နှင်းဆီပါတီဥက္ကဌကြောင့် ဘဝပျက်ခဲ့ရသည့် ထောင်အရာရှိ

ဆရာတော်ဦးဣန္ဒြောဘာသသည် ထောင်မှုးဘဝက ဦးကျော်မြင့်ထောင်ပြေးချိန်တွင် တာဝန်ရှိသည်ဆိုကာ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ထောင်ပြေးတစ်ဦးက မည်သည့်အပြစ်ပေးခြင်းမှမခံရဘဲ နိုင်ငံရေးပါတီဥက္ကဌဖြစ်လာသော်လည်း ထိုသူကြောင့် ဆရာတော်ဦးဣန္ဒြောဘာသမှာမူ ဘဝပျက်လုဖြစ်ခဲ့ရသည် 

Published on Sep 28, 2020
ဦးကျော်မြင့်ထောင်ပြေးချိန်တွင် မန္တလေးအိုးဘိုထောင်၌ တာဝန်ကျထောင်မှူးဖြစ်ခဲ့သူ ဦးအေးချမ်းကို အကျဉ်းဦးစီးဌာန အရာရှိဝတ်စုံဖြင့် တွေ့ရစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now) 
ဦးကျော်မြင့်ထောင်ပြေးချိန်တွင် မန္တလေးအိုးဘိုထောင်၌ တာဝန်ကျထောင်မှူးဖြစ်ခဲ့သူ ဦးအေးချမ်းကို အကျဉ်းဦးစီးဌာန အရာရှိဝတ်စုံဖြင့် တွေ့ရစဉ်။ (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now) 

မန္တလေးတောင်ခြေရှိ 'ပြည်တိုက်' အမည်ရှိ စာသင်တိုက်ကြီးအတွင်း လင်းရောင်ခြည်ကျောင်း၌ သီတင်းသုံးလျက်ရှိသည့် အသက် ၅၆ နှစ်အရွယ် ဦးဣန္ဒြောဘာသသည် အင်တာနက်လူမှုကွန်ရက်ပေါ် တက်လာသည့် သတင်းတစ်ပုဒ်ကို စိတ်ဝင်တစား ဖတ်ရှုမိရင်း မျက်လုံးများ ပြူးကျယ်သွားရသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံနေသည့် ထိုသတင်းမှာ Myanmar Now က ရေးသားထားသည့် "မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဌ" အမည်ရှိ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီခေါင်းဆောင် ဦးကျော်မြင့်အကြောင်း သတင်းဆောင်းပါးဖြစ်သည်။ 

ထိုသတင်းကိုဖတ်ရင်း ခံပြင်းစိတ်နှင့်အတူ သံဝေဂရစရာများလည်း ပေါ်ပေါက်လာသဖြင့် စိတ်သန္တန်တွင် ညစ်ညူးစိတ်ဖြစ်ပေါ်မိကြောင်း ဝသည်ဟု မဆိုနိုင်သော်လည်း ခပ်ပြည့်ပြည့်မျက်နှာဖြင့် အသားညိုညို အရပ်အနေတော်ရှိသည့် ဦးဣန္ဒြောဘာသက မိန့်သည်။

ဆေးပေါ့လိပ်ကြိုက်သူ အချိန်ပြည့် ကွမ်းတပြစ်ပြစ်ဝါးနေတတ်သူ ဦးဣန္ဒြောဘာသသည် ဆောင်းပါးကို ဖတ်မိနေရင်း အတိတ်ကာလအချိန်တစ်ချိန်ကို သတိရလာသည်။ 

၁၉၉၈ ခုနှစ်ကဖြစ်သည်။ ထိုစဉ်က ဦးဣန္ဒြောဘာသမှာ မောင်အေးချမ်းအမည်ဖြင့် လက်ရှိ သီတင်းသုံးနေထိုင်ရာ ဘုန်းကြီးကျောင်းနှင့် မနီးမဝေးရှိ မန္တလေးအိုးဘိုထောင်တွင် ကြယ်တစ်ပွင့်ရာထူးဖြင့် ထောင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

ထိုနှစ်က မန္တလေးအိုးဘိုထောင်သို့ ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်ကိုးနှစ် ကျခံနေရသူ ကျော်မြင့်အမည်ရှိ အကျဉ်းသားသည် ရန်ကုန်အင်းစိန်ထောင်မှ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

ထိုအချိန်က ထောင်မှူးမောင်အေးချမ်းသည် အိုးဘိုထောင်ရှိ နိုင်ငံရေးသမားများထားရှိသည့် အချုပ်ဆောင်နှင့် ကလေးသူငယ်ထောင်မှ မကျန်းမာသူများတက်ရောက်ရသည့် ထောင်ဆေးရုံတွင် တာဝန်ကျနေချိန်ဖြစ်သည်။ ၎င်းတာဝန်ကျရာ ထောင်ဆေးရုံသို့ ပြစ်ဒဏ်ကျခံနေရသူ ကျော်မြင့်ဆိုသူ ရောက်လာသည်။ ထိုသူသည် ထောင်ကျကျခြင်း ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

"သူ့မှာ ဘာရောဂါလက္ခဏာမှ ပြင်းပြင်းထန်ထန် မရှိပါဘူး။ ဘယ်လိုကြောင့် လူနာတွေနေတဲ့ ထောင်ဆေးရုံကို ရောက်လာမှန်း မသိရဘူး။ ဆရာဝန်က လက်ခံထားတာ​ဆိုတော့ ဘာမှ စောဒက မတက်ခဲ့ပါဘူး"ဟု ထောင်မှူးဟောင်း ဦးအေးချမ်းတဖြစ်လဲ ဦးဣန္ဒြောဘာသက မိန့်သည်။

ကျန်းမာရေးကောင်းပါလျက်နှင့် ငွေကြေးချမ်းသာသော အကျဉ်းသားများသည် ထောင်အာဏာပိုင်များကို ငွေပေးပြီး မြန်မာနိုင်ငံ၏ ထောင်ဆေးရုံများတွင် လူနာအဖြစ်နေကြသည်မှာ အစဉ်အလာတစ်ရပ်ဖြစ်သည်။ ထောင်အလုပ်မလုပ်ရ၊ ဆေးရုံမှကျွေးမွေးသော အစားစာကို စားသောက်ခွင့်နှင့် သာမာန်အကျဉ်းသားများထက် ပို၍လွတ်လပ်စွာနေခွင့်ရကြသည်။ 

ဦးဣန္ဒြောဘာသ၏ ပြောပြချက်အရ ဦးကျော်မြင့်၏ ပုံပန်းမှာ အေးအေးဆေးဆေးရှိလှသည်။ မည်သူနှင့်မျှစကားမပြောဘဲ တစ်ဦးတည်းနေကာ တစ်ခုခုကို တွေးတောကြံစည်နေဟန်ရှိသည်။ အမြဲလမ်းလျှောက်နေတတ်သည်။ ထောင်ဆေးရုံ ရောက်လာသော်လည်း တစ်စုံတစ်ရာ ရောဂါလက္ခဏာ မရှိပေ။

သို့သော် ဦးကျော်မြင့် ရောဂါလက္ခဏာပြလာသည့် အချိန်တစ်ချိန်တော့ ရှိလာခဲ့သည်။ 

ထောင်မကျမီက ဦးကျော်မြင့် ဦးစီးလုပ်ကိုင်ခဲ့သည့် မြန်မာကျုံယွမ်ကုမ္ပဏီနှင့် ပတ်သက်၍ အာဏာပိုင်များက လာရောက်စစ်ဆေးခဲ့သည့် အချိန်ဖြစ်သည်။ "သူ့ကို စစ်ဆေးတယ်။ သူက မူးတယ် မူးတယ်ဆိုပြီး လဲကျသွားတယ်။ ဒါနဲ့ ဆက်မစစ်နိုင်ကြတော့ဘူး" ဟု ဦးဣန္ဒြောဘာသက ဆိုသည်။

119939576_669817587290006_2383997630703731610_n.jpg

ညီညွတ်သောဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌဖြစ်သူ ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့်ဟွာဟူ။ 

‌ရင်းနှီးသော ထောင်တန်းစီးတစ်ဦး၏ ပြောပြချက်အရ ဦကျော်မြင့်သည် လက်နက်ကိုင် 'ဝ' တပ်ဖွဲ့မှ ရာထူးခပ်ကြီးကြီးဖြစ်သူဟု ဦးဣန္ဒြောဘာသ ထိုစဉ်က သိခဲ့ရသည်။ ကုဋေနှင့်ချီသော ငွေကြေးများအတွက် အစစ်ဆေးခံနေရသည်ဟုလည်း သိခဲ့ရသည်။

(မှတ်ချက်။ ဦးကျော်မြင့်မှာ 'ဝ' တပ်ဖွဲ့ခေါင်းဆောင်တစ်ဦး၏ သမီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ထိုအဖွဲ့၏ စီးပွားရေးတာဝန်ခံအဖြစ် မြန်မာကျုံယွမ်ဆိုသည့်ကုမ္ပဏီကို ထောင်မကျမီတွင် ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။ ) 

ထောင်ဆေးရုံသို့ ဦးကျော်မြင့်ရောက်ရှိခဲ့သည့် ငါးလကျော်အတွင်း အမြဲ ထောင်ဝင်စာလာတွေ့သူတစ်ဦးရှိခဲ့သည်။ ဦးကျော်မြင့်၏ ယောက်ဖတော်စပ်သူ ဦးဇော်ဂန်ဆိုသူဖြစ်သည်။ 

ဦးဇော်ဂန်မှာ ရန်ကုန်တွင်‌နေထိုင်သူဖြစ်ပြီး ထောင်ဝင်စာလာတွေ့သည့်အခါတိုင်း စားစရာသောက်စရာများ ပါလာတတ်သည်။ တာဝန်ကျ ထောင်ဝန်ထမ်းများကိုလည်း လိုအပ်သည်များ ပေးကမ်းလေ့ရှိသည်။ ထိုသို့ လက်ဆောင်ပဏ္ဏာများ လက်ခံရယူမိခြင်းကပင် ထောင်မှူး မောင်အေးချမ်းတစ်ယောက် ထောင်ဒဏ်နှစ်ကြီးကျခံရသည်အထိ အတိဒုက္ခရောက်လာမည်ကို ထိုစဉ်က သတိမထားမိခဲ့ပေ။ 

"ဘဝမှာ တစ်သက်နဲ့တစ်ကိုယ် ငွေများများကိုင်ဖူးတာ အဲဒီတစ်ကြိမ်ပဲ။ ကျပ်ငါးသောင်းပေးတယ်။ အဲဒီခေတ်က ငါးသောင်းကလည်း အတော်တန်တာကိုး" ဟု ဦးဣန္ဒြောဘာသက ခပ်ပြုံးပြုံး မိန့်ကြားသည်။ 

သို့သော် ထိုငွေမှာ ဦးကျော်မြင့်ထောင်ပြေးရာတွင် အကူအညီပေးရန် ရယူခဲ့ခြင်း မဟုတ်ပေ။ ထောင်ဒဏ်ကျခံနေရသူ ထောင်သား ဦးကျော်မြင့်ကို စောင့်ရှောက်ပေးရန် ဦးကျော်မြင့်၏ ယောက်ဖဖြစ်သူက ပေးခဲ့သဖြင့် လက်ခံရယူခြင်းသာ ဖြစ်ကြောင်းဆိုသည်။ 

ကံကြမ္မာက ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။ ထောင်သားများကို ထိန်းသိမ်းရသည့် ထောင်မှူး မောင်အေးချမ်းတစ်ယောက် မိမိကိုယ်တိုင် အထိန်းသိမ်းခံရမည့်နေ့ကို ရောက်ရှိလာသည်။ ထိုနေ့က အစ္စလာမ်ဘာသာဝင်များ၏ အစ်နေ့ဖြစ်သည်။ တာဝန်ကျ ထောင်တာဝန်မှူး ခွင့်ယူသည့်အတွက် မောင်အေးချမ်းက ကိုယ်စားတာဝန်ယူပေးခဲ့ရသည်။ 

ထိုနေ့က ထောင်ဆရာဝန်ဒေါက်တာမြင့်အောင်၏ ဆေးမှတ်ချက်တစ်ခုအရ ဦးကျော်မြင့်ကို ထောင်ပြင်ပဆေးရုံသို့ ထုတ်ခဲ့ရသည်။ ရဲတပ်သားသုံးဦး အစောင့်အရှောက်လိုက်ပါလျက် ဦးကျော်မြင့်ကို မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင်(၃) သို့ နံနက် ၇ နာရီအရောက် ထုတ်ပေးခဲ့ရသည်။ 

ထောင်ဆရာဝန်၏ဆေးမှတ်ချက်အရ ထုတ်ပေးလိုက်ရခြင်းဖြစ်ပြီး ထောင်မှူးဦးအေးချမ်းအနေဖြင့် စောဒကတက်ခွင့် မရှိခဲ့ပေ။ 

ထိုနေ့က ထောင်သို့ ပြန်လည်ရောက်ရှိရမည့်အချိန်တွင် ဦးကျော်မြင့် ပြန်မရောက်လာသည့်အတွက် ဆေးရုံကို လိုက်သွားသည်။ တာဝန်ကျရဲတပ်သားက ဓာတ်မှန်ရိုက်နေသည်ဟု သတင်းပေးသည့်အတွက် အချိန်မှတ်ကာ ပြန်လာခဲ့သည်။ သို့သော် ညနေအထိတိုင် ဦးကျော်မြင့် ပြန်မရောက်လာသောအခါ ထောင်တစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။ 

ဦးကျော်မြင့်တစ်ယောက် ထောင်ပြေးပြီဟုသိရပြီး ထောင်မှူးအေးချမ်းတစ်ယောက် အထက်သို့ အစီရင်ခံစာများ တင်ရတော့သည်။ နောက်နေ့နံနက် ဂျူတီဝင်ချိန်တွင် ထောင်ပိုင်ကခေါ်သောကြောင့် အပြေးအလွှားသွားခဲ့ရသည်။ 

ရဲတပ်သားသုံးဦးနှင့် ထောင်မှူးအေးချမ်းကို ထောက်လှမ်းရေးက စစ်ကြောရေးဖြင့် လူခွဲစစ်ဆေးသည်။ သူ့အားစစ်ဆေးနေချိန်တွင် အခြားစစ်ဆေးခံရသူများ၏ နာကျင်စွာဖြင့် အော်ဟစ်သံများကိုလည်း ကြားခဲ့ရသည်။ 

ထောင်အတွင်း လအတန်ကြာ ထိန်းသိမ်းပြီးနောက် 'ရာဇဝတ်သားလွတ်မြောက်စေရန် အားပေးကူညီမှု'၊ 'လာဘ်ပေးလာဘ်ယူမှု' တို့ဖြင့် ထောင်မှူးဦးအေးချမ်းကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်သည်။ ဦးကျော်မြင့်ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာတွင် လုံခြုံရေးလိုက်ပါပေးခဲ့သူ ရဲတပ်သား သုံးဦးသည်လည်း ထောင်ဒဏ်ကိုးနှစ်စီ ချမှတ်ခံခဲ့ရသည်။ 

ငယ်ရွယ်စဉ်အချိန်တွင် အကျဉ်းစီးဌာနသို့ တပ်သားအဆင့်ဖြင့် အလုပ်ဝင်ခဲ့ပြီး ထောင်မှုးအဆင့်သို့ တက်လှမ်းခဲ့သူ ဦးအေးချမ်းတစ်ယောက် ထောင်ဒဏ်ကျခံနေရစဉ်အတွင်း အလုပ်ကြမ်းမလုပ်ခဲ့ရသော်လည်း အချုပ်ထောင်အဆောင်ဘေးတွင် သီးနှံများစိုက်ပျိုးရင်း နေထိုင်ခဲ့ရသည်။ ထိုသို့နေထိုင်ပြီး တစ်နှစ်ခွဲကြာသည့်အခါ မိန်းမဖြစ်သူက ထောင်ဝင်စာလာတွေ့ရင်း ကွာရှင်းခွင့်တောင်းသဖြင့် ခွင့်ပြုလိုက်ရသည်။ 

ခြောက်နှစ်ခန့် ထောင်ဒဏ်ကျခံပြီးနောက် လျှော့ရက်ဖြင့် လွတ်မြောက်ခဲ့သည်။ သို့သော် ထောင်မှူးဟောင်းဦးအေးချမ်း၏ ဘဝကား တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။

အိမ်ထောင်ကွဲ ထောင်ထွက်တစ်ယောက်အနေဖြင့် မိဘများအိမ် ပြန်လာခဲ့ရသည်။ ထိုအိမ်မှာလည်း မန္တလေးတောင်ခြေအနီးတွင်ပင်ဖြစ်သည်။ ဇနီးဟောင်းဖြစ်သူမှာ နောက်အိမ်ထောင်ဖြင့် သားသမီးများပင် ရရှိနေပြီဖြစ်သည်။ ဦးအေးချမ်း၏ တစ်ဦးတည်းသော သမီးလေးမှာလည်း မိခင်ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည်။ 

ထောင်မှူးဟောင်း ဦးအေးချမ်းတစ်ယောက် ထောင်ထွက်ချိန်တွင် အလုပ်အကိုင်မရှိဘဝသို့ ရောက်ရှိခဲ့သည်။ ထောင်ဝန်ထမ်းအလုပ်မှလွဲ၍ ဘာအလုပ်မှလည်း မလုပ်တတ်ပါချေ။ သို့သော် စားဝတ်နေရေးက ရှိသေးသည်။ 

နေထိုင်မကောင်းသော မိခင်ကြီးမှာ အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်သည်။ ညီမဖြစ်သူနှင့် ညီဖြစ်သူအားကိုးဖြင့် မိသားစုရုန်းကန်နေရသည်။ ထို့ကြောင့် ဦးအေးချမ်းတစ်ယောက် ကြုံရာကျပန်း လက်သမား၊ ပန်းရံအလုပ်များ လုပ်ကိုင်ခဲ့ရသည်။ များမကြာမီ မိခင်ကြီး ဆုံးပါးသွားသည်။ 

ဦးအေးချမ်း၏ မိခင်ကြီးမှာ သေသည့်တိုင် ထောင်ထွက်ဖြစ်သူ သားကို ယုံကြည်ခြင်းမရှိခဲ့ကြောင်း ဦးဣန္ဒြောဘာသက မိန့်သည်။

"မသေခင် အမြဲမေးခဲ့တယ်။ ဒီလူထွက်ပြေးလို့ရအောင် ကူညီတာ ပိုက်ဆံတွေ သိန်းပေါင်းများစွာ ရခဲ့တယ်လို့ ငါကြားထားတယ်။ အဲဒီငွေတွေ ဘယ်မှာလဲလို့ အမေက အမြဲမေးတယ်" ဟု ဦးဣန္ဒြောဘာသက မချိပြုံးပြုံးရင်း မိန့်ကြားသည်။ 

မိခင်ကြီးဆုံးပါးပြီးနောက် ဦးအေးချမ်းတစ်ယောက် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ မိုးမိတ်ဘက်သို့ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ ဂိတ်စာရေးအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ညီမဖြစ်သူထံက ငွေချေးကာ ဆိုင်ကယ်ဝယ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းခဲ့သည်။ 

အလုပ်မျိုးစုံလုပ်ကိုင်ရင်း ဦးအေးချမ်းတစ်ယောက် အရက်သေစာ သောက်စားတတ်လာသည်။ တစ်နေ့ ထောင်အတွင်းက ခင်မင်ခဲ့သူတစ်ဦးနှင့် ပြန်လည်တွေ့ဆုံဖြစ်သည်။ ထိုသူက ဦးအေးချမ်းထံမှ ဆိုင်ကယ်နှင့် ငွေအချို့ လိမ်လည်ယူဆောင်သွားခဲ့ရာ လက်မဲ့ဘဝသို့ ပြန်လည်ရောက်ရှိခဲ့သည်။ 

မိဘအမွေဆိုင်အိမ်လေးကို ရောင်းကာ မောင်နှမများ အမွေခွဲယူခဲ့ကြသည်။ ထောင်မှူးဘဝမှ ထောင်ထွက်ဖြစ်ခဲ့သူ ဦးအေးချမ်းတစ်ယောက် အရက်သေစာကို နေ့နေ့ညည သောက်တတ်လာသည်။ 

တွေ့ကရာနေရာ လမ်းဘေးတွင် အိပ်တတ်လာသည်။ 

ထိုသို့ ပေပေတေတေ နေထိုင်ရင်း အရက်ကလူကိုနိုင်ကာ လမ်းမလျှောက်နိုင်သည့် အခြေအနေထိ ကျန်းမာရေးဆိုးရွားခဲ့သည်။ ညီမဖြစ်သူက ပြန်လည်စောင့်ရှောက်ချိန်တွင် အသိတရားရကာ သာသနာ့ဘောင်ကို ဝင်ရန်ဆုံးဖြတ်ခဲ့သည်။ 

ယခုဆိုလျှင် ထောင်မှူးဟောင်းတစ်ဖြစ်လဲ ထောင်ထွက် ဦးအေးချမ်းတစ်ယောက် သာသနာ့ဘောင် ဝင်ရောက်ခဲ့သည်မှာ ငါးဝါတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ တရားဓမ္မ၌ ပျော်မွေ့လာသည်။ တခါတရံ ငယ်ဘဝကို ပြန်စဉ်းစားမိသည့်အခါ စိတ်မချမ်းမသာဖြစ်ရသည်မှလွဲ၍ ရဟန်းဝတ်ဘဝဖြင့် စိတ်အေးချမ်းလျက်ရှိသည်။ 

ထိုအတိတ်က အဖြစ်ကို ပြန်တွေးမိတိုင်း ခံပြင်းစိတ်ဖြင့် ဒေါသထွက်မိသည်။ ထောင်မှူးဘဝမှ ထောင်သား၊ ထောင်ထွက်ဘဝမှ အလုပ်မျိုးစုံလုပ်ကိုင်ရင်း အရက်သမားလုံးလုံးဖြစ်သည်အထိ ဘဝပျက်ခဲ့ရသည်။ 

ဦးဣန္ဒြောဘာသတစ်ဖြစ်လဲ ဦးအေးချမ်းတစ်ယောက် ထိုသို့ဖြစ်စေရန် အကြောင်းဖန်ခဲ့သည့် ထောင်ပြေးစစ်စစ်တစ်ယောက်ဖြစ်သူ ဦးကျော်မြင့်မှာမူ ယနေ့အချိန်တွင် နိုင်ငံရေးပါတီဥက္ကဌကြီးအဖြစ် ပြောင်ပြောင်တင်းတင်း လူလုံးသူလုံးပြလျက်ရှိသည်။ သူ့အတွက်တော့ တရားဥပဒေကို လှောင်ပြောင်နေသည့်နှယ်ပင်။ 

"ဦးဇင်းတို့က လုံခြုံရေးအနေနဲ့ တာဝန်ရှိခဲ့လို့ ပြစ်ဒဏ်ခံခဲ့ရတယ်။ ဒါကိုကျေနပ်ပါတယ်။ ထောင်ပြေးတစ်ယောက်က ခုလို လူထုရှေ့ရောက်နေတာ စိတ်မချမ်းသာစရာပဲ။ ဒီလူသာ နိုင်ငံ့အကြီးအကဲဖြစ်သွားမယ်ဆိုရင် စိတ်မချမ်းသာစရာပါပဲ" ဟု ဦးဣန္ဒြောဘာသက ခပ်လေးလေးမိန့်သည်။

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading