ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်းဖြစ်သူ ဒေါက်တာတင်မာအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ကိုယ်စားပြုကာ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
ရခိုင်တိုင်းရင်းသူ ဒေါက်တာတင်မာအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာမရရှိခင်က ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့အကြီးအကဲအဖြစ်လည်းကောင်း၊ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း ၂၀၁၁ မှ ၂၀၁၆ အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ဒေါက်တာတင်မာအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) အတွက် တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အဆိုပါ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ((NLD) မှ ယခင် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ ရခိုင်အမျိုးသားပါတီ ( ANP) မှ ဒေါ်ခင်မျိုးယဉ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးကျော်ခန့်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) မှ ဦးထွန်းဉာဏ်တို့နှင့်အတူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရခိုင်နိုင်ငံရေးလောကကို စတင်ချဉ်းနင်းဝင်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ကို Myanmar Now က အီးမေးလ်မှတဆင့် ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။


မေး - ဒေါက်တာတင်မာအောင်အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အကြောင်းရင်းကို သိပါရစေ။
ဖြေ - ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းအနေနဲ့ ကူညီဆောင်ရွက်လျက်ရှိနေပေမယ့်လည်း ထိရောက်မှု ရှိသင့်သလောက် မရှိသေးဘူးလို့ တွေ့ရှိပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်သူပြည်နယ်သားများက ဆင်းရဲတွင်း ပိုမိုနက်လာပြီး တရားမျှတမှုအားနည်းတဲ့ ပတ်ဝန်းကျင်မှာ ဒုက္ခတွေခံစားနေရတာကို မြင်တွေ့နေရပါတယ်။ ဒါ့ကြောင့် လွှတ်တော်ပြင်ပမှာ လုပ်ဆောင်နေရတာထက် လွှတ်တော်အတွင်းကနေ ရခိုင်လူမျိုးများရဲ့ ကိုယ်စားလှယ်အဖြစ် ရပ်တည်ပြီး ရခိုင်လူမျိုးတွေရဲ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်လိုစိတ်တွေ ပြင်းပြလာလို့ ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။


မေး - ALD ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းကိုလည်း သိချင်ပါတယ်။
ဖြေ - ALD ပါတီဆိုတာ ၁၉၈၈ ခုနှစ်ကတည်းက ကျွန်မဖခင် ဒေါက်တာစောမြအောင်ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မအနေနဲ့ အဖွဲ့ချုပ်ရဲ့ မူဝါဒအပေါ် ယုံကြည်ချက်အပြည့်အဝရှိပြီး ကျွန်မရဲ့ကိုယ်ပိုင်ခံယူချက်နဲ့လည်း တစ်ထပ်တည်းဖြစ်နေပါတယ်။ ဒါ့ကြောင့် ALD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မေး - ဒေါက်တာတင်မာအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့တော့ အစိုးရအဖွဲ့မှာပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာပဲဖြစ်ဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာမျိုး ရှိခဲ့ဖူးပါသလား။
ဖြေ - ကျွန်မတို့ ဒီကိစ္စကို တစ်ကြိမ်တစ်ခါမှ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ကြပါဘူး။ ကျွန်မ တာဝန်ပြီးဆုံးပြီး ပါတီကထွက်လာကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ခြင်းရှိမနေတဲ့အတွက် ဒီကိစ္စမျိုး မရှိပါဘူး။
မေး ။ ။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ - ဒီအရေးကိစ္စဟာ အလွန်ခက်ခဲနက်နဲပါတယ်။ နှစ်ပေါင်းများစွာကတည်းက ဖြစ်လာတဲ့ပြဿနာကို လွယ်လွယ်နဲ့ ဖြေရှင်းဖို့ ခက်လိမ့်မယ်ထင်တယ်။
မေး - ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေဖြစ်နေတယ်။ လူအသေအပျောက်လည်း ရာနဲ့ချီပြီးရှိတယ်။ အဲဒီအပေါ်မှာ ဒေါက်တာတင်မာအောင်အနေနဲ့ ဘာပြောချင်ပါသလဲ။
ဖြေ - တိုက်ပွဲဖြစ်တဲ့နေရာမှာ ဆုံးရှုံးမှုတွေရှိနေတာ ကျွန်မတို့ရဲ့ နိုင်ငံသားတွေပါ။ ဒါဟာ နိုင်ငံရဲ့ဆုံးရှုံးမှုပါ။ ဒီပဋိပက္ခကြောင့် အသက်သေဆုံးရ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိသားစုတွေအတွက် ကျွန်မအလွန်ဝမ်းနည်းရပါတယ်။ ဆွေးနွေးပွဲတွေမဖြစ်သမျှ ဒီတိုက်ပွဲတွေ ရပ်တန့်သွားမယ်လို့ မထင်ပါဘူး။
မေး - ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေက ဘယ်လောက် အရေးကြီးတဲ့လုပ်ငန်းစဉ်တွေလို့ ယူဆပါသလဲ။
ဖြေ - တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မဖြစ်နိုင်သမျှ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နေတာထက် အသစ်ရေးတာက ပိုမြန်မယ်၊ ပိုကောင်းမယ်လို့ ထင်ပါတယ်။
မေး - ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာတယ်။ အစိုးရဖွဲ့နိုင်ခဲ့တယ်။ ငါးနှစ်တာအတွင်း NLD အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သဘောထားအမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ - အစိုးရသက်တမ်း ၅နှစ်ပြည့် အုပ်ချုပ်သွားတာကိုတော့ တွေ့မြင်ရပါတယ်။ အခက်အခဲတွေက ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါလိမ့်မယ်။
မေး - နိုင်ငံရေးထဲကို ဝင်လာပြီဆိုတော့ ဘယ်အတိုင်းအတာထိ မျှော်မှန်းထားပါသလဲ။
ဖြေ - ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေရင်း ကြုံရတဲ့အခက်အခဲတွေကို ပိုမိုထိထိရောက်ရောက်ဖြေရှင်းနိုင်အောင် နိုင်ငံရေးထဲ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကောင်းဖို့ အလုပ်လုပ်ရမှာ။ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နိုင်ဖို့က အဓိကပါ။ လုပ်ကိုင်ခွင့်ရပေမယ့်လည်း မလုပ်ခဲ့ရင် တာဝန်ခံမှုဆိုတာ ရှိတော့မည်မဟုတ်ပါ။
မေး - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ရမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ကို တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက ရွေးချယ်သင့်တယ်ဆိုပြီး ပြင်ဆင်လိုတဲ့သူတွေလည်း ရှိပါတယ်။ ဒေါက်တာတင်မာအောင်အနေနဲ့ အဲဒီကိစ္စအပေါ် ဘယ်လိုယူဆပါသလဲ။
ဖြေ - ကျွန်မအရှေ့က ဖြေခဲ့သလိုပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲသင့်တယ်လို့ ထင်ပါတယ်။ NLD က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အစီအစဉ်မရှိဘူးဆိုရင် သူတို့ဆီမှာ ဒီထက်ကောင်းတဲ့လုပ်ဆောင်ချက် အစီအစဉ်တွေ ရှိမယ်ထင်တယ်။ အဲဒါတွေကို ပြည်သူတွေသိနေအောင် ချပြသင့်တယ်လို့ ထင်ပါတယ်။
မေး - ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
ဖြေ - လွှတ်တော်ထဲကနေ ဝင်ရောက်ပြောဆိုဆွေးနွေးနိုင်မှသာ ရခိုင်ပြည်သူပြည်သားများ၊ တောင်ကုတ်သားတွေရဲ့အကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်။ ဒါ့ကြောင့် တောင်ကုတ်မဲဆန္ဒနယ် ပြည်သူတွေက သူတို့ရဲ့ကိုယ်စားလှယ်အဖြစ် ယုံကြည်စွာရွေးချယ်နိုင်အောင် ကျွန်မအနေနဲ့ အလုပ်ဖြင့် ကြိုးစားသက်သေပြသွားမှာ ဖြစ်တယ်။ ကျွန်မကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ယုံကြည်စွာရွေးချယ်ခဲ့မယ်ဆိုရင် အခြားကိုယ်စားလှယ်များနဲ့အတူ ပူးပေါင်းပြီး ကောင်းမွန်တဲ့ မနက်ဖြန်ရရှိစေမယ့် ရခိုင်ပြည်နယ်အတွက် ဒီနေ့ကစပြီး အစီအစဉ်ချ လုပ်ဆောင်သွားပါမယ်။
မေး - တောင်ကုတ်မဲဆန္ဒနယ်မှာ အာဏာရNLDပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေ အားကောင်းတဲ့နေရာ ဖြစ်တယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် သဘောရှိတဲ့ ရွေးကောက်ပွဲအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ - ငယ်ငယ်တုန်းက ကျွန်မ ရေကူးပြိုင်ပွဲတွေမှာ သူများတွေကို နိုင်ချင်ဇောထက် ကိုယ့်အတွက် သတ်မှတ်ထားတဲ့လိုင်းကနေ ကိုယ်စွမ်းအားရှိသလောက် ကြိုးစားကူးခတ်သွားခဲ့ပါတယ်။ ဒီလိုပဲ အခုရွေးကောက်ပွဲမှာ ကျွန်မအနေနဲ့ ရိုးသားသန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင်သွားမှာပါ။
မေး - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့အတွက် NLD ပါတီနဲ့ ညှိနှိုင်းမှုတွေရှိတယ်ဆိုပြီး ပြောဆိုနေတာတွေအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ ခင်ဗျ။
ဖြေ - လူတိုင်းမှာ လွတ်လပ်စွာ တွေးခွင့်၊ မြင်ခွင့်ရှိပါတယ်။ သဘောထားကွဲလွဲခွင့်လည်း ရှိပါတယ်။ အရှေ့ကပြောခဲ့တဲ့ ကျွန်မကတိအတိုင်း တာဝန်တစ်ခုပြီးဆုံးအောင် ထမ်းဆောင်ခဲ့တာသာ ဖြစ်ပါတယ်။ တာဝန်တစ်ခုပြီးလို့ ကျွန်မဘဝမှာ နောက်တာဝန်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ပြင်ပကနေ ဇောက်ချလုပ်ပေးနေတာ လေးနှစ်ကျော်ရှိခဲ့ပြီးဖြစ်ပေမဲ့ တိုးတက်မှုကို အားမရနိုင်တဲ့အတွက် ပိုမိုထိရောက်မယ့် လွှတ်တော်ထဲကနေ တာဝန်ယူဆောင်ရွက်နိုင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









