သတင်း

မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်အတွက် မကွေးတွင်စကောက်၊ မြေသိမ်းခံရမည်ကို ဒေသခံအချို့စိုးရိမ်

(ရန်ကုန်) – မကွေးတိုင်းအတွင်းရှိ မြေလွတ်မြေလပ်မြေရိုင်းများတွင် ထွန်ယက်စိုက်ပျိုးနေသူများ၏ စာရင်းကို လိုက်ခံကောက်ခံနေခြင်းမှာ ဒေသခံအချို့ထင်နေသကဲ့သို့ မြေသိမ်းရန်မဟုတ်ဘဲ လုပ်ပိုင်ခွင့် မှတ်ပုံ မတင်ရသေးသူများအား မှတ်ပုံတင်ရေး အကြောင်းကြားရန်ဖြစ်ကြောင်း မြေစာရင်းအရာရှိများက ဆိုသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ယခုနှစ် စက်တင်ဘာ ၁၁ တွင် အစိုးရက အတည်ပြုခဲ့ပြီးနောက် ၆ လအတွင်း ယင်းမြေနေရာများတွင် စိုက်ပျိုးနေသူများသည် အစိုးရထံ ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်သည်။

အဆိုပါ အချိန်ကာလ ကျော်လွန်သွားပါက မြေများကိုပြန်လည်သိမ်းယူမည့်အပြင် လျှောက်ထားခြင်း မရှိသူများနှင့် ခွင့်ပြုဖို့မသင့်သည့်မြေပေါ်တွင် ဆက်လက်လုပ်ကိုင်နေသူများကို ထောင်ဒဏ် နှစ်နှစ် နှင့် ငွေဒဏ် ကျပ် ငါးသိန်းအထိ ပြစ်ဒဏ်ချမှတ်သွားမည်ဟုလည်း ဥပဒေတွင်ဖော်ပြထားသည်။

ယင်းကာလအတွင်း တောင်သူများအား မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းကောက်နေခြင်း ဖြစ်ကြောင်း မကွေးတိုင်း ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးသန်းဆွေက ဆိုသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် ဒေသခံများက ယင်းစာရင်းတွင် အမည်မပေါက်ပါက ၄င်းတို့၏ မြေယာများ သိမ်းဆည်းခံရမည့်အရေး တွေးပူနေကြသည်။

မကွေးတိုင်း စေတုတ္တရာမြို့နယ် တယ်စားကျေးရွာမှ တောင်သူ ဦးစိုးနိုင်ဝင်းက ၄င်းတို့ရွာတွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိကောက်ခံသည့် စာရင်းတွင် သူ၏အမည် မပါဝင်ခဲ့သဖြင့် ထွန်ယက်စိုက်ပျိုးနေသည့် မြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

“ဘာအတွက်ကောက်လဲတော့သေချာမသိဘူး ကျွန်တော့်နာမည်မပါသွားတော့ မလျှောက်လိုက်ရမှာကို စိုးရိမ်တယ်” ဟု ၄င်းကပြောသည်။

မြေလွတ်မြေလပ်မြေရိုင်းများအတွက် လျှောက်လွှာတင်မည့်သူများ စာရင်းကို ရက်အနည်းငယ်အတွင်း သက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးဌာနမှ ကောက်ခံသွားကြောင်းသိရပြီး စာရင်းတွင်မပါဝင်သည့် တောင်သူများ အနေဖြင့် ဆုံးရှုံးမှုများကြုံရနိုင်သည့် အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း မြေယာအရေးလုပ်ဆောင်နေသည့် လူထုအခြေပြုဥပဒေကူညီမှုကွန်ရက်မှ အစီအစဉ် ဒါရိုက်တာ မသင်ဇာဦးက ပြောသည်။

“ရက်အနည်းငယ်နဲ့ စာရင်းတွေကောက်သွားတယ်ဆိုတော့ ကျွန်မတို့က စိုးရိမ်တယ် ဘာကြောင့်လဲဆိုတော့ အဲဒီစာရင်းထဲမှာမပါသွားတဲ့သူတွေလည်းအများကြီးပဲ” ဟု မသင်ဇာဦးက ပြောသည်။

ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများကို ပိုမိုအသိပညာပေးရန် လိုအပ်ပြီး စာရင်းကောက်ယူသည့်အခါတွင်လည်း တောင်သူအားလုံးကို ပွင့်ပွင့်လင်းလင်းအသိပေးပြီး ကောက်ယူသင့်ကြောင်း ၄င်းက ထောက်ပြသည်။

ဒေသတွင်း မြေစာရင်းအရာရှိ ဦးသန်းဆွေက ဒေသခံများအား စိုးရိမ်မှုမပိုရန် ပြောကြားခဲ့ပြီး ယခုစာရင်းတွင် ပါဝင်သူများသည်လည်း မြေလွတ်မြေလပ်မြေရိုင်းကို လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ပြောသည်။

“စာရင်းထဲပါမှ လျှောက်ရမယ်မဟုတ်ပါဘူး ဥပဒေအရ စာရင်းထဲ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ လုပ်ကိုင်နေသည်ဖြစ်စေ မလုပ်ကိုင်သည်ဖြစ်စေ လျှောက်ပိုင်ခွင့်ရှိပါတယ် ” ဟု ၄င်းက ပြောသည်။

တိုင်းအစိုးရမှ မြေစာရင်းဦးစီးဌာနသို့ စာရင်းကောက်ယူရန် ပို့ခဲ့သည့် အကြောင်းကြားစာကို ဖတ်ခွင့်ရခဲ့သည့် မကွေးတိုင်း မဲဆန္ဒနယ်(၅) အမျိုးသားလွှတ််တော်အမတ် ဦးတင်အောင်ထွန်းက ညွှန်ကြားစာအရ မြေများ ပြန်လည်သိမ်းယူရန် (သို့မဟုတ်) လုပ်ကိုင်ခွင့်လျှောက်ထားခိုင်းခြင်းမဟုတ်ဘဲ လုပ်ကိုင်နေသူ စာရင်းကို ကောက်ယူခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

လုပ်ပိုင်ခွင့် မှတ်ပုံမတင်သူများအား ထောင်ဒဏ်ချနိုင်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို မြေယာအရေးတက်ကြွလှုပ်ရှားသူများကလည်း ဝေဖန်နေကြပြီး ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုနေကြသည်။

မကွေးတိုင်း သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ၆ လအတွင်း မှတ်ပုံမတင်ပါက ထောင်ချနိုင်သည့် အချက်ကို ပြင်ဆင်ရန်နှင့် တောင်သူများ အလွယ်တကူ လျှောက်ထား နိုင်သည့် အခြေအနေ ဖန်တီးပေးရန် သူရဦးရွှေမန်း ခေါင်းဆောင်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နှင့် ဒီဇင်ဘာ ၆ တွင် တွေ့ဆုံခဲ့ပြီး တောင်းဆိုခဲ့သည်ဟု ပြောသည်။

အဆိုပါတွေ့ဆုံမှုများအတွင်း မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးချစ်ကိုကိုလည်း ပါဝင်ခဲ့ပြီး အဆိုပါတွေ့ဆုံမှုရလဒ်အဖြစ် ယခုလို စာရင်းကောက်ခံခြင်းဖြစ်နိုင်သည်ဟုယူဆကြောင်း ကိုအောင်ကျော်ကျော်ကပြောသည်။

လုပ်ကိုင်ခွင့် လျှောက်ထားခွင့်မရပါက မြေယာဆုံးရှုံးမည့်အပြင် ထောင်ဒဏ်ပါကျခံရနိုင်သည့် အခြေအနေဖြစ်နေပြီး ၆ လဆိုသည့်အချိန်မှာ ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်သည်။

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ယခုထုတ်ပြန်သည့် ဥပဒေသည် ယခင်အစိုးရများလက်ထက်က ကျင့်သုံးခဲ့သည့် တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှုစနစ်ပုံစံဖြစ်နေပြီး တိုင်းရင်းသားများ၏ လူ့အခွင့်အရေးစံနှုန်း၊ ဒီမိုကရေစီစံနှုန်းနှင့် ဖက်ဒရယ်စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်နိုင်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့က စာထုတ်ကာ ကန့်ကွက်ထားသည်။

Show More

Related Articles

Back to top button