တောင်သာနယ်တွင် နိုင်ငံရေးပါတီ ၅ ခု ဝင်ပြိုင်မည်ဖြစ်သော်လည်း အဓိကအားဖြင့် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ခုသာ အကြိတ်အနယ်အားပြိုင်မည့်ပွဲဖြစ်ကြောင်း ဒေသခံများက ဆိုသည် 

Published on Oct 8, 2020
တောင်သာနယ်တွင် အကြိတ်အနယ်အားပြိုင်ကြမည့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများနှင့် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းများ။ (သရုပ်ဖော်ပုံ - မိုးထက်လျှမ်း/ Myanmar Now)
တောင်သာနယ်တွင် အကြိတ်အနယ်အားပြိုင်ကြမည့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများနှင့် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းများ။ (သရုပ်ဖော်ပုံ - မိုးထက်လျှမ်း/ Myanmar Now)

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် ခေါင်းမာသော ခေါင်းဆောင်တစ်ဦးဟု သမုတ်ခြင်းခံခဲ့ရသူ ဦးအောင်သောင်းကွယ်လွန်ပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာမြို့နယ်လေး တောင်သာသည် အထွေထွေရွေးကောက်ပွဲတွင် တစ်ကျော့ပြန် ဆန္ဒမဲပေးရန် အသင့်ရှိနေပြီဖြစ်သည်။

တောင်သာမြို့နယ်သည် တချိန်က နာမည်ကျော်ကြားခဲ့သူ ဦးအောင်သောင်း၏ ဇာတိချက်မြှုပ်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဘူမိနက်သန် နယ်မြေတစ်ခုလည်းဖြစ်သည်။ တောင်သာနှင့် ဦးအောင်သောင်း ခွဲမရသကဲ့သို့ တောင်သာသည် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေလည်း ဖြစ်ခဲ့ဖူးသည်။ 

သို့သော် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဦးအောင်သောင်းကွယ်လွန်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီလည်း တောင်သာမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ်အရေးနိမ့်ခဲ့သည်။ 

မကြာမီတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ဆန္ဒမဲပေးရတော့မည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအတွက် ရှုံးကြွေးပြန်ဆပ်နိုင်မည့် အခွင့်အရေးရှိနေပြီး NLD ပါတီအနေဖြင့်လည်း နှစ်ကြိမ်ဆက်အောင်ပွဲခံနိုင်မည့် အခွင့်အလမ်းရှိနေသည်။

တစ်ချိန်က ဦးအောင်းသောင်း ဩဇာအာဏာသက်ရောက်ခဲ့သည့် တောင်သာမြို့နယ်သည် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များအနက် စိတ်လှုပ်ရှားစရာ မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ 

အတိတ်နှင့် ပစ္စုပ္ပန်ကြားက ဦးအောင်သောင်းနယ်

ထန်းလျက်နှင့် ကြက်သွန်သီးနှံ အဓိကထွက်ရှိသည့် တောင်သာမြို့နယ်သည် ဦးအောင်သောင်းနှင့်ယှဉ်တွဲ၍ လူသိများသည်။ ဦးအောင်သောင်းသည် ပြည်ခိုင်ဖြိုးပါတီဝင်များအပေါ် ဩဇာလွှမ်းနိုင်သည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ 

တောင်သာမြို့နယ် ကျောက္ကာရွာဇာတိသားဖြစ်သူ ဦးအောင်သောင်းသည် တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် ရင်းနှီးပြီး တပ်မတော်အသိုင်းအဝိုင်းတွင် ဩဇာတိက္ကမကြီးသူဟုလည်း ဆိုစမှတ်ပြုကြသည်။ 

ဦးအောင်သောင်းသည် စစ်အစိုးရလက်ထက်တွင် ကုန်သွယ်ရေးဒုဝန်ကြီး၊ မွေးမြူရေးဝန်ကြီးနှင့် စက်မှု(၁) ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။ 

ဒီပဲယင်းတိုက်ခိုက်မှုတွင် နောက်ကွယ်က ကြိုးကိုင်သူဟု စွပ်စွဲခံရဖူးပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ထိခိုက်အောင်ကြိုးစားသည်ဟုဆိုကာ ၂၀၁၄ တွင် အမေရိကန်အစိုးရက အမည်ပျက်စာရင်းသွင်းကာ စီးပွားရေးအရအရေးယူ ပိတ်ပင်ခံခဲ့ရသည်။ 

သို့သော် ဝန်ကြီးဟောင်း ဦးအောင်သောင်းသည် ဒေသအပေါ်အကျိုးပြုမှုနှင့် ပုဂ္ဂိုလ်ရေးသံယောဇဉ်ကြောင့် တောင်သာတွင် လူထုထောက်ခံမှုအားကောင်းခဲ့ကြောင်း မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ဆိုသည်။ 

“အရင်တုန်းက ဝန်ကြီးက မြို့နယ်အတွက် သံယောဇဉ်ရှိတော့ တင်ပြတာလေးတွေရှိရင် သူကလည်း တတ်နိုင်သလောက် လှူတာပြုတာတွေ အရင်တုန်းက ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့အပေါ်မှာ သံယောဇဉ်ရှိကြတယ်။ ဒါကြောင့် ချစ်ကြခင်ကြတယ်ဆိုတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဦးအောင်သောင်းသည် တောင်သာမဲဆန္ဒနယ်၌ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဇူလိုင်တွင် ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောပေါက်ပြီး စင်္ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ရသည်မှာ ဦးအောင်သောင်း ဆုံးပါးခဲ့ခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များပင် ထွက်ပေါ်ခဲ့သည်။ 

နိုင်ငံရေးစနစ်ပြောင်းလဲလာမှုနှင့် တောင်သာမြို့နယ် လူထု၏ နိုင်ငံရေးအသိအမြင် ရေချိန်မြင့်မားလာမှုကြောင့် ဦးအောင်သောင်း၏ လွှမ်းမိုးမှု မှေးမှိန်လာသည်ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ တောင်သာမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝိုင်းချစ်အောင်က ဆိုသည်။

ဦးဝိုင်းချစ်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးတင့်ဝေကို မဲပေါင်း ၂၀,၀၀၀ နီးပါး ကွာခြားချက်ဖြင့် အနိုင်ရရှိခဲ့သည့် တောင်သာမြို့နယ်မှ အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ 

“လောင်းရိပ်တစ်ခုကြောင့် တောင်သာဆိုပြီး နာမည်က တစ်မျိုးတစ်ဖုံ ဖြစ်နေပေမယ့်၊ အမြင်တစ်ခုလွဲနေပေမယ့် ၂၀၁၅ တုန်းကလည်း ပြည်သူလူထုရဲ့ ဝန်းရံထောက်ခံအားပေးမှုက အားရစရာကောင်းတယ်။ ကျေနပ်တယ်။ အဲ့အတွက်လည်း လေးစားတန်ဖိုးထားတယ်” ဟု ဦးဝိုင်းချစ်အောင်က ဆိုသည်။

တစ်ချိန်က အစိုးရအကြီးအကဲများနှင့် လောင်းရိပ်မကင်းသည့် ကျေးရွာများ၊ ပတ်သက်ဆက်နွယ်သူများလည်း ရှိနေဆဲဖြစ်သော်လည်း အရေအတွက်နည်းပါးသည်ဟုလည်း ၎င်းကဆိုသည်။ 

လွတ်လပ်ပွင့်လင်းခါစဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာလူထုသည် NLD ပါတီကို အားပေးထောက်ခံခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ထောက်ခံမှုပိုများလာမည်ဖြစ်ကြောင်း ဦးဝိုင်းချစ်အောင်က ယုံကြည်ထားသည်။ 

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းက ‌NLD ကိုယ်စားလှယ်လောင်းများကို နှုတ်ဆက်စကားပင် မပြောရဲသည့် အခြေအနေရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

ရေဒီယိုမှ သတင်းများပင် နားမထောင်ရဲသည့် အခြေအနေမှ လွှတ်လပ်ပွင့်လင်းလာချိန်တွင် နှစ်သက်ရာပါတီကို ပွင့်လင်းစွာထောက်ခံလာကြပြီဟု တောင်သာမြို့ရှိ ချစ်ဖွေးအောင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှင် ဒေါ်အေးမြတ်ကြူက ဆိုသည်။

“ဝန်ကြီးဦးအောင်သောင်း ဩဇာသက်ရောက်ခဲ့တဲ့အချိန်တုန်းကတော့ ကြံ့ခိုင်ရေးပါတီကိုလည်း မဝင်မနေရ ပုံစံမျိုးစည်းရုံးတယ်။ လူတွေကလည်း အာဏာရှင်စနစ်အရ ခုဏကပြောသလို ဆန္ဒဖော်ထုတ်ဖို့ ခဲယဉ်းတဲ့အခါ သူ့ရဲ့ ဩဇာညောင်းတယ်လို့ ထင်ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာမဲဆန္ဒနယ်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နေရာ အားလုံးတွင် NLD ပါတီက သိမ်းကြုံးအနိုင်ရခဲ့သည်။

တောင်သာမဲဆန္ဒနယ်မှ အဓိကပြိုင်ဘက်များ 

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၇ အုပ်စုနှင့် ကျေရွာပေါင်း၂၄၃ ရွာရှိကာ စုစုပေါင်းလူဦးရေ ၂၄၀,၀၀၀ ကျော်ရှိသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းနီးပါးရှိပြီး မြို့ပေါ်မဲရုံ ၁၇ ခုနှင့် ကျေးရွာမဲရုံ ၃၀၅ ခုရှိကြောင်း တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ တောင်သာမြို့နယ်တွင် တပ်မဲရုံများ မရှိပေ။

တောင်သာမြို့နယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့် နိုင်ငံရေးပါတီ ၅ ခုမှ ကိုယ်စားလှယ်လောင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုရှိသော်လည်း အဓိကအားဖြင့် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ခုသာ အကြိတ်အနယ်အားပြိုင်မည့်ပွဲဖြစ်ကြောင်း တောင်သာမြို့ခံများက ပြောသည်။ 

အဓိကပြိုင်ဘက်များအဖြစ် NLD ပါတီဘက်မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဒေါက်တာကြွယ်ကြွယ်၊ အမျိုးသားလွှတ်တော်အတွက် ဦးအောင်မျိုးလတ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်နှစ်ခုတွင် ဦးဝိုင်းချစ်အောင်နှင့် ဦးကျော်မျိုးအောင်တို့ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အတွက် ဦးသန့်ဆွေ၊ အမျိုးသားလွှတ်တော်အတွက် ဦးကျော်တင်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာများအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် ဒေါက်တာမင်းခေါင်ကျော်တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“တောင်သာရဲ့အခြေအနေက ယေဘူယျအားဖြင့် နိုင်မှာပါ။ ကိုဗစ်နဲ့ပတ်သက်ပြီး ပါတီကလူတွေ ကိုယ်စားလှယ်လောင်းတွေ စည်းကမ်းချိုးဖောက်လို့ ပုဒ်မတပ်ပြီး အရေးယူမခံရအောင် ကျွန်တော်တို့ ဂရုစိုက်နေရတယ်။ အဲ့ဒါမျိုးတွေ ဖြစ်လာမှာစိုးတယ်”ဟု ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။

ဒေါက်တာကြွယ်ကြွယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကို မဲအရေအတွက် ခြောက်သောင်းနီးပါးဖြင့် အပြတ်အသတ်အနိုင်ရခဲ့သူဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တောင်သာမြို့နယ်၌ NLD ကိုယ်စားလှယ်လောင်းလေးဦးစလုံး အောင်ပွဲခံမည်ဟု ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။

တော်သာမြို့နယ်သည် မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိသည့် တိုင်းဒေသကြီးမဲဆန္ဒနယ်များကဲ့သို့ NLD ကို ထောက်ခံအားပေးသည့် မဲဆန္ဒနယ်တစ်ခုဖြစ်ပြီး ဦးအောင်သောင်း၏ လွှမ်းမိုးမှုကြောင့် ပြည်ခိုင်ဖြိုးပါတီအပေါ် ထောက်ခံမှုသည် ဦးအောင်သောင်း၏ ဆွေးမျိုးအသိုင်းအဝိုင်းကြားတွင်ရှိနိုင်ပြီး တစ်မြို့နယ်လုံးကို မလွှမ်းမိုးနိုင်တော့ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာကြွယ်ကြွယ်နှင့် ရင်ဆိုင်ရမည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးသန့်ဆွေသည် ဦးအောင်သောင်း၏ဇာတိ ကျောက္ကာရွာသားဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု mVoter အက်ပလီကေးရှင်းနှင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့ရသည်။ 

ဦးအောင်သောင်းနှင့် အသိုင်းအဝိုင်း၏ အရှိန်ကြောင့် ပြည်ခိုင်ဖြိုးအမာခံ ကျေးရွာများရှိသကဲ့သို့ ထောက်ခံမှုအားနည်းသည့် ကျေးရွာများလည်းရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တောင်သာမြို့နယ်ကိုယ်စားလှယ်လောင်း ဦးဝင်းမောင်က ဆိုသည်။ 

“အနာဂါတ်ကို ခန့်မှန်းရတာဖြစ်တော့ ပြောရတာခက်တယ်။ တကယ်တမ်း အဲ့ဒီနေ့ကျမှ (ရွေးကောက်ပွဲနေ့) သူ့ထိုက်နဲ့ သူ့ကံဖြစ်မှာပဲ” ဟု ၎င်းကဆိုသည်။

လူကောင်းရွေးရန် တပ်ချုပ်မှာခဲ့သည့် တောင်သာနယ်

ရွေးကောက်ပွဲနီးကပ်လာချိန် ၂၀၂၀ ဩဂုတ် ၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တောင်သာမြို့နယ်သို့ သွားရောက်ခဲ့ပြီး လမ်းဖောက်လုပ်ခြင်းအတွက် အလှူငွေများပေးအပ်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းမှုများပြုခဲ့သည်။ 

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် တိုင်းပြည်ကောင်းအောင်ဆောင်ရွက်မည့် ကိုယ်စားလှယ်ကောင်းများကို မိမိသဘောဆန္ဒနှင့်အညီ ရွေးချယ်မဲပေးရန်နှင့် ယင်းသို့ရွေးချယ်ရာတွင် ပါတီများသည် မူဝါဒကောင်းများရှိရန် လိုအပ်ကြောင်း အဆိုပါခရီးစဉ်တွင် ဒေသခံများကို ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အင်တာနက်စာမျက်နာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲနီးကပ်လာသည့်နှင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တောင်သာမြို့နယ် အကျိုးပြုလုပ်ငန်းနှင့် အလှူအတန်းများ ရက်ရက်ရောရော လုပ်ဆောင်လာကြောင်းလည်း တောင်သာမြို့ခံများက ဆိုသည်။ 

မြင်းခြံ - တောင်သာကားလမ်းအနီးရှိ တောင်သာတောင်တက်လမ်း အဆင့်မြင့်တင်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဆွေက သိန်းရာချီ အကုန်အကျခံ ဖောက်လုပ်ပေးခဲ့ကြောင်း တောင်သာလူငယ်ဘက်စုံပဟိတအဖွဲ့ ဦးဇော်မျိုးတင့်က ဆိုသည်။ အဆိုပါတောက်တက်လမ်းကို မြို့ခံများက ကနဦးဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဦးသန့်ဆွေက အချောသတ်ခဲ့ခြင်းဖြစ်သည်။

ကျေးရွာများကို စည်းရုံးရေးဆင်းရာတွင် အလှူငွေများပေးအပ်ခြင်း၊ ကျေးရွာလမ်းများ ကွန်ကရစ်ခင်းရန် ဘိလပ်မြေအိတ်များ ရာနှင့်ချီလှူဒါန်းသည်ကို တွေ့ရကြောင်း ဦးဇော်မျိုးတင့်က ဆိုသည်။ 

“ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲကာလမို့လား မသိဘူး။ တောင်သာမှာ ငွေကို ဗုံးပေါလအော သုံးတယ်” ဟုလည်း ၎င်းက ပြောသည်။  

၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သာနယ်တွင် ပြည်ခိုင်ဖြိုးက ရှုံးနိမ့်ခဲ့သော်လည်း မဲဆွယ်စည်ရုံးရေးလုပ်ငန်းများ အထွေအထူးမလုပ်ကြောင်း လူထုထောက်ခံမှုရရန် ပုံမှန်ကြိုးစားနေကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်က Myanmar Now ကို ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်သန့်ဆေး၊ ဆပ်ပြာများကို ကျေးရွာများသို့ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မရှိပါဘူး ထူးထူးခြားခြားရယ်လို့။ ပုံမှန်ပဲ။ ကျွန်တော်တို့ ရတဲ့အချိန်မှာ အေးအေးဆေးဆေးဖြစ်အောင် သွားမယ်။ ကိုယ့်ထောက်ခံအားပေးသူနဲ့ကိုယ် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်မယ်။ ကြားထဲမှာ တစ်ဖက်ပါတီကို ထောက်ခံသူတွေနဲ့ ခိုက်ရန်မဖြစ်ပွားအောင် ကောင်ကောင်းမွန်မွန်သေသေချာချာ ပြောဆိုဆက်ဆံပြီးတော့ သွားပါတယ်။ ဒီလောက်ပါပဲ” ဟု ဒေါက်တာမင်းခေါင်ကျော်က ပြောသည်။

အားပြိုင်မှုကို ပြည်သူက ဆုံးဖြတ်မည်

ရွေးကောက်ပွဲ အောင်နိုင်ခြင်း၊ ကျရှုံးခြင်းသည် ဩဇာကြီးလူပုဂ္ဂိုလ်တစ်ဦး၏ ဇာတိမြေဖြစ်ခြင်းအပေါ်တွင် မူတည်မနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) က ဆိုသည်။

ဦးအောင်သောင်းနယ်မြေဖြစ်သဖြင့် ၎င်း၏ ပတ်သက်သူများအပေါ် ထောက်ခံအားပေးသူများရှိမည်ဖြစ်သည်။ သို့သော် မဲဆန္ဒရှင်အများစုသည် လယ်သမား၊ အခြေခံလူတန်းစားများဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရ ၅ နှစ်နှင့် NLD အစိုးရ ၅ နှစ် နှိုင်းယှဉ်ပါက မည်သည့်ကာလက ပိုအဆင်ပြေသည်ကို စဉ်းစားဆုံးဖြတ်ကြဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

NLD အစိုးရလက်ထက်တွင် ပြည်သူလူထုအနေဖြင့် အားမလိုအားရဖြစ်မှုများရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီအပေါ် စိတ်လည်လာမှုအချို့ရှိလာရာ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ထက် ပြိုင်ဆိုင်မှုပိုပြင်းထန်မည်ဖြစ်ကြောင်းလည်း ဦးရဲထွန်း(သီပေါ) က ဆိုသည်။

တောင်သာနယ်တွင် NLD အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များအပေါ် အားမလိုအားမရဖြစ်စရာများရှိသည်မှာ မှန်ကန်သော်လည်း ထောက်ခံမှုအားကောင်းနေဆဲဖြစ်ကြောင်း တောင်သာမြို့ခံ အသက် ၄၄ နှစ်အရွယ် ဦးမော်ကြည်စိုးက ဆိုသည်။ 

တောင်သာမြို့နယ်တွင် နောက်ထပ်အားပြိုင်မှုရှိနေသည်မှာ ကိုယ်စားလှယ်လောင်းများသည် ဒေသခံဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ်တွင် စဉ်းစားမှုရှိကြောင်း တောင်သာမြို့ခံများက ဆိုသည်။ 

တောင်သာမြို့နယ်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၄ ဦးအနက် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မျိုးအောင်တစ်ဦးတည်းသာ တောင်သာဒေသခံဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှာမူ ကိုယ်စားလှယ်လောင်း ၄ ဦးအနက် ၃ ဦးမှာ ဒေသခံများဖြစ်ကြသည်။ 

ဒေသခံများသည် နယ်မြေအတွေ့အကြုံပိုရှိသဖြင့် ပိုမိုအံဝင်ဂွင်ကျရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဘက်ကပြောပြီး အလုပ်လုပ်ခြင်းသည်သာ ပဓာဏဖြစ်ကြောင်း NLD ကိုယ်စားလှယ်လောင်းများက ဆိုသည်။ 

လက်ရှိအစိုးရလက်ထက်တွင် တောင်သာနယ်၌ လျှပ်စစ်မီး၊ ကျေးလက်လမ်းများ တိုးတက်ကောင်းမွန်လာပြီး အဓိကအပြောင်းအလဲမှာ အကြောက်တရားကင်းမဲ့သော လွပ်လပ်ပွင့်လင်းမှုဖြစ်သည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကြွယ်ကြွယ်က ဆိုသည်။ 

“နိုင်ငံရေးလေဗျာ။ တိကျတဲ့အဖြေက နိုဝင်ဘာ ၈ ရက်နေ့မှ ရမှာလေ။ ပြောရဆိုရတာ ခက်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘက်ထောက်ခံတဲ့ပုံစံ ပြပေမယ့်လည်း သူတို့စိတ်ထဲမှာ တစ်မျိုးဖြစ်တာမျိုးဗျ” ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းခေါင်ကျော်က ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading