ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ 

တပ်မတော်စစ်ကြောင်းက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည် 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - သန့်မြတ်ခိုင်/ Myanmar Now) 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဘူးသီးတောင်မြို့နယ် ဝါရှိလ္လာကျေးရွာ၊ ကြက်မောက်တောင်ရွာနှင့် ပြင်ရှည်အရှေ့ရွာတို့မှ ဒေသခံ ၁၅ ဦးကို အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် ပြင်‌ရှည်အရှေ့ရွာသား  အဒူကော်ရိန်က ပြောသည်။

“ကျွန်တော်တို့က ဝမ်းတွင်းကျေးရွာရဲ့ တောင်တစ်ဘက်မှာ နွားကျောင်းနေကြတာ။ အဲဒီမှာ စစ်ကြောင်းတစ်ခုက တောင်ကျော်ပြီး အ‌ရှေ့ဘက်ကို ဦးတည်လာတယ်။ လာတဲ့အချိန်မှာ လမ်းမသိလို့ ကျွန်တော်တို့နဲ့ ခဏလိုက်ရမယ်ဆိုပြီးတော့ ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ ခေါ်ဆောင်သွားပြီး ခမွေချောင်းရွာနှင့် ဝမ်းတွင်းရွာအကြား အရောက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၍ ထွက်ပြေးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“လမ်းမသိဘူးဆိုပြီးတော့ ၁၅ ယောက်လုံးကို ရှေ့က သွားခိုင်းတယ်။ အဲလိုသွားခိုင်းပြီး လမ်းတစ်ပိုင်းအရောက်မှာ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ကြတာ။ ဖြစ်တဲ့အချိန်မှာ သူတစ်ကြောင်း၊ ကိုယ်တစ်ကြောင်း ထွက်ပြေးကြတယ်။ သေသွားတဲ့လူတွေက ဘယ်လိုသေကြတယ်ဆိုတာကို အဲဒီအချိန်မှာ ကျွန်တော်တို့ မပြောနိုင်တော့ဘူး” ဟု အဒူကော်ရိန်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတွင် နွားကျောင်းနေသူများ ငါးရှာနေစဉ် ကျည်ဆန်ထိမှန်သဖြင့် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။ 

"ကျွန်တော်တို့ သိတာက နွားကျောင်းသွားဖို့ သွားကြတယ်။ တိုက်ပွဲကလည်း ဖြစ်နေတယ်ဆိုတော့ တိုက်ပွဲကြားထဲမှာ ငါးရှာတဲ့အချိန် ကျည်ဆန်ကျတယ်လို့ ရပ်ကျေးက ပေးပို့တဲ့သတင်းထဲမှာ အဲလိုပဲပါတယ်။ (လမ်းပြ) ခေါ်ယူသွားတယ်လို့ မသိရဘူး" ဟု ၎င်းက ပြောသည်။ 

ထွက်ပြေးလွတ်မြောက်လာသူများအနက် ဆော်ဒူလာမိန်ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ဘူးသီးတောင်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု ပြင်ရှည်အရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးဆောလိမ်က ပြောသည်။ 

ပြင်ရှည်အရှေ့ရွာမှ အသက် ၁၇ နှစ်အရွယ် အာနဝါဟူးဆောင်းနှင့် အသက် ၁၂ နှစ် အရွယ် အာယရ်တူလာတို့ နှစ်ဦးကို မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောသည်။ 

“ပြန်ရောက်မလာတဲ့သူတွေရဲ့ မိသားစုတွေက ငိုယိုပြီး အကူအညီလာတောင်းကြတယ်။ ဒီနေ့မနက်က ၅၆၅ တပ်ရင်းကိုသွားပြီးတော့၊ အရာရှိတစ်ယောက်ကို သွားပြောပြီးတော့ သူတို့ကလည်း စစ်ကြောင်းကို ဆက်သွယ်ပြီးပြောတယ်။ အဲဒီအချိန်မှာ မိသားစုတွေက သွားရှာကြတာ။ ရှာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက တာတစ်ခုမှာ သေပြီးတွေ့ရတယ်လို့ ပြောပါတယ်” ဟု ပြင်ရှည်အရှေ့ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ခမွေချောင်းနှင့် ဝမ်းတွင်းရွာအကြား အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၆ တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ကို ဒေသခံများ၏ ပြောဆိုချက်အရ သိရကြောင်း ဘူးသီးတောင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ဒေသခံ ၁၅ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ်ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ 

လတ်တလောတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ကမ်းဘေးရွာများဖြစ်သော ပြင်ဝန်းကျေးရွာ၊ စေတီပြင်နှင့် ကံပြင်ကျေးရွာများ၌  အောက်တိုဘာ ၆ တွင် လက်နက်ကြီးကျည်များ ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

“တပ်မတော်ဇက်ရေယာဉ်တွေက မေယူမြစ်ကြောင်းအတိုင်း အပေါ်ကိုတက်လာတယ်။ ပြင်ဝန်းနဲ့ မှန်နီပြင်ကြား အရောက်မှာ AA (ရက္ခိုင့်တပ်တော်) က စပစ်တယ်လို့ သိရပါတယ်။ ဘယ်နှစ်ချက်ပစ်လဲ ဆိုတာကို မသိဘူး။ ဇက်က ပြန်ပစ်တာက အများကြီး” ဟု ပြင်ဝန်းကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ပြင်ဝန်းကျေးရွာမှ အသက် ၉၁ နှစ်အရွယ် ဦးမောင်စိုးနှင့် ဗုံးခိုကျင်းတွင် ပုန်းခိုနေသည့် ၎င်း၏မြေးတော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်မျိုးသန့်ဇင်ဖြစ်ပြီး လက်ရှိတွင် စေတီပြင်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ 

လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်ကြောက်လန့်သဖြင့် ပြင်ဝန်းကျေးရွာသားများသည် ရသေ့တောင်မြို့ပေါ်နှင့် စေတီပြင်ကျေးရွာသို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။  

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုကြောင့် မေယုမြစ်ကမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများသည် စက်တင်ဘာလဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်လျက် ရှိကြသည်။ 

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) အဆိုအရ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ စစ်‌ရှောင်အရေအတွက်မှာ အောက်တိုဘာ ၁ အထိ ၂၂၆,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading