တားမြစ်နယ်မြေအတွင်း ဖမ်းဆီးရမိသူများကို အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်သွယ်မှု ရှိမရှိ စစ်ဆေးနေပြီး သေဆုံးသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ (အောက်တိုဘာ ၅) ညပိုင်းက တပ်မတော်၏ ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပြီး အခြား ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
မင်းပြားမြို့လယ်ရှိ ဦးစိုးတင့်တံတားအောက်တွင် သွားလာနေသည့် စက်လှေတစ်စီးပေါ် လိုက်ပါလာသည့် မွတ်စလင်အမျိုးသားသုံးဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ပြောသည်။

မင်းပြားမြို့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် စက်လှေနှစ်စီး ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်ရန် အော်ဟစ်ပြောဆိုခဲ့သော်လည်း ရပ်တန့်မှုမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု တပ်မတော်က ယနေ့ (အောက်တိုဘာ ၆) တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါစက်လှေနှစ်စီးကို စစ်ဆေးရာတွင် သေဆုံးနေသည့် အလောင်းသုံးလောင်းနှင့် ဓား၊ ဖုန်း၊ ကြိုးဆွဲစက် လှေအင်ဂျင် ၂ လုံးကို ဖမ်းဆီးရမိခဲ့သည့်အပြင် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်နေ အမျိုးသားသုံးဦးကို ဓား၊ ကြိုး၊ လေးခွများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟုလည်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မင်းပြားမြို့တွင် ည ၁၂ နာရီအချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မင်းပြားမြို့မရဲစခန်းမှအရာရှိတစ်ဦးက အလောင်းများလာယူရန် ဖုန်းဆက်အကြောင်းကြားခဲ့သောကြောင့် သွားရောက်ယူဆောင်ခဲ့ရကြောင်း မြို့နယ်နာရေးကူညီမှုအသင်းမှ ဦးသာထွန်းအေးက ပြောသည်။
“ည ၁၂ နာရီလောက်မှာ ရဲက ခေါ်တယ်။ ဒါကြောင့် အလောင်းကို သွားယူတယ်။ ပြီးတော့ အလောင်းကို နာရေးရုံးရှေ့မှာ ကားပေါ်မှာထားခဲ့တယ်။ မနက်မိုးလင်းမှ အလောင်းကို ရဲက ရင်ခွဲရုံကို သွင်းတယ်။ ခွဲရုံက ဆရာဝန်တွေ စစ်တယ်။ ပြီးတော့ သူတို့ရွာကို ပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။


မင်းပြားမြို့နယ်သည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်ဖြစ်ပြီး တားမြစ်မိန့်ထုတ်ပြန်ထားသည့် နယ်မြေအတွင်း ဖမ်းဆီးရမိသူများကို အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်သွယ်မှု ရှိမရှိ စစ်ဆေးနေကြောင်းနှင့် သေဆုံးသူများကိုလည်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












