နှင်းဆီပါတီဥက္ကဋ္ဌ အိုးဘိုထောင်ပြန်ရောက်သဖြင့် ထောင်မှုးဟောင်းအံ့ဩနေ

ယခင်တစ်ကြိမ်ကလို ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်မှုမရှိသော်လည်း ပြစ်ဒဏ်အနည်းငယ်ဖြင့် မကြာမီပြန်လည်လွတ်မြောက်လာမည်ကို စိတ်ပူမိသည်ဟု ထောင်မှူးဟောင်းက ဆိုသည် 

Published on Oct 1, 2020
မန္တလေးအိုးဘိုထောင်မှူးဟောင်း တစ်ဖြစ်လဲ ဆရာတော် ဆရာတော်ဦးဣန္ဒြောဘာသကို ယနေ့ (အောက်တိုဘာ ၁) တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now) 
မန္တလေးအိုးဘိုထောင်မှူးဟောင်း တစ်ဖြစ်လဲ ဆရာတော် ဆရာတော်ဦးဣန္ဒြောဘာသကို ယနေ့ (အောက်တိုဘာ ၁) တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now) 

နေ့ဆွမ်းဘုန်းပေးပြီး ခေတ္တနားချိန်တွင် အွန်လိုင်းဖွင့်ကြည့်လိုက်ရာ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီဟူသော သတင်းများ အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံလျက်ရှိသည်ကို တွေ့လိုက်ရသဖြင့် ဆရာတော်ဦးဣန္ဒြောဘာသ အလွန်အံ့ဩသွားသည်။ 

ဆရာတော်ဦးဣန္ဒြောဘာသ အံ့ဩမည်ဆိုလည်း အံ့ဩလောက်ပေသည်။ တစ်ရက်သာသာ အချိန်အတွင်း အဖြစ်အပျက်များက ရုတ်ချည်းပြောင်းလဲခဲ့ခြင်းဖြစ်သည်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးချိန်တွင် တာဝန်ကျထောင်မှူးဖြစ်သဖြင့် တာဝန်ရှိသည်ဆိုကာ ထောင်ဒဏ်ကိုးနှစ်ချမှတ်ခံရပြီး၊ ထောင်ကထွက်လာချိန်တွင် အလုပ်မျိုးစုံလုပ်ကိုင်ရင်း ဘဝပျက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသူ ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ဖြစ်လဲ ဆရာတော်ဦးဣန္ဒြောဘာသက ဦးကျော်မြင့်အကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်မှာ ၂၄ နာရီ ကျော်သာသာမျှသာ ရှိသေးသည်။ 

"ဖမ်းမှာကတော့ ဖမ်းမှာပေါ့၊ ဖမ်းမှရတော့မှာလေ၊ ဟာ မြန်လိုက်တာပေါ့။ အတော်ကိုအံ့သြသွားတာ" ဟု ကွမ်းယာတစ်ယာကို ထုတ်ဝါးရင်း ဦးဣန္ဒြောဘာသက ခပ်ကျယ်ကျယ်မိန့်ကြားလိုက်သည်။ 

အံ့ဩသည့် မျက်နှာအမူအရာဖြင့်ပင် "သံဃာဆိုတော့ သူများဒုက္ခရောက်တာ ဝမ်းမသာရပါဘူး။ ဒါပေမဲ့လေ" ဟု ဆိုရင်း ဦးဣန္ဒြောဘာသက ပြောလက်စစကား ရပ်ပစ်လိုက်သည်။

နှင်းဆီပါတီဥက္ကဋ္ဌကြောင့် အတိဒုက္ခရောက်ရပုံ အကြောင်းစုံကို Myanmar Now သတင်းဌာနကို ထုတ်ဖော်ပြောကြားပြီး နောက်တစ်နေ့ နံနက်တွင် ဦးဣန္ဒြောဘာသ သီတင်းသုံးနေထိုင်ရာ လင်းရောင်ခြည်ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရောက်ရှိလာကြောင်း ကျောင်းတိုက်ဆရာတော်က အကြောင်းကြားလာခဲ့သည်ဟု ဆိုသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်၂ ရဲစခန်းမှူး ဦးဇော်ဝမ်းလေးနှင့် အခြားရဲတပ်သားတစ်ဦးသည် အထက်အမိန့်အရ ရောက်လာခြင်းဖြစ်ပြီး Myanmar Now သတင်းပါအကြောင်းအရာများနှင့် ပတ်သက်၍ ကနဦးလာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ထိုစခန်းမှူးနှင့် ရဲတပ်သားတို့မှာ နာရီဝက်ခန့်အကြာ စကားပြောပြီးနောက် မှတ်တမ်းမှတ်ရာများ ရယူကာ ပြန်သွားခဲ့သည်။ 

ထိုနေ့ညက ဦးဣန္ဒြောဘာသ သီတင်းသုံးရာ လင်းရောင်ခြည်ကျောင်းတိုက်အနီး ဖြတ်သန်းသွားရာ လမ်းထဲတွင် ည ၁၀ နာရီကျော်ခန့်က ခွေးဟောင်သံများ အဆက်မပြတ်ကြားနေရပြီး လူသွားလူလာနည်းသည့် ညဘက်တွင် ခွေးဟောင်းသံများကြရသည့်အတွက် စိတ်ထဲမသိုးမသန့်ခံစားရသည်ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

"နည်းနည်းတော့ လန့်တာပေါ့။ ခါတိုင်း လူသွားလူလာနည်းတဲ့ လမ်းလေ။ ခွေးက ထိုးဟောင်နေတာကိုး" ဟု ဆိုသည်။ 

နောက်တစ်နေ့ မနက်တွင် ဦးဣန္ဒြောဘာသ၏ ရင်းနှီးသောမိတ်ဆွေများက စိတ်ပူစွာဖြင့် အသွားအလာဂရုစိုက်ရန် ဖုန်းဆက်ကြသည်။ ထိုအချိန်တွင် ဘယ်ကမှန်းမသိသော နံပါတ်ဖြင့် ဖုန်းဝင်လာသည်။ 

ဖုန်းခေါ်ဆိုသူက မန္တလေးအိုးဘိုထောင်ပိုင်တစ်ဦးဖြစ်ကြောင်း မိတ်ဆက်ကာ မေးမြန်းလိုသည်များရှိ၍ ကျောင်းတိုက်သို့ လာရောက်ရန် လိပ်စာတောင်းခဲ့သော်လည်း ရောက်လာခဲ့ခြင်း မရှိပေ။ 

"စိတ်ပူပြီး မေးတာတွေ များလာတော့ ဦးဇင်းလည်း စိတ်က အလိုလို လန့်လာတာပေါ့" ဟု ၂၄ နာရီအတွင်း ဖြစ်ပျက်ခဲ့သည်များနှင့်ပတ်သက်၍ ဦးဣန္ဒြောဘာသက ခပ်ပြုံးပြုံးမိန့်သည်။ 

ထို့နောက် ဆွမ်းစားပြီးချိန် နေ့ခင်း ၁၁ နာရီဝန်းကျင်၌ ဦးကျော်မြင့်ကို ဖမ်းလိုက်ပြီဟူသော သတင်းများကြားသိရသောအခါ ဦးဣန္ဒြောဘာသ အလွန်အမင်းအံ့ဩမိသွားသည်။ တပြိုင်နက်နည်း ဘဝင်ကျသည့်စိတ်လည်း ဖြစ်မိသည်။ 

"ပုထုဇဉ်ပဲလေ။ ပျော်သွားတာပေါ့။ ကိုယ်က သူ့ကြောင့် ဘဝပျက်ခဲ့ရတာ။ ဒါပေမဲ့ ဦးဇင်းကြောင့် ဖမ်းခံရတာ မဟုတ်ပါဘူး။ သူ့တရားသူစီရင်တာ" ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

ဦးကျော်မြင့်သည် ဆိုးရွားသည့် လုပ်ရပ်များလုပ်ခဲ့၍သာ အကြောင်းကြောင့် အကျိုးဖြစ်ရသည်ဆိုကာ တရားဖြင့် ဆင်ခြင်မိသည့်အပြင် တိုင်းပြည်အကျိုးရှိသည့် လုပ်ရပ်မျိုးအတွက် မိမိကိုယ်ကို ကျေနပ်ပီတိဖြစ်မိသည်ဟုလည်း ဆိုသည်။ 

"တိုင်းပြည်ဒုက္ခရောက်မယ့် ကိစ္စကြီးကို ကယ်တင်လိုက်ရတာလို့ ခံစားရတယ်" ဟုလည်း ဦးဣန္ဒြောဘာသက မိန့်သည်။ 

နှင်းဆီပါဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရသည့် နောက်ဆက်ဂယက်များအဖြစ် ဦးဣန္ဒြောဘာသ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့ဝင်များ၊ မီဒီယာများ မကြာခဏဆိုသလို ရောက်ရှိလာကြသည်။ အေးချမ်းတိတ်ဆိတ်ခဲ့သည့် ကျောင်းတိုက်အတွင်း ယခုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်လာသည့်အတွက် ကျောင်းတိုက်ရှိ သံဃာများကို အားနာမိသည်ဟု ဆိုသည်။ 

ဦးဣန္ဒြောဘာသက ထိုသို့မိန့်ဆိုနေစဉ်မှာပင် လင်းရောင်ခြည်ကျောင်းတိုက်အတွင်းသို့ ရဲကားတစ်စီး ဝင်ရောက်လာသည်။ အောင်မြေသာစံရဲမှူးဖြစ်ပြီး ထောင်းမှူးဟောင်း ဦးအေးချမ်းတစ်ဖြစ်လဲ ဦးဣန္ဒြောဘာသ၏ ငယ်ဘဝဖြစ်စဉ်များနှင့် ဦးကျော်မြင့် ထွက်ပြေးစဉ်က အဖြစ်အပျက်များကို လာရောက်စစ်ဆေးမေးမြန်းခြင်း ဖြစ်သည်။ 

အိုးဘိုထောင်မှ ထွက်ပြေးခဲ့သူ ဦးကျော်မြင့်တစ်ယောက် အိုးဘိုထောင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ယခင်တစ်ကြိမ်ကသို့ ပြန်လည်ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်မှုမရှိတော့သော်လည်း ပြစ်ဒဏ်အနည်းငယ်ဖြင့် မကြာမီပြန်လည်လွတ်မြောက်လာမည်ကိုတော့ စိတ်ပူမိသည်ဟု ဦးဣန္ဒြောဘာသက မိန့်ကြားသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်မှာ လျှို့ဝှက်သိပ်သည်းပြီး အင်အားကြီးမားသူတစ်ယောက်ဖြစ်သောကြောင့် မိမိလုံခြုံရေးကို စိတ်ပူမိသည်ဟုလည်း ဦးဣန္ဒြောဘာသက မိန့်ဆိုသည်။ 

"နင်တို့ဖုန်း အမြဲဖွင့်ထားနော်။ တစ်ခုဆို ကယ်ကြဦး။ သူက (ဦးကျော်မြင့်) က အင်အားကြီးလူတစ်ယောက်" ဟု ရယ်မောသံဖြင့် ပြောနေသော်လည်း ဦးဣန္ဒြောဘာသ၏ မျက်လုံးများတွင် စိုးရွံ့သည့် အငွေ့အသက်များ ရောယှက်နေသည်။ 

ဦးဣန္ဒြောဘာသတစ်ဖြစ်လဲ ထောင်မှူးဟောင်း ဦးအေးချမ်းသည် ငယ်စဉ်က ရည်မှန်းချက်ကြီးမားခဲ့သည်။ ထောင်အရာရှိကြီးတစ်ဦး ဖြစ်ချင်ခဲ့သည်။ အသက်အရွယ်ရလာသည့်အခါ ပင်စင်ယူကာ မြေကွက်လေးတစ်ကွက်ဝယ်ပြီး အေးချမ်းစွာဖြင့် မိသားစုလိုက် ခြံစိုက်စားလိုသည်။ သို့သော်လည်း ဦးအေးချမ်း၏ ထိုအိမ်မက်မှာ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ 

ဦးကျော်မြင့်နှင့် ပြန်တွေ့ရမည်ဆိုပါက မချိပြုံးပြုံးဖြစ်မည်ဟုဆိုသော်လည်း ကျန်ရှိသည့် လူ့ဘဝသက်တမ်းတစ်လျှောက် ထိုပုဂ္ဂိုလ်နှင့် မတွေ့ဆုံလိုတော့ဟု မျက်ရည်ဝေ့လျက် ဆိုသည်။ 

"သူ့အပြစ်နဲ့သူခံလေ။ မတွေ့ချင်တော့ဘူး။ တွေ့ရင်လည်း မချိပြုံးလေးပဲ ပြုံးပြလိုက်တာ အကောင်းဆုံးပဲ" ဟု ဦးဣန္ဒြောဘာသက မိန့်ဆိုလိုက်သည်။ 

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading