ကိုဗစ်ကာလအတွင်း အချိန်မီဆေးကုသခွင့်ဆုံးရှုံးသည့် နာတာရှည်ရောဂါဝေဒနာရှင်များရှိနေ 

ကပ်ရောဂါပိုးကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချရန် ပြင်ပဆေးခန်းများတွင် ဆရာဝန်များ မထိုင်တော့ခြင်း၊ ကူးစက်မှုဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကဆေးရုံဆေးခန်းအချို့ ပိတ်ထားခြင်းကြောင့် အရေးပေါ်ကုသရန်လိုအပ်သူများ အခက်တွေ့လျက်ရှိသည် 

အင်းစိန်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်း၌ လူနာတစ်ဦးကို စစ်ဆေးကုသနေသည့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများကို စက်တင်ဘာ ၂၅ တွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ကိုဗစ်နိုင်တင်း (Covid-19) ဒုတိယလှိုင်းကျရောက်မှုတွင် ရန်ကုန်တွင် ကူးစက်မှုအများဆုံးဖြစ်ပွားလျက်ရှိရာ ပုဂ္ဂလိကဆေးခန်းများ ပိတ်ထားခြင်းနှင့် အစိုးရဆေးရုံများသို့ သွားရောက်ပြသရန် အကန့်အသတ်ရှိနေသောကြောင့် ပုံမှန်ဆေးကုသမှုခံယူနေရသူများ အခက်အခဲဖြစ်လျက်ရှိသည်။ 

ဝန်ထမ်းသုံးဦး ရောဂါပိုးကူးစက်ခံရသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် စက်တင်ဘာ ၁၀ ရက်မှစကာ လမ်းမတော်မြို့နယ်ရှိ ဗဟိုရ်စည်ပုဂ္ဂလိကဆေးရုံကို အသွားအလာကန့်သတ် (Lockdown) ပိတ်ပင်ခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုကို ယာယီရပ်နားခဲ့သည်။

ဗဟိုရ်စည်ဆေးရုံ ယာယီပိတ်ထားသဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်သွားသူများအနက် ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှ ရန်ကုန်သို့ လာရောက်ခဲ့သူ ၆၁ နှစ်အရွယ် ဦးအေးဝင်းလည်း ပါဝင်သည်။ 

ရန်ကုန်မြို့သို့ စက်တင်ဘာ ၃ ရက်တွင် ရောက်လာခဲ့သည့် ဦးအေးဝင်းသည် ဗဟိုရ်စည်ဆေးရုံ၌ ခွဲစိတ်ကုသမှု ပြုလုပ်ရန် ဆီးလမ်းကြောင်းကို စစ်ဆေးနေဆဲအချိန်တွင် ဆေးရုံပိတ်သွားခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါအခြေအနေကြောင့် နေရပ်သို့လည်း မပြန်နိုင်ဖြစ်နေသည်။ 

အစိုးရဆေးရုံများတွင် သွားရောက်ပြသပါက ကိုဗစ်နိုင်တင်း ကူးစက်ခံရမည်ကိုလည်း စိုးရိမ်သဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခိုရင်း ဆီးပိုက်တန်းလန်းဖြင့် စောင့်ဆိုင်းနေရသည်ဟု ဦးအေးဝင်းက ဆိုသည်။

"ပထမတော့ အစိုးရဆေးရုံတွေမှာ ပြမလို့ပဲ။ နောက်တော့ ဗြုန်းစားကြီး ရက်ပိုင်းအတွင်း ကိုဗစ်နိုင်တင်းလူနာတွေလည်း ဝင်နေတယ်။ ပြောရမယ်ဆိုရင် ရောဂါကြောင့် အသက်အန္တရာယ် မများပေမယ့်လို့ အဲ့ဒီမှာ (အစိုးရဆေးရုံ) အန္တရာယ်များတဲ့နေရာ ဖြစ်နေတာကြောင့်မို့လို့ အခုလို ဖြစ်နေတာပေါ့” ဟု ဆေးကုရန်စောင့်ဆိုင်းနေရသည့်အဖြစ်ကို ဦးအေးဝင်းက ပြောပြသည်။ 

ကျောက်တံတားမြို့နယ်ရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၌လည်း မေ့ဆေးဆရာဝန်တစ်ဦးနှင့် သူနာပြု ၂၀ ဦး ကိုဗစ်နိုင်တင်းကူးစက်ခံရသဖြင့် စက်တင်ဘာ ၂၁ မှစကာ ဆေးရုံကို ပိတ်ထားခဲ့သည်။ ဗိုလ်တထောင်မြို့နယ် ပါရဂူပုဂ္ဂလိကဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိသော်လည်း လတ်တလောတွင် ဆေးကုသမှု ရပ်နားထားသည်။  

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အချိန်ပိုင်း ဆေးခန်းထိုင်သည့် အစိုးရဆရာဝန်အများစု ဆေးခန်းမလာနိုင်တော့ကြောင်း လှိုင်သာယာတွင် ဖွင့်လှစ်ထားသည့် စွယ်စုံအထွေထွေရောဂါကုဆေးခန်းပိုင်ရှင် ကိုတည်ငြိမ်သန့်က ပြောသည်။

ဆရာဝန်များသည် အစိုးရဆေးရုံများတွင် ကိုဗစ်နိုင်တင်းသံသယလူနာများနှင့် နေ့စဉ်ထိတွေ့မှုရှိသဖြင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေများသည့်အပြင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများ ဖြစ်နေနိုင်သဖြင့် ၎င်းတို့မှတစ်ဆင့် ထပ်မံကူးစက်မှု မဖြစ်စေရန် ပြင်ပဆေးခန်းများတွင် ကုသမှုမပြုတော့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အလားတူပင် ပြင်ပဆေးခန်းများမှ ရောဂါပိုးကူးစက်ခံသွားရလျှင်လည်း တာဝန်ထမ်းဆောင်နေသည့် အစိုးရဆေးရုံများတွင် ထပ်မံကူးစက်ပြန့်ပွားစေမည်ကို စိုးရိမ်နေကြသည်ဟု ကိုတည်ငြိမ်သန့်က ဆိုသည်။

"နောက်တစ်ကြောင်းကလည်း သူတို့ (ပုဂ္ဂလိက) ဆေးရုံတွေမှာ အချိန်မပေးနိုင်တော့တာ၊ ပြင်ပဆေးခန်းတွေမှာ သိပ်အချိန်မပေးနိုင်တော့တာပေါ့” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ဆေးခန်း ယာယီပိတ်ထားသဖြင့် အခက်အခဲကြုံနေရသည့် လူနာများရှိသည်ဟုလည်း ကိုတည်ငြိမ်သန့်က ဆိုသည်။ 

"တစ်ချို့လူနာဆို တော်တော်တောင် သနားဖို့ကောင်းတယ်။ အသက်အန္တရာယ်ဆုံးရှုံးမှုနဲ့ ကြုံလိုက်ရတဲ့ လူနာတွေတောင် ကျွန်တော့်မျက်မြင် ရှိခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ဆေးခန်းတော်တော်များ ပိတ်ထားရတယ်။ ပိတ်ထားရတော့ အချိန်မီ ဆေးရုံကို မလွှတ်လိုက်ရဘူး။ ဒီလိုနဲ့ အသက်ဆုံးပါးသွားတဲ့ လူနာတွေ ရှိခဲ့ဖူးတယ်။ ဒီရက်ပိုင်း လပိုင်းလေးမှာပဲ” ဟု ၎င်းက ပြောသည်။ 

၎င်း၏ ဆေးခန်းတွင် အထွေထွေရောဂါကုဆရာဝန် နှစ်ဦး၊ အထူးကုဆရာဝန် သုံးဦးနှင့် ဆေးခန်းဝန်ထမ်း ငါးဦးရှိပြီး ယခင်က နေ့စဉ် လူနာ ၇၀ ကျော် လက်ခံကုသပေးလေ့ရှိသည်ဟု ဆိုသည်။ 

ဆေးခန်းပိတ်ထားသော်လည်း ကုသနေကျ လူနာအချို့ကို အွန်လိုင်းမှတစ်ဆင့် ညွှန်ကြားမှုများပေးနိုင်ရန် အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပေးကြောင်း၊ ရံဖန်ရံခါ ရက်ချိန်းဖြင့် တွေ့ဆုံကုသနိုင်ရန်လည်း စီစဉ်ပေးကြောင်း ကိုတည်ငြိမ်သန့်က ပြောသည်။ 

သို့သော် အွန်လိုင်းအခြေပြု ကျန်းမာရေးဝန်ဆောင်မှု ပုဂ္ဂလိကလုပ်ငန်းအချို့ရှိနေသော်လည်း နာတာရှည်ရောဂါရှိလူနာများနှင့် အရေးပေါ်လူနာများအတွက်မူ ထိရောက်မှုနည်းကြောင်း အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် “Hello - ဆရာဝန်” ၏ အယ်ဒီတာချုပ်နှင့် စီမံအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောသည်။

"ကျွန်တော်တို့ အွန်လိုင်းကနေ ကုသမှုလုပ်လို့ရတယ် ဆိုတာကလည်း အပရိက အပေါ်ယံရောဂါတွေပဲ လုပ်လို့ရတာ များတယ်။ ပိုပြီးတော့ အသေးစိတ်လာတဲ့ အနုစိတ်လာတဲ့ ရောဂါတွေကျတော့ အွန်လိုင်းကနေလုပ်လဲ ဘာမှမထူးဘူး” ဟု ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောသည်။

ကိုဗစ်နိုင်တင်း ကူးစက်ခံရခြင်းကြောင့် မဟုတ်ဘဲ ကိုဗစ်ကြောင့် ယန္တရားများအားလုံး ရပ်နေသဖြင့် နာတာရှည်ရောဂါသည်များ ပိုမိုထိခိုက်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

ကိုဗစ်ကာလအတွင်း ဆေးရုံဆေးခန်း သွားရောက်ပြသရန် အခက်အခဲတွေ့နေသူ ဝေဒနာရှင်များအနက် ကျောက်ကပ်ရောဂါခံစားနေရသူ အသက် ၂၅ နှစ်အရွယ် မယဉ်မွန်အောင်လည်း ပါဝင်သည်။ ၎င်းသည် ၁၉ နှစ် အရွယ်ကတည်းက တစ်ပတ်လျှင်နှစ်ကြိမ် ပုံမှန်ကျောက်ကပ်ဆေးနေရသူဖြစ်သည်။ 

မယဉ်မွန်အောင်ကို အပတ်စဉ်ကျောက်ကပ်ဆေးပေးနေသည့် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆရာဝန်မှာ ကိုဗစ်လူနာနှင့် ထိတွေ့မိပြီး ကွာရန်တင်းဝင်လိုက်ရ၍ စက်တင်ဘာ ၂၂ မှစကာ ကုသမှုမရရှိတော့ဟု ဆိုသည်။ 

“တစ်ပတ်ကိုတစ်ခါ ဆေးရတဲ့ လူနာမျိုးတွေပေါ့။ အဲဒီလိုလူတွေအတွက်ကျတော့ ဘယ်နေရာမှ သွားစရာမရှိပဲနဲ့။  ပြီးတော့ ကိုယ်တွေက ကျောက်ကပ်မဆေးရင် သေသွားရမယ့် သူတွေလေ။ တစ်ပတ်ကို နှစ်ခါဆေးတဲ့သူက တစ်ခါပဲဆေးရင်တောင် ဘယ်လိုမှ နေလို့ထိုင်လို့မရဘူး။ ရက်ကလေးတောင် ကျော်လို့မရဘူး။ အသက်တွေ ရှုလို့မရ၊ ပြုလို့မရ၊ ဆီးဆိပ်တွေကတက်” ဟု ကျောက်ကပ်ဝေဒနာနှင့် ပတ်သက်၍ မယဉ်မွန်အောင်က ပြောသည်။

ပုံမှန်ကျောက်ကပ်ဆေးနေသည့် ဆေးခန်းများ ပိတ်သွားသဖြင့် အခက်အခဲဖြစ်နေသူ နောက်တစ်ဦးမှာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နေ အသက် ၄၀ အရွယ် ဒေါ်ခင်စန်းရီ ဖြစ်သည်။ ပုံမှန်သွားနေကျ ဆေးခန်းများ ပိတ်ထားသဖြင့် ပုဇွန်တောင်မြို့နယ်ရှိ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ် အထူးကုဆေးခန်းတွင် ကျောက်ကပ်ဆေးနေရသည်ဟု ဆိုသည်။ 

ဒေါ်ခင်စန်းရီသည် သင်္ဃန်းကျွန်းစံပြဆေးရုံနှင့် ဘားလမ်းရှိ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် အပတ်စဉ် ကျောက်ကပ်ဆေးနေသူဖြစ်သည်။ ယင်းဆေးခန်းများ ပိတ်သွားသဖြင့် အာယု၊ ပင်လုံ၊ SML၊ ဆာကူရာ၊ ပန်းလှိုင် စသည့်ဆေးရုံများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ကျောက်ကပ်ဆေးရန် ရက်ချိန်းမရခဲ့ဟု ဆိုသည်။

“ဒီ (မြင့်မြတ်ဖြူစင်ဆေးခန်း) က ခေါ်လိုက်လို့ တော်သေးတယ်။ မခေါ်ရင် ညတုန်းကလည်း တညလုံးမအိပ်နိုင်ဘူး။ ခြင်ထောင်ထဲမှာ ကုလားထိုင်ထည့်ပြီးတော့ အဲဒီလိုကြီး ငုတ်တုတ်နေနေရတယ်။ အသက်ရှူလို့ မဝတော့ဘူး။ ပြင်ပဆေးခန်းတွေဆီလည်း သွားပါတယ်။ သူတို့က ပထမလူနာတွေ လက်ခံထားတာတွေ ရှိလို့တဲ့။ လူနာတွေက အရမ်းဖြစ်နေတော့တဲ့ ခေါ်လို့မရဘူးတဲ့” ဟု ဒေါ်ခင်စန်းရီက ပြောသည်။

ကျောက်ကပ်ပုံမှန်ဆေးရန် လိုအပ်သည့်လူနာများသည် ဆေးထိုး၊ ဆေးသောက်၊ ဆေးသွင်း၍ ကုသနိုင်သူများမဟုတ်ဘဲ ဆေးရမည့်ရက် ကျော်လွန်ပါက ဝေဒနာပြင်းထန်စွာ ခံစားရသည်ဟု ရန်ကုန် စမ်းချောင်းမြို့နယ်မှ ကျောက်ကပ်ဝေဒနာသည်တစ်ဦးဖြစ်သည့် မဝေဇင်ဦးက ပြောသည်။ အကြိမ် ၅၀၀ ကျော် ကျောက်ကပ်ဆေးထားရသူလည်းဖြစ်သည်။ 

“အဲဒီလိုမှ မဆေးနိုင်ဘူးဆိုရင် ကျွန်မတို့အတွက် အန္တရာယ်ရှိပါတယ်။ အရမ်းကို မောကျပ်လာပါတယ်။ အဲ့လို မောကျပ်လာတဲ့အခါမှာ ဘယ်သူကမှ မကယ်နိုင်ပါဘူး။ ကယ်နိုင်တဲ့သူကတော့ ကျောက်ကပ်ဆေးတဲ့ စက်ကြီးပါပဲ” ဟု မဝေဇင်ဦးက ပြောသည်။

ပုံမှန် ကျောက်ကပ်ဆေးနေရသူများသည် အချိန်မီဆေးခွင့်မရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောသည်။ 

“ကျောက်ကပ်ဆိုတာက တော်တော်ဆိုးတယ်။ သူတို့တွေဟာ ကိုယ်ခံအားကျနေရင် ဒီ (ကိုဗစ်) ပိုး ဝင်လွယ်တယ်။ ဒီပိုးဝင်သွားပြီးရင်လည်း ခန္ဓာကိုယ်မှာ Cytokine storm ဆိုတာ ကိုယ်ခံအားပြောင်းလဲပြီးရင် ကိုယ်ခံအားစနစ်တွေ ပျက်ယွင်း၍ မုန်တိုင်းကဲ့သို့ လွန်ကဲစွာ တုံ့ပြန်ခြင်းလို့ခေါ်တဲ့ တုံ့ပြန်ခြင်းမျိုးဖြစ်နိုင်တယ်။ အဲဒါဖြစ်ရင် အသက်အန္တရာယ်ရှိတယ်။ သေတတ်တယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်နိင်တင်းကာလအတွင်း အချိန်မီ ဆေးကုသမှုမရရှိသည့် အခြားဝေဒနာရှင် များစွာရှိသည်ဆိုသော်လည်း အစိုးရဆေးရုံများတွင် ဝန်ဆောင်မှုအချိန် လျှော့ချထားခြင်းမျိုး မရှိကြောင်း ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“Non-Covid (ကိုဗစ်မဟုတ်တဲ့) လူနာတွေပေါ့။ အခုလည်း ကျွန်တော်တို့က အဲ့ဒါတွေကို အချိန်မရွေး လာပြလို့ရအောင် စီစဉ်ထားတယ်။ လာပြရင် အချိန်ပြည့် ကုပေးပါတယ်။ မလာရဘူးလို့ ပြောမထားဘူး။ သူတို့ကိုမလျှော့ဘူး။ လျှော့ပြီးမကုသဘူး။ ဒါပေမယ့် လူနာတွေ မလာတာက မလာတာပဲလေ" ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးဆောင်နေသူလည်းဖြစ်သည့် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောသည်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်နိုင်တင်းလက္ခဏာပြ လူနာများကို လက်ခံစစ်ဆေးကြည့်ရှုသည့် အရေးပေါ်ဌာနကို တိုးချဲ့ခဲ့သည့်နည်းတူ အထူးကုပြင်ပလူနာဆိုင်ရာ ဌာနများကိုလည်း လသာ (၂) ကျောင်းဝင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ 

ကိုဗစ်နိုင်တင်း မဟုတ်သည့် လူနာများအတွက် မြို့နယ်အလိုက် Fever Clinic (ဖျားနာကုအခမဲ့ဆေးခန်း) ၂၁ ခု ဖွင့်လှစ်ထားသော်လည်း စေတနာ့ဝန်ထမ်းအရေအတွက်ပေါ် မူတည်ကာ အချိန်နှင့် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံကုသနိုင်သည်။ 

တစ်ရက်လျှင် လူနာ ၅၀ ခန့် လက်ခံကုသပေးနေရသည့် ဖျားနာဆေးခန်းများ ရှိသကဲ့သို့ ၂၀၀ ဝန်းကျင် လက်ခံကြည့်ရှုပေးနေရသည်များလည်း ရှိသည်ဟု တာမွေ၊ လှိုင်နှင့် အင်းစိန်မြို့နယ်များရှိ ဖျားနာဆေးခန်းများမှ စေတနာ့ဝန်ထမ်းဆရာဝန်များက ပြောသည်။ 

အရေးပေါ်ကုသမှုလိုအပ်သည့် နာတာရှည်ရောဂါ ဝေဒနာသည်များအတွက် ယခုကဲ့သို့သော အခက်အခဲများကို ရှောင်လွှဲနိုင်ရန် ကိုဗစ်နိုင်တင်းကာလအတွင်း အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပုဂ္ဂလိကဆေးခန်းပိုင်ရှင် ကိုတည်ငြိမ်သန့်က အကြံပြုသည်။

"အစိုးရအနေနဲ့ရော ဝန်ကြီးဌာနတွေအနေနဲ့ရော ပူးပေါင်းပေးဖို့ပေါ့။ အောက်က အပြင်ဆေးခန်းတွေကို ပူးပေါင်းပါ ပူးပေါင်းပါ ပြောပေမယ့်လည်း တကယ့်အောက်ခြေကို သေချာလေးဆင်းပြီးတော့ ဖြစ်ပျက်နေတာလေးတွေကို ထဲထဲဝင်ဝင်လေး လေ့လာပေးကြဖို့” ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၃,၃၇၃ ဦးရှိပြီး သေဆုံးသူ ၃၁၀ ရှိသည်။ 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading