ပလက်ဝ မဲဆန္ဒနယ် ၅ နေရာအနက် ခူမီးပါတီသည် အမျိုးသားလွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာကို ပါတီကြီးများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်

ယခုနှစ် ဖေဖော်ဝါရီလက ပလက်ဝမြို့နယ်မြင်ကွင်း (ဓာတ်ပုံ / Myanmar Now) 

ချင်းပြည်နယ်တောင်ဘက်စွန်းတွင် တည်ရှိသည့် ပလက်ဝဒေသသည် ဖွံ့ဖြိုးမှုနိမ့်ကျ၍ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် သီးခြားပိုင်းကန့်ခံထားရသော မြို့နယ်တစ်ခုသဖွယ် ဖြစ်နေသည်။ 

ပလက်ဝသည် လက်ရှိအချိန်၌  တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲပဋိပက္ခဒဏ် ခံစားနေရသည်။ သို့သော်လည်း နိုဝင်ဘာ ၈ တွင် အခြားမြို့နယ်များနည်းတူ ပလက်ဝ၌လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်လျက်ရှိသည်။ 

ပလက်ဝမြို့နယ်တွင် မဲဆန္ဒရှင် သုံးသောင်းကျော် ရှိပြီး အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း  ၅ နေရာ ရှိသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါနေရာများအတွက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည့် ပါတီ ၆ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ရှိသည်။ ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများတွင် ချင်းပါတီများ ပေါင်းစည်းထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ ( USDP)၊ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ယှဉ်ပြိုင်မည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် မတူပီအခြေစိုက် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ (ENDP) ကဲ့သို့သော ပါတီကြီးများ ပါဝင်သည်။

၎င်းပါတီကြီးများနှင့် အကြိတ်အနယ် ပြိုင်ဆိုင်ရမည့် အင်အားအသေးဆုံးပါတီမှာ ပါတီဝင်အင်အား ၃,၀၀၀ ခန့်သာရှိသည့် ခူမီး (ခမီး) အမျိုးသားပါတီပင် ဖြစ်သည်။ 

ယင်းပါတီသည် ပလက်ဝ၏တစ်ခုတည်းသော ဒေသရင်းစွဲလူမျိုးစုပါတီ ဖြစ်ကာ ခူမီးပါတီကို ဥက္ကဋ္ဌ လုသ်ကျော်ထွန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၆ ဦးတို့ဖြင့် ၂၀၁၄ တွင် တည်ထောင်ခဲ့သည်။

ခူမီးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ လုသ်ကျော်ထွန်းသည် ၁၉၉၀ ပြည့်နှစ်တွင် NLD ပါတီ ကိုယ်စားပြုလျက် ပြည့်သူ့လွှတ်တော်နေရာအတွက် ပလက်ဝမှ အနိုင်ရခဲ့သူဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ တွင်လည်း ၎င်းကိုယ်တိုင် တည်ထောင်သည့် ခူမီးပါတီဖြင့် ထပ်မံယှဉ်ပြိုင်ရာ တစ်ဖန် ရှုံးနိမ့်ပြန်သည်။  

ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင်တော့ ခူမီးပါတီအနေဖြင့်  ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာအတွက် အမှတ် (၇) နှင့် အမှတ် (၈) မဲဆန္ဒနယ်မြေ၊ ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မြေတို့မှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

အမျိုးသားလွှတ်တော် အမှတ် (၈) နေရာတွင် ပါတီဥက္ကဋ္ဌ လုသ်ကျော်ထွန်း၊ အမှတ် (၇) နေရာတွင် လုသ်ကံလင်းတို့က လည်းကောင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာတွင် လုသ်အောင်ဘက လည်းကောင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

မဲဆွယ်ကာလ စတင်နေပြီဖြစ်သော်လည်း ပလက်ဝတွင် ပါတီဥက္ကဋ္ဌသာရှိပြီး ကျန်ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် လုသ်အောင်ဘနှင့် လုသ်ကံလင်းတို့မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် နယ်မြေ မအေးချမ်းသော အခြေအနေများကြောင့် ယနေ့အချိန်အထိ ပလက်ဝသို့ မလာနိုင်ကြသေးပေ။

ပလက်ဝဒေသတွင် ခူမီးမျိုးနွယ်စုအကြီးအကဲများသည် ၎င်းတို့၏နယ်မြေအလိုက် လွတ်လပ်စွာ အုပ်ချုပ်စီမံခဲ့ကြသည်။ အင်္ဂလိပ်တို့ဝင်ရောက်လာချိန်တွင် ခူမီးအကြီးအကဲများက ရရာလက်နက်ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် အင်အားမမျှ၍ ချင်းတောင်တန်း၌ အင်္ဂလိပ်နှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို ပထမဆုံးချုပ်ဆိုသည့် မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့သည်။

အင်္ဂလိပ်တို့သည် ရခိုင်တောင်တန်းခရိုင်တွင် ပလက်ဝအား ထည့်သွင်းကာ ခရိုင်မြို့အဆင့်သတ်မှတ်၍ သီးခြားအုပ်ချုပ်ခဲ့သည်။ မျက်မှောက်ခေတ်တွင်မူ ပလက်ဝသည် ချင်းပြည်နယ်၊ မတူပီခရိုင်အတွင်းမှ မြို့နယ်တစ်ခုအဖြစ် တည်ရှိသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းဇယားများအရ ပလက်ဝမြို့နယ်တစ်ခုလုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသည့်အနက် ကိုးသောင်းနီးပါးက ချင်းတိုင်းရင်းသား ခူမီးမျိုးနွယ်စုဝင်များ ဖြစ်သည်။  ၁၈,၀၀၀ ဦးကျော်မှာ ရခိုင်တိုင်းရင်းသားများဖြစ်ကာ အခြားတိုင်းရင်းသား၊ လူမျိုး အနည်းငယ်လည်း ရှိသည်။

ခူမီးပါတီမှ အမျိုးသားလွှတ်တော် အမှတ် (၈) နေရာ ယှဉ်ပြိုင်မည့် ပါတီဥက္ကဋ္ဌ လုသ်ကျော်ထွန်းနှင့် ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးစားခဲ့သည်။ သို့သော် အသက် ၇၅ နှစ် ရှိသည့် ၎င်းမှာ နားကြားကိရိယာ ပျက်ယွင်းနေသည်။ မတူပီနှင့် ကားလမ်းပြတ်တောက်နေ၍ နားကြားကိရိယာသစ် မှာယူထားသော်လည်း ရောက်မလာသေးကြောင်း ၎င်း၏ မိသားစုဝင်ထံမှ သိရသည်။

ခရီးလမ်း ၁၃၅ မိုင် ကွာဝေးသည့် မတူပီနှင့် ပလက်ဝကြားတွင် မြေသားလမ်းသာ ပြီးစီးသေးသည်။ ပွင့်လင်းရာသီတွင်သာ ဆွဲတတ်သည့် လိုင်းကားများက မိုးတွင်းဖြစ်၍ မပြေးဆွဲကြတော့ပေ။ မဖြစ်မနေ သွားလာကြရမည်ဆိုလျှင်လည်း ကားဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ ငှားရမ်းပါက စရိတ်စက ကြီးမားသည်။

လမ်းတွင် မြေပြိုလျှင်၊ သို့မဟုတ် ကားဘီးနွံနစ်လျှင် ခရီးက ကြန့်ကြာပြန်သည်။ ဆမီးမြို့နှင့် ပလက်ဝကြား ပစ်ခတ်မှုများ ရှိလျှင်တော့ ရာသီဥတု ကောင်းကောင်းဆိုးဆိုး လမ်းက ပိတ်သွားတတ်သည်မှာလည်း သီတင်းပတ်နှင့်ချီ၍ ကြာတတ်သည်။

ပလက်ဝနှင့် ရခိုင်ပြည်နယ်ဘက်မှ ကျောက်တော်မြို့ကြားတွင်မူ ကားလမ်းက ၃၃ မိုင်သာ ဝေးပြီး ကျောက်ချောလမ်းအဆင့်အထိ ပြီးစီးနေပြီ ဖြစ်သည်။ သို့သော် စစ်ပွဲအခြေအနေများကြောင့် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက အစိုးရက လုံးဝ ပိတ်ထားသည်။ ရေလမ်းကြောင်းတွင်မူ ဌာနဆိုင်ရာက တားမြစ်ခြင်းမဟုတ်သော်လည်း တိုက်ပွဲများကြောင့် မည်သည့်စက်လှေသမားမျှ မပြေးဆွဲရဲတော့သည်မှာ ရှစ်လဝန်းကျင်ရှိပြီ ဖြစ်သည်။

ယင်းအခြေအနေများကြောင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးစသည့် အခြေခံဝန်ဆောင်မှုများမှသည် ကုန်စည်စီးဆင်းမှုအထိပါ ထိခိုက်ပြီး ဆန်၊ ဆီ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်ခြင်းတို့နှင့် ပလက်ဝဒေသသည် အမြဲလိုလို ရင်ဆိုင်နေရသည်။ 

ယခုနှစ်မှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါဘေး ရှိနေသော်လည်း နိုင်ငံတစ်ဝန်းတွင် မဲဆွယ်ကာလ ဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ကြံဆလျက် စည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ပလက်ဝဒေသမှာတော့ ကိုဗစ်နိုင်တင်း ရောဂန္တရကပ်ဘေး ရတက်မအေးကြသေးချိန် စစ်ဘေးပဋိပက္ခ အရှိန်ကလည်း မပြေသေးပြန်ရာ ဗူးလေးရာဖရုံဆင့်နေသည့်အခြေအနေတွင် ရွေးကောက်ပွဲအတွက် ဘာမျှလှုပ်လှုပ်ရှားရှား မရှိသေးဟု ဒေသခံများက ဆိုသည်။

“ပလက်ဝဒေသအတွက် လောလောဆယ် အဓိကလိုအပ်တာကတော့ တိုင်းရင်းသားညီအကိုများရဲ့ ကူညီတဲ့ခွန်အားပေါ့ဗျာ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့ဗျာ” ဟု ခူမီး (ခမီး) အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာမှ ဝင်ပြိုင်မည့် လုသ်အောင်ဘက ပြောသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် ခူးမီးပါတီမှ အမျိုးသားလွှတ်တော် အမှတ် (၇) နေရာအတွက် ယှဉ်ပြိုင်မည့် လုသ်ကံလင်းမှာ ဥက္ကဋ္ဌ၏ ညီအရင်းဖြစ်သည်။

“နိုင်ငံရေးလုပ်ရင်တော့ ပိုက်ဆံလေးဘာလေးတော့ နည်းနည်းရှိမှပဲဆိုတဲ့ အတွေးလေးတော့ ကျွန်တော် နည်းနည်းပေါက်တယ်ဗျ။ အဲဒီတော့ တနိုင်းတို့ ဘာတို့ဘက် ကျောက်သွားတူးလိုက်သေးတယ်” ဟု လုသ်ကံလင်းက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ဝန်းကျင်ကာလက အခြေအနေကို ပြန်ပြောင်းပြောပြသည်။

အစ်ကိုဖြစ်သူ၏ တိုက်တွန်းစည်းရုံးချက်အရရော၊ မိမိ၏ တိုင်းရင်းသား ခူမီးမျိုးနွယ်စုများအရေး ကြိုးပမ်းဆောင်ရွက်လိုစိတ်အရရော ထိုနှစ်က ရွေးကောက်ပွဲကို ဝင်ပြိုင်လိုက်သည်။ သို့သော် မနိုင်ခဲ့ပေ။

ရွေးကောက်ပွဲဝင်နိုင်ရန် ပိုက်ဆံရှာခဲ့သော်လည်း “ဟိုမှာတော့ဗျာ လောပန်းအခေါ်ခံရတာပေါ့။ ဒါပေမယ့် ပြန်လာတဲ့အခါကျတော့ သိန်း လေးငါးဆယ်လောက် ပြုတ်သွားတာပေါ့” ဟု စာရင်းစစ်မှူး အငြိမ်းစားတစ်ဦးလည်းဖြစ်သည့် လုသ်ကံလင်းက ရယ်ရယ်မောမောဖြင့် ပြောသည်။

ခူမီးပါတီ၏ မူဝါဒသဘောတရား ကြေညာချက်တွင် “ခူမီးတိုင်းရင်းသားနှင့် ဒေသခံဌာနေတိုင်းရင်းသားတို့၏ နယ်မြေနှင့် အမျိုးသားလက္ခဏာများ တည်တံ့ရှင်သန်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျော့ပါးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းရေးနှင့် လူမှုစီးပွားတိုးတက်မြင့်မားရေးကို ဖြစ်ထွန်းစေမည့် ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရန် လိုအပ်သည်ဟူ၍လည်းကောင်း၊ ရထိုက်သည်ဟူ၍လည်းကောင်း အခိုင်အမာယုံကြည်ကြောင်း” ဖော်ပြထားသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး အစီအမံများကို Myanmar Now က မေးမြန်းကြည့်သည့်အခါ ပါတီဗဟိုအလုပ်အမှုဆောင်များလည်းဖြစ်၊ ကိုယ်စားလှယ်လောင်းများလည်း ဖြစ်သည့် ၎င်းတို့ နှစ်ဦးထံတွင် တိတိပပ အဖြေများ မရှိကြသေးပေ။ 

အောင်နိုင်ရေးဟု ဆိုသော်လည်း အခြားပါတီများကဲ့သို့ ပါတီတွင် ရန်ပုံငွေမရှိ။ အားလုံးဝေပုံကျ ထည့်ဝင်၍ လိုအပ်သည့် စရိတ်စကများအတွက် သုံးစွဲကြမည်ဟုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စဉ်းစားထားသည်။

သို့သော် တစ်ဖက်တွင်လည်း ကိုဗစ်နိုင်တင်းရောဂါကပ်ဘေး ဖြစ်ပွားနေသေး၍ မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုအနှံ့သို့ ခရီးသွားခွင့် မရခြင်းကြောင့် စရိတ် အနည်းငယ်ကာမိမည်ဟုလည်း အသက် ၇၀ ရှိပြီ ဖြစ်သည့် လုသ်ကံလင်းက ဆိုသည်။

၎င်းသည် ယခုအခါ မတူပီမြို့ပေါ်တွင် နေထိုင်လျက်ရှိပြီး ပလက်ဝသို့ ပြန်ရန် အခွင့်အခါကောင်းကို စောင့်ဆိုင်းလျက်ရှိသည်။ နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ လုသ်အောင်ဘကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင်သာ ရှိနေသေးသည်။ ၎င်းကတော့ လာမည့် အောက်တိုဘာ ၁၅ ခန့်တွင် ပလက်ဝသို့ သွားနိုင်ရန် မျှော်မှန်းထားသည်။

အသက် ၅၈ ရှိပြီဖြစ်သည့် လုသ်အောင်ဘသည် ၂၀၁၆ မတိုင်မီက နိုင်ငံရေးအတွေ့အကြုံ တစ်စွန်းတစ်စမျှ မရှိပေ။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောသားဘဝတို့တွင် ကျင်လည်ခဲ့ပြီး ၂၀၁၆ တွင် အနားယူစဉ်မှ မိမိမွေးရပ်ဇာတိနယ်ရှိ ခူမီးပါတီသို့ ဝင်ဖြစ်ခဲ့သည်။

ရန်ကုန်တွင် လက်ရှိနေထိုင်နေသူဖြစ်သည့်အားလျော်စွာ ဥက္ကဋ္ဌက နိုင်ငံရေးနှင့်ပတ်သက်သည့် သင်တန်းများ စဉ်ဆက်မပြတ်တက်ခိုင်းသည်နှင့် တက်ရသည်။

“မင်း တက်ဦးမလားဆိုတော့ မတက်တော့ဘူး၊ ပညာတွေက စုံနေပြီ၊ တိုင်းပြည်အုပ်ချုပ်လို့ရပြီဆို နောက်ပြောလိုက်တာ၊ အဲဒါနဲ့ မင်း ရွေးကောက်ပွဲဝင်တော့ဆို ဝင်ခိုင်းတယ်” ဟု လုသ်အောင်ဘက ရယ်မောလျက် ပြောပြသည်။

နယ်မြေကွင်းဆင်းခွင့်လည်း မရ၊ ပြည်သူနှင့်လည်း ထိတွေ့ခွင့်မရှိသည့်အနေအထားတွင် လက်ကမ်းစာရွက်များ အဆင့်ဆင့်ဝေမျှခြင်း၊ ဥက္ကဋ္ဌ၏ ပြည်သူသို့ ပြန်ကြားသော ရုပ်သံဗီဒီယို ရိုက်ကူးကာ ဒီဗီဒီချပ်များ ဖြန့်ဝေပေးခြင်းတို့ လုပ်မည်ဟူ၍ ခူမီးပါတီက တွေးဆထားသည်။ သို့သော် မည်သည့်မဲဆွယ်စည်းရုံးမှုမျိုးကိုမျှ စမလုပ်နိုင်သေးပေ။

ပလက်ဝတွင် ရွေးကောက်ပွဲအား မည်သည့်ပုံစံဖြင့် ပြုလုပ်ပေးမည်၊ မည်သို့အစီအစဉ်များ ရေးဆွဲထားသည်ကို သေချာစွာ မသိရသေးဟု လုသ်ကံလင်းက ပြောကြားသည်။

“နောက်တစ်ခုက ရွေးကောက်ပွဲကရော လုပ်ဦးမှာလား၊ မလုပ်ဘူးလား၊ လုံခြုံရေးနဲ့ပတ်သက်လို့ တပ်နဲ့ရော ညှိပြီးပြီလားဆိုတာတွေ ကျွန်တော်တို့ ဘာမှလည်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းအခြေအနေအား ပလက်ဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစံသာကျော်ကို မေးမြန်းကြည့်ရာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်မယ်ဆိုတော့လည်း လုပ်ရမှာပေါ့ ဆရာရယ်၊ အဓိကက နယ်မြေလုံခြုံရေးပါပဲ၊ နယ်မြေလုံခြုံရေးကောင်းရင်တော့ အေးအေးဆေးဆေး ဖြစ်သွားမှာပေါ့” ဟု Myanmar Now ကို ပြောသည်။

လတ်တလောတွင်မူ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ၍ စာရေးကိရိယာ၊ စာရွက်စာတမ်း၊ ရုံးသုံးပစ္စည်းကအစ အခြားအစိုးရဌာနများနှင့် ဌာနအချင်းချင်း “လိုတဲ့ဟာ ယူလိုက်၊ ပြန်ရရင် ပြန်ဆပ်လိုက် လုပ်ရတာပေါ့။ အင်တာနက်ကလည်း မရသေးဘူး” ဟု ဦးစံသာကျော်က ဆိုသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading