရ တရုတ်နိုင်ငံသည် တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းသည့် အမျိုးသမီးများကို တရားမဝင်နေထိုင်သူအဖြစ် ဖမ်းဆီးထောင်ချပြီး နိုင်ငံသားအဖြစ် ခံယူခွင့်ပေးခြင်းမျိုး မရှိကြောင်း ဦးသောင်းထွန်းက ပြောသည်။ 

တရုတ်မယားအဖြစ် လူကုန်ကူးခံရသူများကို ကူညီပေးနေသည့် ကချင်ပြည်နယ်အခြေစိုက် ထွယ်ဂျန်ဒါအမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူကလည်း မာရှောင်ယွဲကဲ့သို့ အဆင်ပြေနေသည်ဆိုသော အမျိုးသမီး အင်မတန်နည်းပါးပြီး ကာယကံရှင်သဘောဆန္ဒမပါဘဲ ပွဲစားမှတဆင့် ငွေပေးဝယ်ယူ၍ အဓမ္မလက်ထပ်ခံသူ အမျိုးသမီးအရေအတွက် ပိုများသည်ဟု ဆိုသည်။ 

"တစ်ယောက်တည်း အဆင်ပြေတာကို ပြပြီးတော့မှ အများစု ဒုက္ခရောက်နေတာကို မရောက်ပါဘူးလို့ ပါးစပ်ပိတ်တဲ့ အပိုင်းပေါ့။ ဒါ လူ့အခွင့်အရေးချိုးဖောက်တယ်။ တကယ်အဆင်ပြေတာကတော့ လုံးဝ အရမ်းရှားပါးတယ်" ဟု ဒေါ်နန်ပူက ပြောသည်။ 

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၎င်းတို့အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းလာသည့် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီး ၁၁၉ ဦး ရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

မာရှောင်ယွဲမှာ တရုတ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် နေထိုင်ပါက အထောက်အပံ့ရနိုင်ကောင်းသော်လည်း တရုတ်မယားအဖြစ် ရောင်းစားခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးများကို တရုတ်အစိုးရက မည်သည့်ထောက်ပံ့မှုမျိုးမှ မရှိခဲ့ကြောင်းလည်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင်က ပြောသည်။ 

ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူများနှင့် လူကုန်ကူးခံရလုနီးပါးအမျိုးသမီးများကို ကူညီစောင့်ရှောက်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ၁၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၂၄၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၃၀၈ ဦး၊ ၂၀၂၀ တွင် ဩဂုတ်အထိ ၁၅၉ ဦးကို ကူညီစောင့်ရှောက်ပေးခဲ့ရသည်။ 

၂၀၁၈ ခုနှစ်အတွင်း အမေရိကန် Johns Hopkins တက္ကသိုလ်နှင့် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးတို့ ပူးတွဲထုတ်ပြန်ခဲသည့် အစီရင်ခံစာအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီးအရေအတွက် ၈၀၀၀ နီးပါးရှိသည်။ 

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများမှ အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ငွေကြေးဖြင့် ဝယ်ယူကာ ကလေးမွေးပြီးပါက အိမ်ပြန်ပို့ပေးမည်ဟု တရုတ်အမျိုးသားက အပေးအယူလုပ်လေ့ရှိသည်ဟု ၂၀၁၉ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

မျိုးရိုးလက်ဆင့်ကမ်းနိုင်မည့် သားယောက်ျားလေးကို ဦးစားပေးသော တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၄၀ နီးပါးကျင့်သုံးခဲ့သည့် တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒကြောင့် အမျိုးသားအရေအတွက်သည် အမျိုးသမီးထက် ၃၃ သန်းပိုများနေပြီး တရုတ်အမျိုးသားများသည် အိမ်ထောင်ဘက်ရှာရန် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ကို ပစ်မှတ်ထားလာကြသည်။ 

တရုတ်အမျိုးသားများအနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုမည်ဆိုပါက တရုတ်ယွမ်ငွေ သိန်း ၁၀၀ (မြန်မာကျပ်ငွေ သိန်း ၂၂၀၀၀ ခန့်) ကုန်ကျမည်ဖြစ်သော်လည်း မြန်မာအမျိုးသမီးကို လက်ထက်ပါက ယွမ်သုံးသောင်းမှ တစ်သိန်းခွဲ (ကျပ်သိန်း ၆၀ မှ ၃၀၀ ကြား) အထိသာ ပေါက်ဈေးရှိနေကြောင်း ပြီးခဲ့သည့်နှစ်အတွင်း Myanmar Now က အထူးသတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။  

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading