တောင်သူလယ်သမားဘူတာမရောက်သဖြင့် NLD ရထားကြီးက ဆင်းခဲ့သည်ဆိုသူ မအူပင်စိန်ဝင်း (ခ) အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ဥက္ကဋ္ဌ ဦးစိန်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မိသားစုလိုက်ဝင်ပြိုင်မည်ဖြစ်သည်

နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေတုန်းမျှောင်ကျေးရွာတွင် NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်း စက်တင်ဘာ ၂၆ ရက်က မဲဆွယ်စည်းရုံးရေးဆင်းနေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now)

“ကျုပ်နာမည်ကို သိလား” ဟု အော်ပြောလျက်ရှိသူမှာ အသားညိုညိုနှင့် တုတ်တုတ်ခိုင်ခိုင်ရှိသူတစ်ဦး ဖြစ်သည်။ 

ထိုသူကဆက်ပြီး “စိန်လိုတန်ဖိုးရှိပြီး ဝင်းလဲ့လှပတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးမယ့်သူလို့ မှတ်ထားပေး” ဟု ပြောလိုက်သည်။ ထိုသူမှာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်း ဖြစ်သည်။ မအူပင်စိန်ဝင်းဟုလည်း လူသိများသူဖြစ်သည်။ 

တောင်သူလယ်သမားအများစုရှိရာ လယ်ဝေးမြို့နယ် ပေတုန်းမျှောင်ကျေးရွာတွင် စက်တင်ဘာ ၂၅ ရက်က ဦးစိန်ဝင်း မဲဆွယ်စည်းရုံးရေး ရောက်ရှိနေသည်။ 

"အကြောင်းကြောင်းကြောင့် မလာနိုင်ရင်လည်း မလာပါနဲ့။ သို့သော် ကျွန်တော့်ရဲ့အသံလေးကို အားစိုက်နားထောင်ပြီးတော့ မိဘပြည်သူများလိုအပ်သလို အကျိုးရှိရှိအသုံးချပေးဖို့ ကျွန်တော် မိုက်နဲ့ ဟောကြာပေးမှာ ဖြစ်ပါတယ်” ဟု အသံချဲ့စက်မှတဆင့် ဦးစိန်ဝင်းက ဖိတ်ခေါ်လျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် လယ်ဝေးမြို့နယ်တွင် ဦးစိန်ဝင်း မဲဆွယ်ဟောပြောနေခြင်းဖြစ်သည်။ ဦးစိန်ဝင်း၏ မဲဆွယ်ပွဲတွင် ရွာသူရွာသား ၂၀ ကျော်သာခန့် တွေ့ရသည်။ 

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သော်လည်း ဦးစိန်ဝင်းမှာ လာမည့်ရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲတွင် ကိုယ်ပိုင်ပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးစိန်ဝင်း၏ ပါတီမှာ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ဖြစ်သည်။ သူ့ကိုယ်ပိုင်ပါတီဖြစ်သည်နှင့်အညီ ပါတီအလံ၊ ပါတီတံဆိပ်ကိုလည်း စိတ်ကြိုက်ဖန်တီးထားသည်။ အဝါရောက်ဖျော့ဖျော့နောက်ခံပေါ်တွင် ခမောက်ပုံ၊ ခေါင်းပေါင်းပုံ၊ အလုပ်သမားခေါင်းဆောင်းပုံများ ပုံဖော်ထားသည်။ အပေါ်ထောင့်တစ်နေရာတွင် အပြာရောင်နောက်ခံဖြင့် ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငယ်များဖြင့် ဝိုင်းရံထားသည်။

တောင်သူအကျိုးပြု မြေကြီးကိုကိုယ်စားပြုသောအားဖြင့် ပုံဖော်ထားသည့် နောက်ခံအရောင်မှာ ကာကီရောင်ဖြစ်သည်ဟု ဆိုသည်။ ခမောက်သည်လည်း တောင်သူကိုယ်စားပြုသဘောဖြစ်သည်။ အလုပ်သမားထုကို ကိုယ်စားပြုရန် အလုပ်သမားခေါင်းဆောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကိုယ်စားပြု မောင့်ကျက်သရေခေါင်းပေါင်းများလည်း ထည့်သွင်းထားသည်။ ကြယ်ဖြူများသည် ဖက်ဒရယ်ဒီမိုကရေစီကိုယ်စားပြု အဓိပ္ပာယ်ဖြစ်သည်ဟု ဆိုသည်။ 

ဦးစိန်ဝင်းက ပါတီအလံနှင့် တံဆိပ်ကိုသာ စိတ်ကြိုက်ဖန်တီးထားသည် မဟုတ်ပေ။ ရွေးကောက်ပွဲကိုပင်လျှင် မိသားစုလိုက် စိတ်ကြိုက်ဝင်ပြိုင်မည်ဖြစ်သည်။ သားအမိသားအဖ သုံးဦးစလုံး NUD ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရပါက လွှတ်တော်တွင်း၌ မိသားစုလိုက် လှုပ်ရှားရန်လည်း ဦးစိန်ဝင်းက စိတ်ကူးထားသည်။ 

"သမီးရေ၊ သားရေ မင်းတို့ဝင်မှ ဖေဖေအဆိုတင်မယ်။ ငါ့သမီးလေးက ထောက်ခံ၊ ငါ့သားက ဝင်ဆွေးနွေး။ အဲဒါဆိုရင် ပြည်သူတွေက ပိုပြီး၊ ပိုပြီးသိလာမှာ။ အဲဒီတော့ သားတို့သမီးတို့ မငြင်းနဲ့ကွာ" ဟု ရွေးကောက်ပွဲဝင်ရန် သားသမီးများကို စည်းရုံးခဲ့ပုံကို ဦးစိန်ဝင်းက ရှင်းပြသည်။ 

သားဖြစ်သူ ဦးကျော်စိုးမိုးကို နေပြည်တော်ရှိ ဒိက္ခိဏခရိုင်တစ်ခုလုံးပါဝင်သော မန္တလေးတိုင်း အမှတ် ၁၁ မဲဆန္ဒနယ်၊ သမီးဖြစ်သူ ဒေါ်မြမျိုးသူဇာဝင်းကို ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်စေမည်ဖြစ်သည်။ 

ကာကီရောင် NUD ပါတီတွင် ဖခင်ဖြစ်သူ ဦးစိန်ဝင်းက ပါတီဥက္ကဋ္ဌဖြစ်ပြီး သားနှင့်သမီးက ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများကို အရင်းခံ၍ ဖခင်၏ ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ ရွေးကောက်ပွဲတွင် မိသားစုလိုက် အောင်မြင်မှုရရန်လည်း ယုံကြည်ထားကြသည်။ 

သားဖြစ်သူ ဦးကျော်စိုးမိုးသည် ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး မြေဩဇာမှတ်ပုံတင် ဝန်ဆောင်ပေးသည့် ကျော်မိုးမင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒေါ်လာငါးမုန့်ကျော်လုပ်ငန်းပိုင်ရှင်လည်း ဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရရှိပါက ရာနှုန်းပြည့်နိုင်ငံရေးလုပ်မည်ဖြစ်ပြီး အနိုင်မရရှိခဲ့ပါက ဖခင်ဦးစိန်ဝင်း၏ ပါတီလုပ်ငန်းများကို ဆက်လက်ကူညီရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ရန် သမီးဖြစ်သူ ဒေါ်မြမျိုးသူဇာဝင်းက စိတ်ကူးထားသည်။ 

မအူပင်စိန်ဝင်းတစ်ဖြစ်လဲ NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းသည် ရွေးကောက်ပွဲတွင် ပါတီအသစ်၊ မဲဆန္ဒနယ်အသစ်၊ ကိုယ်စားလှယ်လောင်းအသစ်များဖြင့် ပွဲထွက်တော့မည်ဖြစ်သည်။ မိသားစုလိုက်ဝင်ပြိုင်မည့် တိုက်ပွဲတွင် အတွေ့အကြုံကောင်းများဖြင့် ဦးဆောင်ကွပ်ကဲနိုင်ရန် ဦးစိန်ဝင်း စိတ်အားထက်သန်လျက်ရှိသည်။ 

သို့သော် ဦးစိန်ဝင်းတွင် ခေါင်းခဲစရာလည်း ရှိနေသည်။ မိသားစုလိုက် စိတ်ပိုင်းဖြတ်လုပ်ကိုင်နေသော်လည်း နိုင်ငံရေးပါတီတစ်ခုရပ်တည်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ပါတီရန်ပုံငွေကိစ္စသည် ခေါင်းခဲစရာဖြစ်သည်။ 

"မအူပင်ကတော့ ကျွန်တော့အတွက် ချောင်တာပေါ့။ ဒီမှာကျတော့ အသစ်ပြန်တည်ဆောက်ရတာပေါ့။ ဘယ့်နှယ် ပင်ပန်းလိုက်တာ အခု။ ငွေရေးကြေးရေးကအစ ပင်ပန်းလိုက်တာ" ဟု ဦးစိန်ဝင်းက ညည်းတွားသည်။ 

လက်တွေ့၌လည်း လယ်ဝေးမြို့နယ် ပေတုန်းမျှောင်ရွာ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် မော်တော်ယာဉ်နှစ်စီး၊ အခြွေအရံငါးဦးခန့်ဖြင့်သာ ဦးစိန်ဝင်းရောက်လာခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့သည့် ဦးစိန်ဝင်း၏ NUD ပါတီသည် သုံးနှစ်ခန့်အတွင်း ပါတီဝင်အင်အား ၃၀၀၀ ခန့်ရှိလာပြီး ကုန်ကျစရိတ် ကျပ်သိန်း ၈၀၀ နီးပါးရှိပြီဖြစ်သည်။ ကုန်ကျငွေအများစုအတွက် မိသားစုစိုက်ထုတ်ငွေနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၀ ကျော်၏ ဝိုင်းဝန်းပံ့ပိုးဖြင့် လည်ပတ်နေရသည်ဟု ဆိုသည်။ 

လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၀ ကျော်ရှိသော်လည်း ရန်ပုံငွေအခြေအနေအရ ဦးစိန်ဝင်း၏ NUD ပါတီက ၁၆ နေရာသာ ဝင်ပြိုင်ရန် စာရင်းပေးထားသည်။ 

ပြည်သူ့လွှတ်တော်အမတ်လစာ၊ နေ့တွက်စရိတ်၊ သားဖြစ်သူ၏ ထောက်ပံ့ငွေ၊ ဇနီးဖြစ်သူ၏ ပိုင်ဆိုင်မှုအချို့ကို ထုတ်ရောင်းရင်း ပါတီကို အသက်ဆက်နေရသည်ဟု ဦးစိန်ဝင်းက ပြောသည်။ 

“ကုန်ပေမယ့် ကျွန်တော်က ပျော်နေတာ၊ တစ်ကယ်ပျော်နေတာ” ဟု ဦးစိန်ဝင်းက ရယ်ရယ်မောမော ဆိုသည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် မအူပင်မြို့နယ်၌ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ရင်း ဦးစိန်ဝင်း အနိုင်ရခဲ့သည်။ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွင် NLD ရှုံးနိမ့်ခဲ့သည့် မအူပင်မြို့နယ်တွင် ဦးစိန်ဝင်းက နှစ်ကြိမ်ဆက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ 

မအူပင်မြို့နယ်တွင် နှစ်ကြိမ်ဆက် ဦးစိန်ဝင်းအနိုင်ရရှိခဲ့ခြင်းမှာ NLD ပါတီကြောင့်ဖြစ်သည်ဟု NLD ပါတီ၏ခေါင်းကိုင်ဖခင်ဟု လူအများသတ်မှတ်ခံရသူ ဦးဝင်းထိန်က မှတ်ချက်ပြုသည်။ 

ဦးစိန်ဝင်းကမူ ထိုအချက်ကို ခါးခါးသီးသီး ငြင်းပယ်သည်။ "မအူပင်က ကျွန်တော့်လက်ထက်ကျမှ နိုင်တာ၊ တချို့ထင်နေတာက NLD ပုံရိပ်ကြောင့် နိုင်တယ်ပေါ့။ ကျွန်တော့်အတွက်တော့ ဒီစကားက မှားတယ်" ဟု ဦးစိန်ဝင်းက ဝံ့ဝံ့ကြွားကြွားဆိုသည်။ 

NLD ပါတီဝင်မဖြစ်မီကတည်းက ရွေးကောက်ပွဲအတွေ့အကြုံရှိပြီးကြောင်းလည်း ဆိုသည်။ အာဏာရပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု ဝင်ပြိုင်ရင်း ရှုံးနိမ့်ဖူးသည့် အတွေ့အကြုံကို ဦးစိန်ဝင်းက ရည်ညွှန်းခြင်းဖြစ်သည်။ 

"၂၀၁၀ ရွေးကောက်ပွဲကတော့ သိတဲ့အတိုင်းပဲ စက်နဲ့တွက်သလို အဖြေထုတ်တာကိုး" ဟုလည်း ထိုစဉ်ကအရှုံးနှင့်ပတ်သက်၍ ဦးစိန်ဝင်းက ဆင်ခြေပေးသည်။ 

၂၀၁၁ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို စွန့်ခွာပြီး NLD နှင့် ပူးပေါင်းခဲ့သည်။ အောင်မြင်မှုများလည်း ဖမ်းဆုပ်နိုင်ခဲ့သည်။ သို့သော် ကြာရှည်ကြာညောင်းတော့ မဟုတ်ပေ။ 

NLD ပါတီဝင် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးအနေဖြင့် လွှတ်တော်တွင်း၌ ဦးစိန်ဝင်း ခေါင်းထောင်နိုင်ခဲ့သော်လည်း ပါတီနှင့် သဘောထားကွဲလွဲမှုများ ရှိလာသည်။ ဥပဒေကြမ်းတင်ခြင်း၊ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးခြင်း၊ ဆွေးနွေးခြင်း၊ ရန်ပုံငွေရှာဖွေခြင်း စသည့် စသည့် လှုပ်ရှားမှုများတွင် ပါတီနှင့် ထိပ်တိုက်တွေ့လာသည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဌ အစည်းအဝေးခန်းမအတွင်းမှ မထွက်ခွာသေးမီ ထသွားမိသဖြင့် အဆူအငေါက်ခံရခြင်းကိုပင် ဦးစိန်ဝင်း မှတ်မိနေသည်။ ပါတီနှင့် ဦးစိန်ဝင်းအကြား တစ်ခန်းရပ်ရန် ဖန်လာသည့်အကြောင်းမှာ ဧရာဝတီတိုင်း၊ မလက်တိုကျေးရွာက မြေသိမ်းကိစ္စဖြစ်သည်။ 

မြေသိမ်းသည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံတောင်သူများနှင့် အော့ချက်(ဒ်)ကုမ္ပဏီတို့ အငြင်းပွားခဲ့ရာတွင် ကုမ္ပဏီကို ထောက်ခံရေးသားထားသည့် စာတစ်စောင်တွင် ၎င်း၏လက်မှတ်ကို သဘောမတူဘဲ ယူသုံးသည်ဟုဆိုကာ မအူပင်မြို့နယ် NLD တာဝန်ရှိသူအပါအဝင် လူ့အချို့ကို အမှုဖွင့်တရားစွဲရန် ဦးစိန်ဝင်းက စီစဉ်ခဲ့သည်အထိ ပဋိပက္ခဖြစ်ခဲ့သည်။ 

ပါတီဝင် လွှတ်တော်အမတ်ဖြစ်ခဲ့သူ ဦးစိန်ဝင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများအပေါ် NLD နာယက ဦးဝင်းထိန်က 'ထင်ရာလျှောက်လုပ်တာ" ဟု မှတ်ချက်ပြုသည်။

ထိုအချိန်က ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌဖြစ်သည်။ တစ်နှစ်ခန့်အကြာတွင် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌရာထူးအပြင် ပါတီဝင်အဖြစ်မှပါ ဦးစိန်ဝင်းနုတ်ထွက်ခဲ့ရသည်။ 

ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့်ပါတီကို ကျောခိုင်းပြီးနောက် ကိုယ်ပိုင်ပါတီဖြင့် ရွေးကောက်ပွဲကို မိသားစုလိုက် အားစမ်းတော့မည်ဖြစ်သည်။ ယခင်ရွေးကောက်ပွဲများတွင် မဲအရေအတွက်သောင်းဂဏန်းဖြင့် သာသာယာယာကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရုန်းကန်ရမည်ကို ဦးစိန်ဝင်းနားလည်ထားသည်။ 

မည်သည့်လွှမ်းမိုးမှုမျှ မခံချင်၍ နောက်လိုက်ကောင်းအဖြစ်မှ ပါတီသစ်တစ်ရပ် ထူထောင်ယှဉ်ပြိုင်ရသည့် အခြေအနေသည် များစွာခက်ခဲကြောင်း ဦးစိန်ဝင်းက ဝန်ခံသည်။ 

“ကျွန်တော်သွားချင်တာက တောင်သူလယ်သမားဘူတာ။ မရောက်ဘူးထင်လို့ အဲဒီရထား (NLD) က ဆင်းလိုက်တယ်။ ကိုယ့်ဟာကိုယ် ရထားတည်ဆောက်ပြီးတော့ တောင်သူလယ်သမားဘူတာရောက်အောင် သွားမယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ စေတနာနဲ့ ပါတီထောင်ရတာ" ဟု ၎င်းက ဆိုသည်။ 

တောင်သူလယ်သမားအရေးသည် နိုင်ငံ့အရေးဟု ဦးစိန်ဝင်းက ကြွေးကြော်ထားသည်။ မြေသိမ်းခံရသည့်ကိစ္စများ ဖြေရှင်းပေးမည်၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ထိန်းကျောင်းမည်ဆိုသော ကတိကဝတ်များဖြင့်လည်း မဲဆွယ်စည်းရုံးလျက်ရှိသည်။ 

ထို့ပြင် အမျိုးဘာသာသာသနာကို စောင့်ရှောက်၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဆက်လက်ထားရှိမည်ဟူသော စာသားများပါဝင်သည့် လက်ကမ်းကြော်ငြာစာများ အလုပ်ဖြစ်မည်ဟုလည်း NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ယုံကြည်ထားသည်။ 

တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်များအတွက် ရည်ရွယ်ထူထောင်ထားသည့် NUD ပါတီတွင် အနာဂတ်ရှိကြောင်း မဲဆန္ဒရှင်များ သိလာလိမ့်မည်ဟုလည်း ဦးစိန်ဝင်းက ဆိုသည်။ 

ပါတီအနာဂတ်ကို မျှော်မှန်းလျက် သားနှင့် သမီးကို လေ့ကျင့်ပျိုးထောင်ပေးနေသည်ဟုလည်း ဦးစိန်ဝင်းက ဆိုသည်။ ရွေးကောက်ပွဲတွင် မိသားစုလိုက်အနိုင်ရရှိရန်နှင့် ဝင်ပြိုင်သည့် မဲဆန္ဒနယ်ထက်ဝက်ခန့်တွင် ၎င်း၏ပါတီက အောင်ပွဲဆင်နိုင်မည်ဟုလည်း မျှော်မှန်းထားသည်။ 

"သိန်းတစ်သောင်းသာရှိရင် အာဏာရအစိုးရဖြစ်အောင် လုပ်လို့ရတယ်" ဟုလည်း မိသားစုလိုက်ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးစိန်ဝင်းက ဟစ်ကြွေးသည်။

ခမောက်ပုံ၊ ခေါင်းပေါင်းပုံ၊ အလုပ်သမားခေါင်းဆောင်းပုံများပါမကျန် ကြယ်ဖြူများ ဝိုင်းရံဖော်ကြူးထားသည့် NUD ပါတီ၏ အလားအလာနှင့် ပတ်သက်၍ ပုံပြင်ထဲက ယုန်နှင့်လိပ် အပြေးပြိုင်ပွဲကို  ဦးစိန်ဝင်းက ဥပမာပေးလေသည်။ 

"လိပ်မှာ ဝီရိယရှိဖို့တော့ လိုတာပေါ့" ဟု အသက် ၆၄ နှစ်အရွယ် ဦးစိန်ဝင်းက ဆိုလိုက်သည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading