'တစ်သင်းလုံးကန်မည် PPP' ဟု ကြွေးကြော်ထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားလှယ်လောင်းစာရင်းတွင် စစ်မှုထမ်းဟောင်း အနည်းဆုံး ၁၆ ဦး၊ မဘသ ၁၀ ဦးခန့်နှင့် NLD ခွဲထွက် ၃ ဦးပါရှိသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က မော်တော်ယာဉ်များကို စတစ်ကာကပ်နှင့် အလံများ အခမဲ့တပ်ဆင်ပေးနေသည်ကို စက်တင်ဘာ ၁၂ က တွေ့ရစဉ်။ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

'တစ်သင်းလုံးကန်မည် PPP' ဟု ကြွေးကြော်ထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သည် ကိုယ်စားလှယ်လောင်း ၂၃၄ ဦးဖြင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်ကာ ပါတီကိုယ်စားလှယ်လောင်းများတွင် တပ်မတော်အရာရှိဟောင်းများ၊ အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့မှ ခွဲထွက်လာသူများ ပါဝင်လျက်ရှိသည်။ 

PPP ပါတီကို လွန်ခဲ့သောတစ်နှစ်ကျော်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ခွဲထွက်ခဲ့သူ ဒေါ်သက်သက်ခိုင်က ဦးဆောင်ပြီး တပ်မတော်အရာရှိကြီးဟောင်းများဖြစ်သည့် ဦးကျော်ဇေယျနှင့် ဦးမြင်မောင်ထွန်းတို့က ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။ 

လူမှုစီးပွားတိုးတက်ရေး ဦးစားပေးဆောင်ရွက်မည်ဟုလည်း ဆိုထားသည့် PPP ပါတီတွင် စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများလည်း ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လျက်ရှိသည်။ 

တပ်မတော်အရာရှိဟောင်းများ

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ PPP ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် တပ်မတော်အရာရှိဟောင်း အနည်းဆုံး ၁၆ ဦး ပါဝင်လျက်ရှိ သည်။ 

လက်ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး PPP ပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဦးကျော်ဇေယျသည် တပ်မတော်တွင် ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်သည်။ 

အသက် ၆၄ နှစ်အရွယ် ဦးကျော်ဇေယျသည် ဒေါ်သက်သက်ခိုင်ကဲ့သို့ပင် NLD ပါတီမှ ခွဲထွက်လာခဲ့သူဖြစ်သည်။ ၎င်းသည် တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက် (MEHL) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ၁၀ နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သည်။ 

ဦးကျော်ဇေယျသည် ယခုလာမည့် ရွေးကောက်ပွဲတွင် ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လသာမြို့နယ်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

PPP ပါတီ၏ ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ၇၁ နှစ်အရွယ် ဦးမြင်မောင်ထွန်းသည်လည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်သည်။ 

၁၉၇၁ မှ ၁၉၉၁ ခုနှစ်အထိ တပ်မတော်တွင်လည်းကောင်း၊ ၁၉၉၁ မှ ၂၀၁၀ ပြည့်နှစ်အထိ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းတွင် အထွေထွေမန်နေဂျာ၊ ဒါရိုက်တာရာထူးများဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်ဟု ၎င်း၏ ကိုယ်စားလှယ်လောင်းကြေညာချက်တွင် ဖော်ပြထားသည်။ 

အငြိမ်းစားဒုတပ်ရင်းမှူး ဗိုလ်မှူး ဦးမြင်မောင်ထွန်းသည် တပ်မတော်သားဘဝမှ စီးပွားရေးလုပ်ငန်း နယ်ပယ်ကူးပြောင်းပြီးနောက် လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချရေး၊ ဓာတ်အားခွဲရုံတည်ဆောက်ရေး၊ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည်ဟု ကိုယ်စားလှယ်လောင်းကြေညာချက်က ဆိုသည်။   

ထို့အပြင် ဦးမြင်မောင်ထွန်းသည်  မြန်မာနိုင်ငံငွေကြေးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၀၈ မှ၂၀၁၆ အထိ ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ ဦးမြင်မောင်ထွန်းသည် မလိခအင်ဂျင်နီးယားရင်းကုမ္ပဏီ (Malikha Engineering Ltd)၊ မြန်မာစီးပွားရေးအရင်းအမြစ်ကုမ္ပဏီ (Myanmar Business Resources Co., Ltd) တို့တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

၎င်းတည်ထောင်ထားသည်ဟု ကိုယ်စားလှယ်လောင်းကြေညာချက်တွင် ဖော်ပြထားသော အခြားကုမ္ပဏီများဖြစ်သည့် Asia Business Synergy နှင့် ပေါင်းစည်းကြယ်ကုမ္ပဏီ (Star Link Co., Ltd) တို့၏ ဒါရိုက်တာအဖွဲ့ဝင်စာရင်းတွင်မူ ဦးမြင်မောင်ထွန်း၏အမည်ကို မတွေ့ရှိရတော့ပေ။  

ဦးမြင်မောင်ထွန်းသည် မြန်မာ့ဆက်သွယ်ရေးကွန်ရက်အများပိုင်ကုမ္ပဏီ (Myanmar Telecommunication Network Public Co., Ltd- MTN) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် မြန်မာ့မီးရထား၏ ရန်ကုန်- မော်လမြိုင်- ထားဝယ် ရထားလမ်းတစ်လျှောက် မြေအောက်ကေဘယ်လ်ကြိုးတပ်ဆင်ခြင်းစီမံကိန်း ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ၎င်းက ကိုယ်စားလှယ်လောင်းကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။ 

အဆိုပါကုမ္ပဏီသည် ရန်ကုန်ရှိ တပ်မတော်သားများ အများဆုံးနေထိုင်ရာ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ထောက်ကြန့်မြို့နယ်တို့တွင် တယ်လီဖုန်းလိုင်းများ ပြုပြင်တပ်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဂြိုလ်တုဆက်သွယ်ရေးလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်/ထွက်ပေါက် ဖိုင်ဘာဝန်ဆောင်မှုလုပ်ငန်း International Gateway Service (IGW) ၊ ဒစ်ဂျစ်တယ်ကျေးရွာ (Digital Village) ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်ဟုလည်း ဆိုသည်။ 

စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ်အချို့ကို လူမှုအကျိုးပြုလုပ်ငန်းများတွင် ပြန်လည်သုံးစွဲလေ့ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းများလုပ်ကိုင်ရင်း ပြည်သူလူထုအကျိုးစီးပွားဆောင်ရွက်လို၍ နိုင်ငံရေးလုပ်ကိုင်ရန် စိတ်ပါဝင်စားလာကြောင်း ဦးမြင်မောင်ထွန်းက ဆိုသည်။ 

အချို့သော နေရာများတွင် နိုင်ငံတော်အန္တရာယ်ရှိနေသည့် အနေအထားကြောင့် တပ်မတော်က ပါဝင်နေရခြင်းကို နားလည်သည်ဟု တပ်မတော်သားဟောင်းတစ်ဦးဖြစ်သူ ဦးမြင်မောင်ထွန်းက Myanmar Now ကို ပြောသည်။ 

ရှေ့မီနောက်မီဖြစ်ပြီး တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် အမြဲထိတွေ့ စကားပြောဆိုနေရသဖြင့် တပ်မတော်ရှိ လက်ရှိပုဂ္ဂိုလ်များသည် ယခင်ပုဂ္ဂိုလ်များနှင့် မတူတော့ကြောင်း၊ ၎င်းတို့၏ ပြုပြင်ပြောင်းလဲရေးလုပ်ချင်သည့် သဘောထားကို နားလည်သဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ယုံကြည်ကြောင်းလည်း ဦးမြင်မောင်ထွန်းက ပြောသည်။ 

“တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း အဖတ်ဆယ်ချင်တာပေါ့ဗျာ။ ပြန်ဆယ်ချင်တဲ့အခါကျတော့ သူတို့က ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ပါတယ်။ Standard Army တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။ ထိတွေ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့ရဲ့ သဘောထားအမှန်တွေ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က တပ်မတော်အပေါ်မှာတော့ နားလည်မှုရှိတယ်ပေါ့ဗျာ" ဟု ၎င်းက ဆိုသည်။

ဦးကျော်ဇေယျနှင့် ဦးမြင်မောင်ထွန်းတို့အပြင် PPP ပါတီကိုယ်စားလှယ်လောင်းများအနက် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်မြင့်ဝင်း၊ ဗိုလ်ကြီးဟောင်းများဖြစ်သည့် ဦးဇော်မျိုးသက်နှင့် ဦးမြတ်သူလင်း၊ တပ်မတော်သားဟောင်း ဦးရဲအောင်ကျော်တို့လည်း ပါဝင်သည်။ 

ဦးအောင်မြင့်ဝင်းသည် Naing Group ၊ Max Myanmar ဆောက်လုပ်ရေးကုမ္ပဏီများတွင်၂၀၀၄ မှ ၂၀၀၈ အထိ အထူးအရာရှိ၊ စီမံရေးရာမန်နေဂျာ တာဝန်များထမ်းဆောင်ခဲ့ကြောင်း ပါတီက ကြေညာထားသည့် ကိုယ်စားလှယ်လောင်းကိုယ်ရေးအကျဉ်းတွင် တွေ့ရသည်။ 

၎င်းသည် ၂၀၀၉ မှ ၂၀၁၆ အတွင်း ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဆောက်လုပ်ရေး၊ အိမ်ခြံမြေအကျိုးဆောင် ၊ ဆက်သွယ်ရေးတာဝါတိုင်ထူထောင်ခြင်း စသည့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ပါတီ၏ကြေညာချက်အရ သိရသည်။ 

၂၀၁၆ မှ ၂၀၁၉ အထိ ရန်ကုန်တိုင်း စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ တိုင်းအမှုဆောင်အရာရှိချုပ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်ဟုလည်း ရေးသားထားသည်။ 

တပ်မတော်အရာရှိဟောင်း ဦးအောင်မြင့်ဝင်းသည် ကမာရွတ်၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လှိုင်၊ အလုံမြို့နယ်များ ပါဝင်သည့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) နေရာအတွက် PPP ကိုယ်စားပြု ရွေးကောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

PPP ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် စီးပွားရေးလုပ်ငန်းအတွေ့အကြုံရှိသူ စစ်မှုထမ်းဟောင်းများအနက် ဧရာဝတီတိုင်း ငပုတောနှင့် ပုသိမ်မြို့နယ်တို့မှ ယှဉ်ပြိုင်မည့် ဦးမြတ်သူလင်း၊ ကရင်ပြည်နယ် ဘားအံမှ ဦးဇော်မျိုးသက်နှင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ ဦးရဲအောင်ကျော်တို့လည်း ပါဝင်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဝင် တပ်မတော်သားဟောင်း ကိုယ်စားလှယ်လောင်းအရေအတွက်ကို မသိရှိကြောင်း၊ ၎င်းစိစစ်ရသည့် ရန်ကုန်တိုင်းတွင် တပ်မတော်သားဟောင်း ၅ ဦးထက်မနည်း ပါဝင်ကြောင်း ပါတီဒုဥက္ကဋ္ဌ (၂) ဦးကျော်ဇေယျက ပြောသည်။ 

နီးစပ်ရာ တပ်မတော်သားဟောင်းများကို ပါတီဝင်ကိုယ်စားလှယ်လောင်းအဖြစ် ကမ်းလှမ်းခြင်းမျိုး မရှိခဲ့ဘဲ လျှောက်ထားမှုအပေါ် စိစစ်ရွေးချယ်ခဲ့ခြင်းသာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

“ဗိုလ်ကြီးအငြိမ်းစားဆိုတာနဲ့ တန်းပြီးတော့ မရွေးဘူး” ဟု ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။ 

PPP ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းအရ ပါတီကဆောင်ရွက်မည့် လုပ်ငန်းစဉ် ၆၈ ခုအနက် အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်တွင် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးလုပ်ငန်းစဉ် လေးရပ် ထည့်သွင်းဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေမှုနှင့် ပတ်သက်၍ ဝိဝါဒကွဲပြားပြီး အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအခြေအနေများ ယိုယွင်းကာ အမျိုးသားရင်ကြားစေ့ရေးအလှမ်းကွာနေသည်ကို အချိန်မီကုစားနိုင်ရန် ဆောင်ရွက်မည်ဟု ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသည်။ 

တပ်မတော်သည် အတိတ်ကာလတွင် ဆုံးဖြတ်ချက်အမှားများနှင့် လွဲမှားသော စီမံအုပ်ချုပ်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ မျိုးဆက်သစ်တပ်မတော်သားများမှာ ပရော်ဖက်ရှင်နယ်ပီသမှုကို နားလည်လက်ခံနေကြပြီဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောဆိုကြောင်း AFP သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူများ 

PPP ပါတီတွင် ကိုယ်စားလှယ်လောင်းရွေးချယ်သည့် စံသတ်မှတ်ချက် ၅ ချက်ရှိပြီး ပါတီဝင်ဖြစ်သူ၊ ရပ်ရွာက လူသိများ၍ မြို့လူထုက ယုံကြည်မှုရှိသူ၊ အတွေ့အကြုံရှိသူ၊ ပါတီက ဖွင့်လှစ်သော သင်တန်းများတွင် တက်ရောက်နိုင်သူ၊ ဥပဒေပြုရေး၊ ပြည်သူကိုယ်စားပြုရေး၊ အစိုးရနှင့် တရားစီရင်ရေးကို အပြန်အလှန်ထိန်းကျောင်းနိုင်သူများကို ရွေးချယ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ထုတ်ဖော်ပြောကြားထားသည်။ 

သို့သော်လည်း အမျိုးသားရေးကြွေးကြော်လှုပ်ရှားသူ၊ ဘာသာရေးဖြင့်ဟောပြောမဲဆွယ်သူများနှင့် အငြင်းပွားဖွယ် မဘသအဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးသည် PPP ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်လျက်ရှိသည်။ 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (ခ) မဘသသည်  သံဃာတော်တစ်ချို့ဦးဆောင်မှုဖြင့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သဘောတရားများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့်အသင်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် တရားမဝင်အသင်းအဖြစ် ဖျက်သိမ်းခံခဲ့ရသည်။ 

PPP ပါတီ၏ ကိုယ်စားလှယ်လောင်းများတွင် မဘသအဖွဲ့ဝင်ဟောင်းများနှင့် အမျိုးသားရေးအင်အားစုများဖြစ်သည့် ဦးကံမြင့်၊ ဦးခိုင်ဇေမင်းထက်၊ ဦးနိုင်သူလတ်၊ ဒေါ်စောယုမာနှင့်  ဦးသက်လွင်ဦးတို့ ပါဝင်သည်။ 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကံမြင့်မှာ မဘသအဖွဲ့၊ ပဲခူးတိုင်းစည်းရုံးရေးတာဝန်ခံ ဖြစ်ခဲ့သည်။ တပ်မတော်ထောက်ခံပွဲများနှင့် မဘသညီလာခံကို ပဲခူးတိုင်းဒေသကြီးတွင် ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။ 

PPP ပါတီတွင် ၎င်းအပြင် ဦးနိုင်သူလတ် ၊ ဦးခိုင်ဇေမင်းထက်အပါအဝင် မဘသအဖွဲ့ဝင် အမျိုးသားရေးအင်အားစုမှ ပုဂ္ဂိုလ် ၁၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဟုလည်း ဦးကံမြင့်က ဆိုသည်။ 

PPP သည် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်သည့် အစီအစဉ်ရှိ၍ PPP ကိုယ်စားပြု ရွေးကောက်ပွဲဝင်ခြင်းဖြစ်ပြီး ၎င်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါက လယ်သမားအရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ဆိုသည်။ 

“တပ်ဖက် အရပ်ဖက် ဆက်ဆံရေးကို သေချာ သဘောပေါက်တယ်။ တပ်မတော်မပါဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပြင်လို့မရဘူး။ PPP က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အားကိုးပြီးတော့ ဖွဲ့စည်းတဲ့အဖွဲ့ မဟုတ်ဘဲ လူတိုင်းပါဝင်နိုင်တဲ့ ဦးဆောင်နိုင်တဲ့ စုပေါင်းအားနဲ့ ဖွဲ့စည်းတဲ့အတွက် …” ဟု ဦးကံမြင့်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စောယုမာနှင့် သဲကုန်းမြို့နယ် တိုင်းဒေသကြီး (၁)ကိုယ်စားလှယ်လောင်း ဦးသက်လွင်ဦးတို့သည် ဘာသာရေးဖြင့် မဲမဆွယ်ရဆိုသည့် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်လျက် PPP ပါတီအလံ၊ နိုင်ငံတော်အလံနှင့် သာသနာ့အလံ သုံးခုကို ယှဉ်တွဲကာ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားကြသည်။ 

၄၆ နှစ်အရွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စောယုမာ၏ Facebook အကောင့်တွင် ဘာသာခြားများကို တိုက်ခိုက်သော ညစ်ညမ်းစကားများပါသည့် အကြောင်းအရာများကို ပြန်လည်ဝေမျှလေ့ရှိသည်။  

“ကဲ ကဲ ကုလား ၂၆၃ ဦး အရွေးခံပါတော့မယ်တဲ့ ပြည်သူတွေ ကုလားဖင်ယက်ဖို့ မယားငယ်ခံကြဖို့ ရှင်တို့သားသမီးတွေ တန်းစီကြတော့” ဟု အမုန်းပွားစေမည့် ညစ်ညမ်းစကားလုံးများဖြင့် ရေးသားထားသည့် Facebook ပိုစ့်ကို ၎င်း၏ အကောင့်တွင် စက်တင်ဘာ ၁၂ က ပြန်လည်မျှဝေထားသည်။ 

ဒေါ်စောယုမာကမူ အဆိုပါ Facebook ပို့စ်ကို ၎င်းက ပြန်လည်မျှဝေထားခြင်းမရှိဟု ငြင်းဆိုပြီး ၎င်း၏ အကောင့်ကို လူနှစ်ဦးက အသုံးပြုကြောင်း ပြောသည်။ 

၎င်းမှာ ဘာသာခြားများ၊ လူမျိုးခြားများကို တိုက်ခိုက်ခြင်းမရှိဘဲ အမျိုးသားရေး ဆောင်ရွက်သူသာဖြစ်ကြောင်း ဒေါ်စောယုမာက Myanmar Nowကို ပြောသည်။ ထို့အပြင် ပါတီအလံနှင့် ဗုဒ္ဓဘာသာ သာသနာ့အလံ၊ နိုင်ငံတော်အလံတို့ကို ပူးတွဲဖော်ပြသည့် ဓာတ်ပုံကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခြင်းသည်လည်း နိုင်ငံရေးဆိုသည်တွင် ဘာသာရေးကိစ္စလည်း ပါဝင်သည်ဟု ခံယူသောကြောင့်ဖြစ်သည်ဟု ပြောသည်။  

မဘသလှုပ်ရှားမှုများ၌ ပါဝင်သူ အမျိုးသားရေးအင်အားစုမှ ဦးနိုင်သူလတ်မှာ PPP ကိုယ်စားပြုပြီး ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။ 

၎င်းသည် ၂၀၁၈ တွင် တာမွေအိုးရှင်းစင်တာအနီး ဖြစ်ပွားခဲ့သည့် စစ်ဆန့်ကျင်ရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွင် ကူညီလှုံ့ဆော်ပေးခဲ့သည့် အမျိုးသားရေးအင်အားစုဝင်များအနက် ပါဝင်ခဲ့ပြီး ရဲဝတ္တရားနှောင့်ယှက်မှုဖြင့် ဗဟန်းမြို့နယ်တရားရုံးက‌ ငွေဒဏ် ၅,၀၀၀ ချမှတ်ခဲ့သည်။

ဦးနိုင်သူလတ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ်သူ၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်၍ ဘာသာရေးဖြင့် မဲဆွယ်သည့် ဦးနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီကိုယ်စားပြုကာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ 

အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူအချို့ ပါဝင်သည့် PPP ၏ ကိုယ်စားလှယ်လောင်းများတွင် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ထူးထူးခြားခြား ပါဝင်လျက်ရှိသည်။ 

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည့် ကုမ္ပဏီပိုင်ရှင် ဦးအောင်မျိုးမင်းသည် သင်္ဘောသားလုပ်ငန်း၊ ခရီးသည်တင် မထသ ယာဉ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွေ့အကြုံရှိသူ ဖြစ်သည်။ 

ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်စဉ်အခါက အသက် ၃၉ နှစ်အရွယ် ဦးအောင်မျိုးမင်းကို အစ္စလာမ်ဘာသာဝင်မှန်း မသိဘဲ ရွေးချယ်ခဲ့မိသည်ဟု ပါတီဒုဥက္ကဋ္ဌ (၂) ဦးကျော်ဇေယျက ပြောသည်။ 

“သူက လုံးဝ ဗမာပုံပေါက်နေတော့ အန်ကယ်တို့က ဘာဘာသာ ကိုးကွယ်လဲလို့ မမေးလိုက်မိဘူး။ သူကလည်း မဖြေဘူး။ အန်ကယ်တို့ လျှောက်လွှာထဲမှာလည်း ဘာသာ၊ လူမျိုး မခွဲခြားတော့ သူက နိုင်ငံသားတော့ မှန်တယ်။ မင်္ဂလာတောင်ညွန့် မှတ်ပုံတင်ကြည့်ပြီးတော့ ရွေးလိုက်တယ်။ အခု တရားဝင်ထွက်လာတော့ ပြန်မေးကြည့်တော့ ဟုတ်ကဲ့ ကျွန်တော်က မွတ်ဆလင်ပါခင်ဗျဆိုတော့ ပြင်လို့မရတော့ဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။ 

ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင်လည်း ကိုယ်စားလှယ်လောင်းလျှောက်ထားသည့် အစ္စလာမ်ဘာသာဝင်အချို့ ရှိခဲ့သော်လည်း ပါတီဝင်အဖြစ်သာ လက်ခံထားသည်ဟု ၎င်းက ဆိုသည်။ 

“တော်ကြာကျ သိသိကြီးနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက မွတ်ဆလင်တွေ အားပေးတယ်ဆိုတဲ့ဟာမျိုး … အမှန်တော့ အန်ကယ်တို့က လက်ခံချင်တယ်။ အန်ကယ်တို့ပါတီက အခုမှ အစပဲဖြစ်တဲ့အတွက် ရိုးရိုးပါတီပဲ ဝင်ပါလို့ သူတို့ကို ပြန်ပြီးတော့ တောင်းပန်ရတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။  

NLD ပါတီမှ ခွဲထွက်လာသူများ

‌PPP ပါတီကိုယ်စားလှယ်လောင်းများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာ နေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ (NDP)၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) စသည့် နိုင်ငံရေးပါတီများမှ ပါတီဝင်ဟောင်းများလည်း ပါဝင်လျက်ရှိသည်။  

ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျတို့သည် NLD မှ ခွဲထွက်လာသူများ ဖြစ်ကြသည်။ ‌PPP ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးဖေချစ်သည်လည်း NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ 

လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဦးဖေချစ်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးလည်းဖြစ်သည်။ 

အာဏာရ NLD ပါတီ တည်ထောင်ခဲ့စဉ်က ပါဝင်သည့် ဗိုလ်မှူးချုပ်အောင်ကြီး၊ သခင်အောင်ကြီး (ပေါင်းတည်)၊ စမူဆာအောင်ကြီးဟု နိုင်ငံရေးလောကတွင် နာမည်ကြီးခဲ့သူ ဦးအောင်ကြီး၏ သားဖြစ်သူလည်း PPP ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်သည်။ 

ဦးအောင်ကြီး၏သား ဦးအောင်မျိုးခိုင်သည် မရမ်းမြို့နယ် မဲဆန္ဒနယ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် PPP ကိုယ်စားပြုကာ ရွေးကောက်ခံမည်ဖြစ်သည်။

၎င်း၏ ဖခင်သည် လွတ်လပ်ပြီးခေတ်တွင် ဗိုလ်မှူးချုပ်အောင်ကြီးအဖြစ် နာမည်ကျော်ကြားသူဖြစ်ပြီး တပ်မတော်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ဗိုလ်မှူးချုပ်အောင်ကြီးသည် ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ပါတီတွင်း သဘောထားကွဲလွဲမှုအတွက် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ရာ NLD ပါတီဝင်အဖြစ် ၃ လသာ တည်မြဲခဲ့သည်။ ထို့နောက် ကိုယ်ပိုင်ပါတီသစ် တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ 

ဗိုလ်မှူးချုပ်အောင်ကြီး၏သားဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးအောင်မျိုးခိုင်သည် ရွှေလမင်းလက်ဖက်ရည်ဆိုင်နှင့် စားသောက်ကုန်လုပ်ငန်း၊ ကုမုဒြာ အထူးကုဆေးခန်းကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။ 

ထို့ပြင် PPP ပါတီဝင် ကိုယ်စားလှယ်လောင်းများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောင်းလာသူများလည်း ပါဝင်လျက်ရှိသည်။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်ကျော်ဌေး၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ တိုင်းလွှတ်တော်နေရာအတွက် ရွေးကောက်ခံမည့် ဦးသီဟစိုးတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းများ ဖြစ်ကြသည်။ 

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ဒေါ်နှင်းပွင့်မှာ ယခင်က အမျိုးသားဒီမိုကရေစီပါတီသစ်အဖွဲ့ဝင်ဖြစ်ပြီး ယခုအခါ PPP ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်လာသည်။ ၎င်းသည် တပ်ပိုင် မြဝတီရုပ်မြင်သံကြားအတွက် ဇာတ်လမ်း၊ဇာတ်ညွှန်းရေးသားခဲ့ဖူးသူလည်း ဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းကြေညာချက်တွင် တွေ့ရသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading