ပြီးခဲ့သည့်နှစ်အတွင်း တည်ထောင်ခဲ့သော ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း၏ နိုင်ငံရေးပါတီသစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏ဩဇာလွှမ်းမိုးရာ ကချင်အထူးဒေသ (၁) ရှိ မဲဆန္ဒနယ် ၈ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၈ ခုအနက် ကချင်အထူးဒေသ (၁) အခြေစိုက် နိုင်ငံရေးပါတီတစ်ခုလည်း ပါဝင်သည်။ ထိုပါတီမှာ ကချင်နယ်ခြားစောင့်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဇခုန်တိန့်ယိန်း နာယကအဖြစ် တာဝန်ယူထားသည့် ဒီမိုကရေစီပါတီသစ်(ကချင်) (N.D.P) ဖြစ်သည်။
ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဇခုန်တိန့်ယိန်း၏ ပါတီသည် ၎င်းတို့ဩဇာလွှမ်းမိုးရာ ချီဖွေ၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်များအပြင် အင်ဂျန်းယန်မြို့နယ်တွင်ပါ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကချင်အထူးဒေသ (၁) ခေါ် အဆိုပါဒေသရှိ မဲဆန္ဒနယ် ၁၅ ခုရှိသည့်အနက် ဇခုန်တိန့်ယိန်း၏ပါတီက ၈ ခုတွင် ဝင်ပြိုင်မည်ဖြစ်သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပန်ဝါပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဇခုန်တိန့်ယိန်းက ပါတီနာယကအဖြစ် တာဝန်ယူထားသည်။
ဇခုန်တိန့်ယိန်းသည် တပ်မတော်နှင့် ငြိမ်းချမ်းရေးယူကာ ကချင်နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အဖွဲ့၏ ခေါင်းဆောင်ဟောင်းလည်း ဖြစ်သည်။


ပါတီဥက္ကဋ္ဌမှာ ဇခုန်တိန့်ယိန်း၏ NDA-K မှ ဒုတိယဗိုလ်ကြီးဟောင်း တိန့်ဆောင် (ခ) မန်ရှန်ဖြစ်ပြီး ၎င်းသည် စစ်အစိုးရနှင့် NDA-K တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ဖူးသူလည်း ဖြစ်သည်။
ဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ဇခုန်ယိန်းဆောင်မှာ ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သည်။ NDA-K ၏ ဌာနချုပ်ဟောင်းရှိခဲ့ရာ ကချင်ပြည်နယ်မြောက်ဖျားပိုင်း ချီဖွေမြို့နယ် ပန်ဝါတွင် အခြေစိုက်သည့် ဒီမိုကရေစီပါတီသစ် (ကချင်) တွင် ပါတီဝင်အင်အား ၈,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။


ဒီမိုကရေစီရေစီးကြောင်းနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်အကောင်အထည်ဖော်လိုခြင်းကြောင့် ပြည်သူ့စစ်များအားကောင်းရာ ကချင်အထူးဒေသ (၁) နယ်မြေကို ကိုယ်စားပြု၍ နိုင်ငံရေးပါတီထူထောင်ရခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ တိန့်ဆောင်က Myanmar Now ကို ပြောသည်။
“ဌာနေတိုင်းရင်းသားတွေကို ရှေ့ဆက်သွားမယ့် ဒီမိုကရေစီလမ်းကြောင်းမှာ အတူတကွ စည်းစည်းလုံးလုံးနဲ့ ခေါ်သွားနိုင်အောင် ဦးစီးဦးဆောင်လုပ်ဖို့ပါ။ တခြားနေရာတွေတိုးတက်နေသလို ကျွန်တော်တို့ဒေသ သေးသေးလေးကို တိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင်သွားဖို့ပါ” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဒေသခံများကိုသာ ရွေးချယ်ထားသည်ဟုလည်း ဒီမိုကရေစီပါတီသစ် (ကချင်) ဥက္ကဋ္ဌ တိန့်ဆောင်က ပြောသည်။
“အထူးဒေသ (၁) ကိုပဲ အားထားပြီး ပြိုင်သွားမှာပါ။ ဒေသခံတွေရှေ့ရေးကို လုပ်ပေးဖို့ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရဖွဲ့နိုင်တဲ့ အခြေအနေလည်း မဟုတ်ဘူး။ ဖြစ်ပေါ်လာမယ့် အစိုးရနဲ့ ဒေသအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။
ပါတီနာယက ဇခုန်တိန့်ယိန်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုများဖြင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲအနိုင်ရသော်လည်း ဇခုန်တိန့်ယိန်းကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ချီဖွေတွင် လာရောက်မဲဆွယ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်းများအပေါ် တရားမဲ့ပြုကျင့်ရိုက်နှက်ခဲ့ခြင်း၊ မဲဆွယ်ရန် ပိတ်ပင်ခဲ့ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကန့်ကွက်တိုင်ကြားခံခဲ့ရသူဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲကာလတွင် အခြားနိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို နှောက်ယှက်ခြင်းမပြုရန် ကချင်အထူးဒေသ (၁) တွင် စိုးမိုးထားသော နယ်ခြားစောင့်တပ်များ၊ ပန်ဝါပြည်သူ့စစ်အဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့သားများကို မှာကြားထားကြောင်း ဒီမိုကရေစီပါတီသစ် (ကချင်) ဥက္ကဋ္ဌ တိန့်ဆောင်က ဆိုသည်။
“သူများမကောင်းကြောင်း ပြောစရာမလိုပါဘူး။ ကိုယ့်ပါတီ ကောင်းအောင်လုပ်ဖို့ တပ်ဖွဲ့၊ တပ်မှူး၊ ဗျူဟာမှူးတွေ အားလုံးကို မေတ္တာရပ်ခံထားတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို နားမလည်ဘဲ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကျွန်တော်တို့နာယကကြီးလို ပယ်ချခံရတာမျိုး ထပ်မဖြစ်အောင် မေတ္တာရပ်ခံထားတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဇခုန်တိန့်ယိန်းကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း သားဖြစ်သူ ဇခုန်ယိန်းဆောင်က ချီဖွေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဇခုန်ယိန်းဆောင်သည် ယင်းမဲဆန္ဒနယ်၌ပင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ကချင်ပါတီတစ်ခုဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ကိုယ်စားပြုကာ အနိုင်ရရှိထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
ဒီမိုကရေစီပါတီသစ် (ကချင်) ၏ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများတွင် ဇခုန်တိန့်ယိန်းနှင့် သားဖြစ်သူ ဇခုန်ယိန်းဆောင်၏ ပြိုင်ဖက်ဟောင်းများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် NLD ပါတီတို့မှ ကူးပြောင်းလာသူများလည်း ပါဝင်သည်။
၎င်းတို့ပါတီ၏ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အက်စ်ဘရန်နန်မှာ NLD မှ ပြောင်းလာသူဖြစ်သည်။ ကချင်အထူးဒေသ (၁) နယ်မြေအတွင်း NLD မရောက်နိုင်သော နေရာများကိုပါ ဒီမိုကရေစီပါတီသစ် (ကချင်) က လွှမ်းမိုးထားနိုင်ခြင်းကြောင့် ပြောင်းရွှေ့လာရခြင်းဖြစ်သည်ဟု အက်စ်ဘရန်နန်က ပြောသည်။
“ဒေသပါတီမှာ ပါဝင်လာနိုင်ရင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးထိထိရောက်ရောက် ပါဝင်နိုင်မယ်လို့ ယုံကြည်တယ်”ဟု အက်စ်ဘရန်န်က ပြောသည်။
ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆန်းခေါင်မှာလည်း တစညပါတီကိုယ်စားပြုကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့ဖူးသူဖြစ်ပြီး၂၀၁၉ အထိ တစညပါတီ၏ ဆော့လော်မြို့နယ်စည်းရုံးရေးမှူးအဖြစ် လုပ်ခဲ့သူဖြစ်သည်။
ဒီမိုကရေစီပါတီသစ် (ကချင်) က ဒေသအဖွံ့ဖြိုးရေး ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် တစညပါတီမှ ပြောင်းရွှေ့လာရခြင်းဖြစ်သည်ဟု ဆန်းခေါင်က ပြောသည်။
NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကဲ့သို့ အင်အားကြီးပါတီများသည် ပြည်သူ့စစ်များခြေချင်းလိမ်နေသော ကချင်အထူးဒေသ (၁) နယ်မြေကို လက်လှမ်းမမှီသော်လည်း ဇခုန်တိန့်ယိန်းတို့၏ ဒီမိုကရေစီပါတီသစ် (ကချင်) က ယင်းဒေသများတွင် ထဲထဲဝင်ဝင် စည်းရုံးနိုင်သည်ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဟာမိတ်အဖြစ် ပူးပေါင်းထားသောပါတီ မရှိဟု ပါတီဥက္ကဋ္ဌ တိန့်ဆောင်ကဆိုသော်လည်း ဒီမိုကရေစီပါတီသစ် (ကချင်) ကိုယ်စားလှယ်လောင်းများဝင်ပြိုင်မည့် မဲဆန္ဒနယ် ၂ ခုတွင် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် သုံးမြို့နယ်ပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်ခြင်း မရှိပေ။
ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် NLD အနိုင်ရရှိခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဇခုန်တိန့်ယိန်းတို့ သားအဖနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်ခဲ့ခြင်း မရှိပေ။
အထူးဒေသ (၁) ငြိမ်းချမ်းရေးယူစဉ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ရင်းနှီးခဲ့သော တပ်မတော်အရာရှိဟောင်းများနှင့် ဆက်နွယ်နေသည့် ပြည်ခိုင်ဖြိုးပါတီနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုများကြောင့် ၎င်းတို့၏ မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးက ဝင်ရောက်မယှဉ်ပြိုင်ရခြင်း ဖြစ်သည်ဟု ဦးတိန့်ဆောင်က ပြောသည်။
“တရားဝင် မဟာမိတ်ဖွဲ့ထားတာ မရှိဘူး။ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး လူကြီးတွေက အချိတ်အဆက်မပြတ်ရှိနေတာပေါ့။ ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးလောကထဲ ဝင်လာတယ်ဆိုတာ သူတို့နဲ့ နွှယ်ပြီးမှ၊ ချိတ်ဆက်ပြီးမှပဲ လုပ်ခဲ့တာ။ သူတို့နဲ့ မကင်းရာမကင်းကြောင်းကတော့ ရှိနေကြတာပေါ့ကွယ်” ဟု ပါတီဥက္ကဋ္ဌ တိန့်ဆောင်က ပြောသည်။
တကွဲတပြားဖြစ်နေသော ကချင်နိုင်ငံရေးပါတီများကို ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အဖြစ် ပေါင်းစည်းဖွဲ့ရန် ကချင်နိုင်ငံရေးခေါင်းဆောင်များဆွေးနွေးနေချိန် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် နယ်ခြားစောင့်တပ်ခေါင်းဆောင်များက ဒီမိုကရေစီပါတီသစ် (ကချင်) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
တရုတ် - မြန်မာနယ်စပ်ရှိ ကချင်အထူးဒေသ (၁) သည် လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်စသည့် မျိုးနွယ်စုများ အခြေချနေထိုင်ရာ ဒေသဖြစ်ပြီး ဇခုန်တိန့်ယိန်းနှင့် ၎င်း၏ မိသားစုဝင်များ ဩဇာညောင်းရာ နယ်မြေလည်း ဖြစ်သည်။
ဇခုန်တိန့်ယိန်းနှင့်အတူ လယောက်ဇယ်လွန်းတို့သည် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးမယူခင်က လော်ဝေါ်၊ လာချိတ် တိုင်းရင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း တပ်မှူးငယ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
၎င်းတို့သည် ၁၉၆၈ တွင် KIA မှ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းခဲ့သည်။ ထိုအချိန်မှ စ၍ KIA ခွဲထွက် ဦးဇခုန်တိန့်ယိန်းတို့နှစ်ဦးသည် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီး၊ ပန်ဝါဒေသကို ဗကပ ၁၀၁ စစ်ဒေသအဖြစ် ခြေကုပ်ယူကာ တပ်မတော်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
၁၉၈၉ တွင်ပင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
ထို့နောက် ဇခုန်တိန့်ယိန်းနှင့် လယောက်ဇယ်လွန်းတို့သည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်ဖြင့် အထူးဒေသ (၁) တွင် လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ကို ထူထောင်ခဲ့သည်။
တပ်မတော်အစိုးရ၏ တိုင်းရင်းသားလက်လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းရေးအစီအစဉ်ကို ဇခုန်တိန့်ယိန်းက ၂၀၀၉ တွင် လက်ခံလိုက်ပြီး NDA (K) ကို နယ်ခြားစောင့်တပ်ရင်း (၃) ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











