ရခိုင်အမျိုးသားပါတီဝင်ဟောင်းဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည်ဖြစ်သည်
ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းရှိ ကျေးရွာလေးတစ်ရွာမှ မိန်းကလေးငယ်တစ်ဦးသည် သုံးမိုင်ခန့် ဝေးသည့် စာသင်ကျောင်းကို နေ့စဉ်နေ့တိုင်း လမ်းလျှောက်သွားခဲ့ရသည်။ မိုးများလွန်းသည့် ရခိုင်ဒေသတွင် တစ်နာရီနီးပါးလမ်းလျှောက်သွားရသည့် ကျောင်းတက်ခရီးက ငါးတန်းကျောင်းသူဘဝမှ ကိုးတန်းအထိဖြစ်သည်။
လယ်သမားမိဘနှစ်ပါးမှ မွေးဖွားလာသူ ထိုအမျိုးငယ်လေးမှာ ယနေ့အချိန်တွင် အထင်ကရ ရခိုင်တိုင်းရင်းသား လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်ထုမေဖြစ်သည်။ ငယ်စဉ်က ခက်ခက်ခဲခဲ ပညာသင်ကြားခဲ့ရသည့်အဖြစ်က ဒေါ်ထုမေအတွက် မမေ့နိုင်စရာပင်။

"မိုးရာသီဆိုတော့ လေးတန်းကနေ ကိုးတန်းအထိကို ထီးမပါဘဲ ကိုယ်တစ်ပိုင်းရေအစိုနဲ့ ကျောင်းတက်ခဲ့ရတဲ့နေ့တွေ အများကြီးရှိခဲ့တယ်။ ကိုယ်သင်ခဲ့တဲ့ အတန်းစာအုပ်တွေဆိုလို့ရှိရင် ရေတွေစိုလို့ မီးကင်ခဲ့ရတယ်" ဟု ဒေါ်ထုမေက ကျောင်းနေစဉ်က အဖြစ်ကို ပြန်ပြောင်းပြောပြသည်။
မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် ထိုစဉ်က ကျေးရွာတိုင်းလိုလို လျှပ်စစ်မီးမရသဖြင့် ရေနံဆီမီးခွက်ဖြင့်သာ စာကျက်ခဲ့ရသည်ဟု ဆိုသည်။


ရခိုင်ပြည်နယ် ရမ်းဗြဲဇာတိ ဒေါ်ထုမေသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေါ်ထုမေသည် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီထိပ်ပိုင်းခေါင်းဆောင်များ သဘောထားကွဲလွဲမှုကြောင့် ၂၀၁၇ တွင် နှစ်ခြမ်းပြန်ကွဲခဲ့ရာ မိခင်ပါတီဟောင်းဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)သို့ ပြန်ဝင်ရန် ဒေါ်ထုမေက ကြိုးပမ်းခဲ့သော်လည်း ANP ပါတီက နုတ်ထွက်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ဒေါ်ထုမေ ဆုံးဖြတ်ခဲ့သည်။
"၂၀၂၀ ရောက်တဲ့အခါမှာတော့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ အများကြီးရင်ဆိုင်ရတယ်။ ကျွန်မအနေနဲ့ အမျိုးသားညီညွတ်ရေးကို အမြဲဦးထိပ်ထားပေမဲ့ ဒီနိုင်ငံရေးအကျပ်အတည်း အကွဲအပြဲတွေကို ပြည်သူသိအောင် အတိုင်းအတာတစ်ခုထိ ချပြပိုင်ခွင့်မရသေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ တစ်သီးပုဂ္ဂလဖြစ်သွားရတာပါ" ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်လာခြင်းနှင့် ပတ်သက်၍ ဒေါ်ထုမေက ပြောသည်။
ရမ်းဗြဲသူ ရခိုင်အမျိုးသမီးလေး၏ နိုင်ငံရေးစင်မြင့်ဆီ လာရာခရီး
၁၉၉၆ ခုနှစ်တွင် ရန်ကုန်သို့ မိသားစုလိုက်ပြောင်းရွှေ့ခဲ့သဖြင့် ဒေါ်ထုမေလည်း ရန်ကုန် ဗဟန်းမြို့နယ်တွင် အထက်တန်းပညာသင်ခဲ့ရသည်။ ရန်ကုန်ရောက်စက ဒေါ်ထုမေအတွက် ကြီးမားသော အခက်အခဲတစ်ခုမှာ ဘာသာစကားဖြစ်သည်။ ရခိုင်တိုင်းရင်းသူဖြစ်သဖြင့် ဗမာစကား ကောင်းကောင်းမပြောတတ်သေးသည့်အချိန်ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် အဝေးသင်ပညာရေးဖြင့် ကျောင်းပြီးခဲ့ပြီး မိသားစုစီးပွားရေးဖြစ်သည့် အထည်ချုပ်ဆိုင်၊ ပန်းထိမ်ဆိုင်များတွင် အချိန်ကုန်ခဲ့ရသည်။
ထို့နောက် ရန်ကုန်ရောက် ရခိုင်လူငယ်များ စုစည်းတည်ထောင်ထားသည့် Schooler Institute ဘာသာစကားသင်တန်းကျောင်းနှင့် စမ်းချောင်းမြို့နယ်ရှိ မနောရမ္မသင်တန်းကျောင်းတွင် အင်္ဂလိပ်စာသင်ယူခဲ့သည်။ နောက်ပိုင်းတွင် ထိုသင်တန်းကျောင်းများ၌ ဆရာမတစ်ဦးအဖြစ်လည်း ပညာဒါန သင်ကြားပေးခဲ့သည်။
ရခိုင်ပြည်နယ် မြေပုံမြို့နှင့် မင်းပြားမြို့နယ်များသို့ သွားရောက်ကာ ရခိုင်လူငယ်များကို အင်္ဂလိပ်ဘာသာစကား၊ နိုင်ငံရေးဆိုင်ရာသင်တန်းများ သင်ကြားပို့ချခဲ့သည့်နည်းတူ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေချင်သောဆန္ဒဖြင့် အမျိုးသမီးခေါင်းဆောင်နိုင်မှုဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့သည်။
ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် တန်းတူအခွင့်အရေးဆုံးရှုံးမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှံးမှုများကြောင့် တွန်းလှန်လိုစိတ်နှင့် ဒီမိုကရေစီလိုလားတောင့်တစိတ်များ ကိန်းအောင်းခဲ့သည်ဟု ဒေါ်ထုမေက ဆိုသည်။
ထို့နောက် အမျိုးသားတန်းတူရေးကို ပြဌာန်းကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး မူဝါဒများကြောင့် ALD ပါတီသို့ ဝင်ရောက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ပါတီလူငယ်အဖွဲ့ (Youth Wing) အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးခက်ခဲနေသူများကို ကူညီပေးရန် ဖွဲ့စည်းထားသည့် အာရက္ခဖောင်ဒေးရှင်းတွင်လည်း အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးသင်တန်းများပေးရာတွင် သင်တန်းဆရာမအဖြစ် တာဝန်ယူခဲ့ပြီး အမေရိကန်စင်တာ၏ Arakan Club တွင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ဒေါ်ထုမေသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားမှု (Shwe Gas Movement) တွင်လည်း Coordinator အဖြစ် လုပ်ကိုင်ခဲ့သည်။
အနာဂတ်ရခိုင်ပြည်နယ်ကို ပညာရေးဖြင့် ပြန်လည်တည်ဆောက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေါ်ထုမေက 'Htoot May Youth and Education Foundation' ထူထောင်ခဲ့ပြီး နိုင်ငံတကာသို့ ပညာတော်သင်သွားရောက်လိုသည့် ရခိုင်လူငယ်များကို ပညာသင်ဆုပေးလျက်ရှိသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ပြီးနောက် နိုင်ငံရေးသမားတစ်ဦးအဖြစ် ရပ်တည်ရန် ဒေါ်ထုမေ ဆုံးဖြတ်ခဲ့သည်။ ရခိုင်ပြည်နယ်က ဌာနေတိုင်းရင်းသားများ၏ လူမှုဘဝအခြေအနေကို အခြေခံကျကျ သိရှိနားလည်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်အတူ ၂၀၁၄ အထိ ဖြတ်သန်းခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီဝင်ဖြစ်သူ ဒေါ်ထုမေသည် ရခိုင်နိုင်ငံရေးပါတီနှစ်ခုပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ဖြစ်ချိန်တွင် ရန်ကုန်တိုင်းဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်ထုမေက ANP ပါတီကိုယ်စားပြုကာ ရခိုင်ပြည်နယ်မှ ဝင်ရောက်အရွေးချယ်ခံပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။
ဒေါ်ထုမေသည် တက်တက်ကြွကြွရှိသူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ အမျိုးသားလွှတ်တော်အစည်းအဝေးများတွင် မကြာခဏ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်လေ့ရှိသည်။
ဒေါ်ထုမေ၏ များစွာသော လွှတ်တော်လှုပ်ရှားမှုများအနက် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားလူငယ်များအတွက် လက်တွေ့အစီအစဉ်တစ်ခုဖြစ်ပေါ်လာရေး ကြယ်ပွင့်ပြမေးခွန်းကို ယခုနှစ် မေလအတွင်းက အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့သည်။
ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများအတွက် လူငယ်စင်တာတစ်ခုဖြစ်ပေါ်လာရေး ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ချပေးထားသည့် ဘတ်ဂျက်ငွေများကို မည်သို့သုံးစွဲနေကြောင်း သိရှိရန် ဒေါ်ထုမေက လွှတ်တော်၌ မေးမြန်းခဲ့သည်။
ထိုမေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်တွင် Rakhine Community Center တစ်ခု ဆောင်ရွက်ပေးရန် စီစဉ်နေသည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့သည်။
ထိုစင်တာသည် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာ နေရာတစ်ခုအဖြစ်လည်းကောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်သည့် အရည်အသွေးမြှင့်တင်ရာ နေရာအဖြစ်သော်လည်းကောင်း၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးသွားမည့် စင်တာတစ်ခုအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ ရောက်ရှိလာသည့် အဖွဲ့အစည်းများနှင့် မြို့နယ်အသင်းများ တိုးတက်ရေးဆောင်ရွက်ရန် နေရာအဖြစ်လည်းကောင်း ပြင်ဆင်ထားသည်ဟု ဒေါ်ထုမေက ပြောသည်။
ဒေါ်ထုမေသည် အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူးတာဝန်ယူထားသူလည်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လိုသူ
"ရခိုင့်ပုံရိပ်၊ ရခိုင့်ဂုဏ်သိက္ခာကို မြှင့်တင်ရန်" ဆိုသော ဆောင်ပုဒ်ဖြင့် ရခိုင်ဝေသာလီခေတ် ဆီမီးခွက်ပုံကို အမှတ်တံဆိပ်အဖြစ် အသုံးပြုကာ ဒေါ်ထုမေက ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မည်ဖြစ်သည်။
ငါးနှစ်တာ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းအတွင်း လူထုအကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်ခဲ့သည်ဟု ယုံကြည်သောကြောင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများအကျိုး သယ်ပိုးနိုင်ရေး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်ခြင်းဖြစ်သည်ဟု ဒေါ်ထုမေက ဆိုသည်။
"လွတ်တော်ကိုယ်စားလှယ်သက်တမ်း ငါးနှစ်လုပ်ပြီး ရလာတဲ့ အတွေ့အကြုံတွေနဲ့ အဲဒီထက်မလျော့တဲ့ ခွန်အားတွေကို အသုံးချပြီးတော့ ရန်ကုန်တိုင်းမှာ အကောင်းဆုံးကြိုးစားသွားဖို့ ပြင်ဆင်ထားပါတယ်" ဟု ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေးကို တစ်စိုက်မတ်မတ်လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာသူတစ်ဦးဖြစ်သောကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့် သင့်တော်သူတစ်ဦးဖြစ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်) ဒါရိုက်တာ ခိုင်ကောင်းစံက မှတ်ချက်ပြုသည်။
”သူက အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဘာသာရပ်တွေကို လေ့လာသင်ယူဖူးထားသူတစ်ယောက်လည်းဖြစ်တယ်။ လွှတ်တော်မှာဆိုလည်း သူတင်ခဲ့တဲ့ အဆိုတွေကလည်း အားကောင်းတာကို တွေ့ရပါတယ်။ လူငယ်လူလွတ်ဖြစ်သလို သူ့နိုင်ငံရေးဖြတ်သန်းမှုက တခြားလွှတ်တော်ကိုယ်စားလှယ်တွေလို မိုးကျရွှေကိုယ်လည်းမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
စစ်တွေမြို့အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်)သည် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများ ဆောင်ရွက်ပေးသော အရပ်ဘက်အဖွဲ့အစည်းဖြစ်ပြီး လတ်တလောတွင် စစ်ဘေးရှောင်များကို ကူညီပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အာဏာရ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းသုံးဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းသုံးဦး စုစုပေါင်း ၆ ဦးအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အောက်တိုဘာ ၆ ရက်အထိ စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ရခိုင်တိုင်းရင်းသားမဲဆန္ဒရှင် တစ်သိန်းတစ်သောင်းကျော်ရှိနေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ရေပုတ်ကျေးရွာမှ ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ မဇင်ချေက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကြိုဆိုသည်ဟု ဆိုသည်။
ဒေါ်ထုမေသည် ရခိုင်တိုင်းရင်းသားတစ်ခုလုံး၏ အကျိုးစီးပွားကို လိုလားပြီး ရခိုင်တိုင်းရင်းသားတစ်ခုလုံးကို ကိုယ်စားပြုသူတစ်ဦးအဖြစ် ယုံကြည်သည်ဟုလည်း လှိုင်သာသာမြို့နယ်ရှိ PCI အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ မဇင်ချေက ပြောသည်။
"ကျွန်မတို့ကိုယ်တိုင်က ဗုံးခိုကျင်းထဲမှာ ပုန်းခိုခဲ့ရတယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ အထုပ်ထမ်း ပြေးခဲ့ရတယ်။ အဲဒီဘဝတွေကို အရမ်းစိတ်နာတယ်။ မထုမေက စစ်ဘေးရှောင်တွေအတွက် လွှတ်တော်မှာ တင်ပြတာတွေကို မြင်ပါတယ်။ သူ့ကိုလေးစားတယ်" ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာခြင်းဖြင့် ရခိုင်ပြည်နယ်၏အရွေ့ကို ပိုဆောင်ရွက်နိုင်မည်ဟု ထင်မြင်ကြောင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
"မြန်မာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ အမျိုးသမီးလေးတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားလာမယ်။ နိုင်ငံရေးလုပ်တဲ့အခါမှာ အမျိုးသားရေးအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကြိုးပမ်းလာတဲ့အခါ တစ်တပ်တစ်အားပါဝင်လာလို့ရှိရင် ရခိုင်ပြည်ရဲ့ အရွေ့ဟာ ဒီထက်မက ရွေ့မယ်လို့ ထင်တယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒေါ်ထုမေက မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများအဖြစ် ထုမေတနင်္ဂနွေစကားဝိုင်း အစီအစဉ်ကို အွန်လိုင်းမှ ပြုလုပ်နေပြီး ရခိုင်မျိုးနွယ်စုများ၊ ရခိုင်စီးပွားရေးလုပ်ငန်းရှင်းများ၊ မဲဆန္ဒရှင်များနှင့် အမေးအဖြေအစီအစဉ်များကိုလည်း အင်တာနက်လူမှုကွန်ရက်မှတဆင့် ပြုလုပ်လျက်ရှိသည်။
ငါးနှစ်တာ လွှတ်တော်ကိုယ်စားလှယ်အတွေ့အကြုံကို အခြေခံကာ ရန်ကုန်ရောက် ရခိုင်ပြည်သူများနှင့် ပူးပေါင်းလျက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်သွားရန် ဒေါ်ထုမေက မျှော်မှန်းထားသည်။
စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ရခိုင်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများသာမက လိုအပ်သည့် အရည်အသွေးမြှင့်တင်ရေးကိုပါ ဆောင်ရွက်သွားရန် ဒေါ်ထုမေက ကတိကဝတ်ပြုထားသည်။
"နိုင်ငံရေးသမားတစ်ယောက်ဆိုတာ ပြည်သူ့ဘတ်ဂျက်ကို ကိုယ့်ဘတ်ဂျက်မလုပ်ဖို့ အရေးကြီးဆုံးပါ။ ဆိုလိုချင်တာက အကျင့်ပျက်ခြစားမှု လုံးဝမရှိဖို့ လိုပါတယ်" ဟု ဒေါ်ထုမေက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













