ထောင်ပြေးဦးကျော်မြင့်ကို စက်တင်ဘာ ၂၉ ညပိုင်းက ၎င်းနေထိုင်ရာ ပန်းလှိုင်အိမ်ရာတွင် ဖမ်းဆီးခဲ့ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့သည်
ထောင်ပြေးအမှုဖြင့် ဖမ်းဆီးထားသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ခေါ် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့ရှိ အိုးဘိုထောင်၌ ထိမ်းသိမ်းထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက Myanmar NOW ကို အတည်ပြုပြောကြားသည်။
ဦးကျော်မြင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက ၎င်းနေထိုင်ရာ ပန်းလှိုင်အိမ်ရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးကျော်မြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော မန္တလေးအိုးဘိုထောင်သို့ ၂၄ နာရီအတွင်း ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

အသက် ၆၉ နှစ်အရွယ်ရှိ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဝါး (ခ) ဇခုန်ဇုန်းဆောင်ကို ထောင်ပြေးမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းထူထောင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ကြေငြာပြီး မကြာမီတွင် ဦးကျော်မြင့်ဖမ်းဆီးခံခဲ့ရသည်။


ပုဒ်မနှစ်ခုဖြင့် ထောင် ၉ နှစ် ချမှတ်ခံထားရသူ ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်၌ အကျဉ်းကျနေစဉ် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ်လူမော်ဆိုသူနှင့်အတူ ထွက်ပြေးခဲ့သည်။
ထောင်မှထွက်ပြေးပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဦးကျော်မြင့်သည် ၎င်းပြန်ဝင်ခွင့်ရရေးအတွက် ယခင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးတစ်ချို့က ခွင့်ပြုခဲ့ကြောင်းသိရှိရသည်။


ထိုမတိုင်မီ ဦးကျော်မြင့်ကိုယ်တိုင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့လာပြီး မြန်မာနိုင်ငံပြန်ဝင်ခွင့်ရရေး မြန်မာအစိုးရအာဏာပိုင်များထံ အယူခံများတင်သွင်းခဲ့ကြောင်း ဦးကျော်မြင့်နှင့်အတူ UDP ပါတီထူထောင်ခဲ့သူ ဦးကျော်မိုးက Myanmar Now ကိုပြောဆိုထားသည်။
ဖမ်းဆီးခံထားရသည့် ပါတီဥက္ကဋ္ဌဦးကျော်မြင့်မှာ ယမန်နေ့ညပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း နှင်းဆီပါတီဝင်အချို့က အင်တာနက်လူမှုကွန်ရက်တွင် ရေးသားမှုများရှိခဲ့သော်လည်း ဦးကျော်မြင့်ကို လက်ရှိတွင် အိုးဘိုထောင်၌ ထိန်းသိမ်းထားကြောင်း အစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောဆိုသည်။
ပါတီဥက္ကဋ္ဌဖမ်းဆီးခံရခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် စိုးရိမ်ကြောင့်ကြခြင်း၊ ပူပန်ခြင်းလုံးဝမရှိကြရန် နှင်းဆီပါတီဗဟိုကော်မတီဝင်များအဖွဲ့က ယနေ့ (အောက်တိုဘာလ ၁) တွင် ကြေညာချက်ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
နှင်းဆီပါတီ၏ ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်ရှိနေသော ခေါင်းဆောင်များက ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
ဦးကျော်မြင့်၏ နှင်းဆီပါတီသည် ၂၀၂၀ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးနောက် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် အရေးယူခံရပြီးနောက် ပါတီနှင့်ပတ်သက်၍ ပြောဆိုခွင့်ပိတ်ပင်ထားကြောင်း ကချင်ပြည်နယ်နှင့် ကယားပြည်နယ်မှ နှင်းဆီပါတီကိုယ်စားပြု ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများက Myanmar Now ကို ပြောသည်။
ဦးကျော်မြင့်သည် ကချင်လချိတ်မျိုးနွယ်စုဖြစ်ပြီး ကချင်အမည်မှာ ဇခုန်ဇုန်းဆောင်ဖြစ်ကြောင်း၊ နှင်းဆီပါတီ၏ တရားဝင်ထုတ်ပြန်ထားချက်နှင့် ပတ်သက်၍ ကချင်အထူးဒေသ -၁ မှ ပြည်သူ့စစ်လက်နက်ကိုင်ခေါင်းဆောင် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ၏ ခေါင်းဆောင် ဦးဇခုန်တိန်ယိန်းက ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်တွင် မည်ကဲ့သို့ ဇခုန်အမည်ရရှိနေလဲ မသိကြောင်း၊ ၎င်းအနေဖြင့် ဦးကျော်မြင့်နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












