အသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံး ပြည်နယ်လေးရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကြီး ၅ ခုအထိရှိနေပြီး နေရာပြည့်ပြိုင်သည့်ပါတီ ၅ ခုရှိရာ တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်

Published on Sep 28, 2020
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ရှားတောမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်များဖြင့် မဲဆွယ်စည်းရုံးရေး လှည့်လည်နေသည်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ရှားတောမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်များဖြင့် မဲဆွယ်စည်းရုံးရေး လှည့်လည်နေသည်ကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 

ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ်သည် လူဦးရေ သုံးသိန်းစွန်းစွန်းဖြင့် ရန်ကုန်တိုင်း အင်းစိန်မြို့လူဦးရေမျှသာရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ အရွယ်အစားသေးငယ်ပြီး လူဦးရေနည်းသည့် ထိုပြည်နယ်လေးသည် ရွေးကောက်ပွဲရာသီရောက်တိုင်း နိုင်ငံရေးပါတီများ မျက်စိကျရာနေရာဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် သိန်းနှင့်ချီသော မဲဆန္ဒရှင်များရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက သောင်းနှင့်ချီသော ခိုင်လုံမဲများ ရရှိမှသာ ရွေးကောက်ပွဲအနိုင်ရမည်ဖြစ်သော်လည်း ကယားပြည်နယ်တွင် ရာဂဏန်း၊ ထောင်ဂဏန်းသော မဲအရေအတွက်ဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်လေသည်။ 

ထို့အချက်ကြောင့်ပင် ရွေးကောက်ပွဲရာသီရောက်တိုင်း ကယားပြည်နယ်ကို နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ မျက်စိကျခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီ ၁၃ ခုရှိသည်။ နိုင်ငံရေးပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦး အပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၇၂ ဦးအထိ ဝင်ပြိုင်ကြမည်ဖြစ်ရာ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း ၈ ဦးနှုန်းရှိနေသည်။ 

အထူးခြားဆုံးအချက်မှာ ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကြီး ၅ ခုအထိရှိနေခြင်းပင်။ အခြားမည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မှ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုအထိ ရှိမနေပေ။ ရှမ်းပြည်နယ်တွင် မည်သည့်နိုင်ငံရေးပါတီမျှ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်နိုင်ခြင်း မရှိပေ။ 

ကယားပြည်နယ်တွင် နေရာပြည့်ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တို့ဖြစ်သည်။ 

ထို့ပြင် မဟာမိတ်ပြုထားသည့် ဒေသခံတိုင်းရင်းသားပါတီနှစ်ခုလည်း ၃၄ နေရာပြည့် ဝင်ပြိုင်ကြမည်ဖြစ်ရာ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိသည့်သဘောဖြစ်သည်။

ဖွံ့ဖြိုးမှုနည်းပြီး တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ကုန်းတွင်းပိတ်ပြည်နယ်လေးတစ်ခုဖြစ်သည့် ကယားတွင် အထက်ပါနိုင်ငံရေးပါတီကြီး ၅ ခုနှင့်အပြိုင် အားစမ်းကြမည့် အခြားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများလည်းရှိနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အကြိတ်အနယ်အရှိဆုံး ပြည်နယ်တစ်ခုဖြစ်ပေမည်။ 

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများက ကယားပြည်နယ် 

စစ်ဗိုလ်ချုပ်ဟောင်းများ စိတ်ကြိုက်ခြယ်လှယ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ နိုင်ငံရေး ပါတီ ၃ ခုသာ ဝင်ပြိုင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီတို့ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သည့် ထို ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကယားပြည်နယ်၌ နိုင်ငံရေးပါတီ ၁၁ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ NLD၊ ပြည်ခိုင်ဖြိုး၊ တစည၊ အမျိုးသားတိုးတက်ရေးပါတီ စသည့် နိုင်ငံရေးပါတီလေးခုနှင့်အတူ တိုင်းရင်းသားပါတီ ၇ ခုလည်း ဝင်ပြိုင်ခဲ့သည်။ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၃၂ ဦး ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည်။ 

NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ ခုအနက် NLD ပါတီက ၂၆ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၇ နေရာအနိုင်ရရှိခဲ့သည်။ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းလည်း အနိုင်ရရှိခဲ့သည်။ 

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ကယားပြည်နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီက စိုးမိုးခဲ့ကြပြီး ကျန်နိုင်ငံရေးပါတီများ၊ အခြားဒေသမှ တိုင်းရင်းသားပါတီများနှင့် ကယားအခြေစိုက် ကယားတိုင်းရင်းသားပါတီများ တစ်ကြိမ်မျှ၊ တစ်နေရာမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။ 

၂၀၂၀ ရွေးကောက်ပွဲအလားအလာ 

မည်သည့်တိုင်းရင်းသားပါတီမှ အနိုင်ရခဲ့ဖူးခြင်းမရှိသည့် ကယားပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲအတွင်းက ကယားပြည်နယ်အခြေစိုက် ကယားတိုင်းရင်းသားပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သဖြင့် မဲကွဲခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ မဟာမိတ်ဖွဲ့ထားသည့် ဒေသခံပါတီနှစ်ခုသည် မဲဆန္ဒနယ်ခွဲပြိုင်ကြရန် သဘောတူညီမှု ရရှိထားသည်။ 

မဲဆန္ဒနယ် ၃၄ ခုအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က နေရာ ၃၀ နှင့် ကယန်းအမျိုးသားပါတီက ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ KySDP သည် ၂၀၁၇ ခုနှစ်တွင် ပေါ်ပေါက်လာသည့် အသစ်စက်စက် ဒေသခံ ကယားတိုင်းရင်းသားပါတီဖြစ်သည်။ 

မဟာမိတ်ဖွဲ့ထားသည့် ဒေသခံပါတီနှစ်ခုသည် မဲဆန္ဒနယ်ခွဲပြိုင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးလှုပ်ရှားရာတွင် အင်အားပိုကောင်းစေရန် အတူတကွလုပ်ဆောင်ကြလျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၃ ခုအနက် တိုင်းရင်းသားပါတီအနေဖြင့် ကယားတိုင်းရင်းသားပါတီ ၂ ခု၊ ရှမ်း၊ ပအိုဝ်းနှင့် ကရင်တိုင်းရင်းသားပါတီတစ်ခုစီသာ ပါဝင်သည်။ 

ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီကြီး ၅ ခုအထိရှိနေသည့်အပြင် မဟာမိတ်ဖွဲ့ထားသည့် ဒေသခံ ကယားတိုင်းရင်းသားပါတီနှစ်ခုသည်လည်း မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ထို့ပြင် အခြားဗမာနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများသည်လည်း ကယားပြည်နယ်ရှိ မဲဆန္ဒနယ် အများအပြားတွင် ဝင်ရောက်အားစမ်းကြမည်ဖြစ်ရာ ကယားပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အလွန်ပင် အကြိတ်အနယ်ရှိလာမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီက ကယား၌ သောင်းပြိုကမ်းပြိုအနိုင်ရခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ထိုရလဒ်အတိုင်းဖြစ်လာလို့ ခဲယဉ်းမည်ဖြစ်သည်။ ထိုသို့ ခန့်မှန်းရခြင်းတွင် အကြောင်းအချက်များလည်း ရှိနေသည်။ 

ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနှင့် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ 

၂၀၁၅ ရွေးကောက်ပွဲကို သောင်းပြိုကမ်းပြို အနိုင်ရရှိပြီးနောက် NLD ပါတီက ကယားပြည်နယ်တွင် အသက် ၃၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ NLD အစိုးရအဖွဲ့တွင် အသက်အရွယ် အငယ်ဆုံးသော ဝန်ကြီးချုပ်ပင်ဖြစ်သည်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမည့် အယ်လ်ဖောင်းရှိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၆၀၀ ကျော်သာရှိသည့် မယ်စဲ့မြို့နယ်တွင် ခိုင်လုံမဲ ၇၂၅ မဲဖြင့် အနိုင်ရရှိခဲ့သည်။ 

မြို့နယ်ပညာရေးမှူးဟောင်းတစ်ဦးဖြစ်သည့် အယ်လ်ဖောင်းရှို လူငယ်ဝန်ကြီးချုပ်ဖြစ်လာခြင်းက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်လေးတစ်ခုအတွက် အားတက်စရာပင်ဖြစ်သည်။ 

သို့သော် NLD ပါတီ အာဏာရပြီးနှစ်အငယ်အတွင်းမှာပင် ကယားပြည်နယ်၌ လူငယ်ဝန်ကြီးချုပ်နှင့် ဒေသခံများအကြား အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ အထင်ရှားဆုံးပဋိပက္ခတစ်ခုမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပင် ဖြစ်သည်။ 

လွိုင်ကော်မြို့လယ်တွင် ကျပ်သိန်း ၁၂၀၀ ကုန်ကျသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ထားရှိရန် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုက ကြိုးပမ်းခဲ့ရာတွင် ဒေသခံကရင်နီလူငယ်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြေးရုပ်ကို မရမကစိုက်ထူပြီးနောက် ရာနှင့်ချီသော ဒေသခံများက ဆန္ဒပြခဲ့ကြသည်။ ထိုသူများအနက် လူငယ်ခြောက်ဦးကို ပြည်နယ်အစိုးရက ဖမ်းဆီးအရေးယူကာ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ 

"ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က ချစ်ခင်တဲ့လူတွေပဲ။ မလွတ်လပ်တဲ့အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျွန်တော်တို့လုပ်ခဲ့တယ်။ အာဇာနည်နေ့အခမ်းအနားကို လုပ်ခဲ့တယ်။ စစ်ထောက်လှမ်းရေး၊ ရဲတွေနဲ့ အရမ်းကျပ်တည်းနေတဲ့ ကာလမျိုးမှာတောင်မှ ကျွန်တော်တို့ လုပ်ခဲ့တယ်" ဟု ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ ကရင်နီလူငယ်တစ်ဦးဖြစ်သူ ဂူဂူးက ပြောသည်။ 

ခူးကြူးဖဲကေး ခေါ် ဂူဂူးသည် ပြည်နယ်အစိုးရအဖွဲ့၏ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူလည်းဖြစ်သည်။ 

ကရင်နီပြည်နယ်ခေါ် ကယားပြည်နယ် ရှေးဗမာဘုရင်များ အာဏာစက် မကျရောက်ခဲ့သည့်နည်းတူ အင်္ဂလိပ်ကိုလိုနီလည်း မဖြစ်ခဲ့ဖူးသည့် သီးခြားလွတ်လပ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။ ထိုသီးခြားလွတ်လပ်သော ပြည်နယ်တွင် 'လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း' ဟု ကမ္ဗည်းထိုးထားသည့် မြင်စီးရုပ်တုကို စိုက်ထူရန် မလိုလားခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားများကို ကိုးကားလျက် ကရင်နီလူငယ်များက ယုံကြည် လျက်ရှိသည်။ 

"အဓိကတော့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီး တကယ့်သဘာဝသမိုင်းကို တိတိကျကျသိထားရင်တော့၊ ညှိနှိုင်းဆောင်ရွက်ရင်တော့ ဒီလိုမျိုးမဖြစ်လာဘူးလို့ ကျွန်မတို့မြင်ပါတယ်" ဟု NLD ပါတီဝင်ဖြစ်သူ လက်ရှိ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။ 

သို့သော် ကယားပြည်နယ်တွင် ဝန်ကြီးချုပ်နှင့် ဒေသခံများအကြား သဘောထားကွဲလွဲမှုသည် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ တစ်ခုတည်းတော့ မဟုတ်ပါပေ။ 

ပြည်နယ်အစိုးရနှင့် ဒေသခံများအကြား ဝေးကွာလာစေသည့် အခြားအကြောင်းများလည်းရှိနေသည်။ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ ပြုလုပ်လိုပါက ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ယူရန်နှင့် သာသာရေးအဆောက်အအုံများတွင် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ရန် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်အတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့သည်။ 

ဆွေးနွေးပွဲများမှတဆင့် လူထုသဘောထားအမြင်များကို စုစည်းခွင့်မရတော့ကြောင်း၊ တစ်ဖန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောထားအမြင်များ တင်ပြနိုင်ခြင်း မရှိတော့သဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်ခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။ 

"နောက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဖြစ်သလောက်ကို ဖြစ်လာတယ်" ဟု ၎င်းက ပြောသည်။ 

ဒီမိုကရေစီအစိုးရပြောပြီးတော့ ဖိနှိပ်ချုပ်ချယ်တဲ့ ယန္တရားတွေနဲ့ လုပ်သွားမယ်ဆိုရင် ပြည်နယ်တစ်ခုရဲ့ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်သာမက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စတွေမှာ အနှောက်အယှက်ဖြစ်လာနိုင်တယ်" ဟု ၎င်းက ပြောသည်။ 

၂၀၁၂ ခုနှစ်က အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNPP သည် NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပေ။ 

ဤသို့သောအားဖြင့် ဒေသတွင်း နိုင်ငံရေးအင်အားစုများက အာဏာရပါတီနှင့် အစိုးရအဖွဲ့အပေါ် တဖြည်းဖြည်းချင်း ယုံကြည်မှု လျော့ကျလာခဲ့သည်။ 

"လက်ရှိအစိုးရဟာ ဗဟိုကခန့်အပ်တဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ကိစ္စတွေအားလုံးဟာ အနိုင်ရပါတီနဲ့ ဗဟိုအစိုးရကိုပဲ တာဝန်ခံရတဲ့ အနေအထားမျိုးဖြစ်တယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့လိုအပ်ချက်ကို တာဝန်မခံနိုင်ဘူး" ဟု ကရင်နီလူငယ် ဂူဂူးက သူ့အမြင်သဘောထားကို ပြောပြသည်။ 

အာဏာရပါတီက ခန့်အပ်ထားသည့် ပြည်နယ်ဝန်ကြီးချုပ်၏ စီမံခန့်ခွဲနှင့် ပတ်သက်၍ ကျေနပ်လက်ခံခြင်း မရှိသူများတွင် ဒေသခံများသာမက ဥပဒေပြုရေးမဏ္ဍိုင်အထိပင် ပါဝင်ခဲ့သည်။ 

ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်သည်ဟု ပြည်နယ်လွှတ်တော်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် စွဲချက်တင်ခဲ့သည်။ ပြည်နယ်လွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် ၂၀ ဦးသာရှိသည့်အနက် ၁၆ ဦးက ထောက်ခံခဲ့သဖြင့် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့သည်။ 

ပြည်နယ်ရန်ပုံ‌ငွေ ကျပ်သိန်း ၄၀၀ နီးပါးကို ပါတီကိစ္စနှင့် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခဲ့ခြင်း၊ နှစ်စဉ်ပြည်နယ်နေ့ကျင်းပရာ 'ကယားဒေး' မြေနေရာကို ပြည်သူပိုင်အဖြစ်ထားရှိရန် ပြည်နယ်လွှတ်တော်၌ အတည်ပြုထားပြီးဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်များကို အငှားချထားခဲ့ခြင်း စသည့်စွပ်စွဲချက်များဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုအောင်မြင်သဖြင့် စက်တင်ဘာ ၃ တွင် အယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရာထူးမှ ရပ်စဲခဲ့သည်။ 

အယ်လ်ဖောင်းရှိုသည် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံခဲ့ရသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၎င်း၏မဲဆန္ဒနယ်ဟောင်း မယ်စဲ့မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မရှေးမနှောင်းဆိုသလိုပင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က ဖြုတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ NLD ပါတီဗဟိုနှင့် ပြည်နယ်ရှိ ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများသည်လည်း ပေါ်ထွက်ခဲ့သည်။ 

လူသိရှင်ကြား အကွဲအပြဲ 

‌ပြည်နယ်ဝန်ကြီးချုပ်ကို ဖြုတ်ချရာတွင် ပြည်နယ်လွှတ်တော်ဥက္ကဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်စွာ ဆောင်ရွက်ခဲ့ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့ပြင် လွှတ်တော်ဥက္ကဌသည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသည့်အတွက် အလားတူရွေးချယ်မခံရသော ပါတီဝင်များ၊ ပါတီဝင်မဟုတ်သော အခြားအစုအဖွဲ့များနှင့် ပူးပေါင်းကာ ပါတီ၏ နိုင်ငံရေးပုံရိပ် ထိခိုက်အောင် အချိန်ကိုက်လုပ်ဆောင်သည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုခဲ့သည်။ 

ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးကတော့ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရခြင်းမှာ မဲဆန္ဒရှင်များ တောင်းဆိုချက်ကြောင့်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း အရွေးမခံရသည့် ကိစ္စရပ်နှင့် မသက်ဆိုင်ကြောင်း ဆိုသည်။ 

"အာဃတနဲ့ဆိုတော့ ကျွန်တော်ပြန်မေးခွန်းထုတ်ချင်တယ်။ ကျွန်တော် ကိုယ်စားလှယ်လောင်း မပါတာ အာဃတနဲ့လုပ်တာလား" ဟု ၎င်းက တုံ့ပြန်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဖြုတ်ချခြင်းမခံရင်မီ ရက်ပိုင်းအလိုတွင် ပါတီဝင်အချို့ကို ထုတ်ပယ်ကြောင်း NLD ပါတီက ထုတ်ပြန်ခဲ့သည်။ ပါတီဝင် ၄၀ နီးပါးကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပါတီဝင်များအနေဖြင့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရွေး ချယ်ခံမည်ဆိုပါက ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဟူသောမူဝါဒနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်သူက ပြောခဲ့သည်။ 

ထိုသို့ ထုတ်ပယ်ခံရသူများတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ အပါအဝင် ကယားပြည်နယ်ရှိ ပါတီဝင် ၇ ဦးပါဝင်ခဲ့သည်။ အများစုမှာ ပါတီသို့ နုတ်ထွက်စာတင်ထားသူများဖြစ်ကြောင်း ထိုစဉ်က ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဖြစ်သူ ဦးတင်မြင့်က ပြောခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပတ်သက်၍ ဒေသခံ NLD ပါတီဝင်များနှင့် ပါတီဗဟိုတာဝန်ရှိသူများအကြား အကွဲအပြဲဇာတ်လမ်းအချို့ ပေါ်ထွက်လာခဲ့သည်။ အခြားသောဒေသများထက် ကယားပြည်နယ်တွင် အကျယ်လောင်ဆုံးဖြစ်ခဲ့သည်။ 

NLD ပါတီမှ ထုတ်ပယ်ခြင်းခံရသည့် ကယားပြည်နယ်လွှတ်တော်ဥက္ကဌ အပါအဝင် ပါတီဝင်ဟောင်းငါးဦးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် မိခင်ပါတီဟောင်းကို ရင်ဆိုင်ကြတော့မည်ဖြစ်သည်။ 

လူသိရှင်ကြား အကွဲအပြဲက ရွေးကောက်ပွဲတည်းဟူသော စစ်မြေပြင်တွင် သူနိုင်ငါနိုင် စစ်ချင်းထိုးကြတော့မည့် နိမိတ်လက္ခဏာများပင်ဖြစ်သည်။ 

အာဏာရပါတီအတွက် စိန်ခေါ်မှုအသစ်များ 

ကယားပြည်နယ်သည် ယခင်က တည်ငြိမ်အေးချမ်းမှုမရှိသော အမဲရောင်နယ်မြေတစ်ခုဖြစ်ခဲ့သည်။ သဘာဝသယံဇာတကြွယ်ဝသော်လည်း အခြားဒေသများနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနှေးကွေးခဲ့သည်။ 

အကြောင်းတရားများနှင့်အတူ ဖိနှိပ်ခံရမှု အများဆုံးဒေသဟုလည်း ရှေ့မီနောက်မီ ဒေသခံလူကြီးများက ဆိုသည်။ ကယားပြည်နယ်သည် စစ်အစိုးရခေတ်တွင် တစ်ခုတည်းသော NLD ကင်းစင်နယ်မြေဖြစ်ခဲ့သည်ဟုလည်း ဆိုကြသည်။ 

ပြည်နယ်ဝန်ကြီးချုပ်ကို အခြေတည်သော သဘောထားကွဲလွဲမှုများ၊ အာဏာရပါတီအပေါ် အမြင်မကြည်လင်မှုများရှိနေလင့်ကစား အာဏာရပါတီကို သဘောကျထောက်ခံသူများလည်း ရှိနေဆဲဖြစ်သည်။ 

"NLD ကျတော့ ဒီငါးနှစ်အတွင်း မချမ်းသာချင်နေ အေးအေးချမ်းချမ်းနဲ့ နေရလို့လေ သဘောကျတယ်" ဟု ဆိုလာသူများ လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာမှ ကယန်းလူမျိုး မလင်းလင်းဖြစ်သည်။ 

လူကိုမကြည့်ဘဲ ပါတီကိုသာကြည့်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အလွန်သဘောကျကြောင်း၊ NLD အစိုးရလက်ထက်တွင် ထောက်ပံ့ကြေးများရသဖြင့် နှစ်ခြိုက်မိကြောင်းလည်း အသက် ၂၂ နှစ်အရွယ် မလင်းလင်းက ဆိုသည်။ 

"ငါတို့အမေပဲ။ ရှင်းရှင်းပြောရင် ငါတို့ရဲ့ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း သူ့သမီးလေ။ ဖြောင့်မတ်လွန်း၊ မှန်ကန်လွန်းလို့ သဘောကျတာ" ဟု ဆိုလာသူမှာ လျွိုင်ကော်မြို့မှ ဦးမြင့်သန်းဖြစ်သည်။ 

ကယားပြည်နယ်တွင် ရောက်ရှိပြီး တစ်လတာကာလအတွင်း ဒေသခံများကို Myanmar Now က အလျဉ်းသင့်သလိုမေးမြန်းရာတွင် တိုင်းရင်းသားပါတီကို ဝန်းရံမည်ဆိုသူများ၊ အာဏာရပါတီကို သဘောကျသူများ၊ အခြားနိုင်ငံရေးပါတီကို သဘောကျသူ တစ်ယောက်စနှစ်ယောက်စနှင့် ဝေခွဲမရသူများလည်း ရှိနေသည်။ 

"ငါတို့က ခေါင်းဆောင်ရဲ့အားသားချက်က အများကြီးရှိတာပေါ့ကွယ်။ ခေါင်းဆောင်ရဲ့အားသာချက် အများကြီးရှိတဲ့အတွက် ငါတို့ပါတီသည် ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားလိမ့်မယ်လို့ ယူဆတယ်" ဟု ယုံကြည်နေသူမှာ ကယားပြည်နယ် NLD ပါတီဥက္ကဌ ဦးသောင်းဌေးဖြစ်သည်။ 

အာဏာရပါတီလက်ထက်တွင် လမ်း၊ တံတား၊ လျှပ်စစ်မီး စသည့် အခြေခံအဆောက်အအုံများ တိုးတက်လာပြီး သာမန်ပြည်သူလူထုအကြား မြင်သာသောအရွေ့တစ်ခုဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ကယားပြည်နယ်၌ အသုံးစရိတ် ငွေကျပ် ၁၅၄ ဘီလျံသာရှိခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ၃၇၂ ဘီလျံအထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလတွင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကို ထောက်ပံ့ပေးခြင်း၊ သာမန်လက်လုပ်လက်စားများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းများသည်လည်း ပြည်သူများသဘောကျလာစေသည့် အချက်ဖြစ်သည်ဟု ဆိုသည်။ 

"ဒါတွေအားလုံး ငါတို့ခေါင်းဆောင်ရဲ့ ပြည်သူပြည်သူတွေအပေါ်မှာ မေတ္တာ စေတနာ ဘယ်လောက်ထားလဲဆိုတဲ့ အချက်က ပေါ်လွင်စေတယ်လေ။ ဒါတွေက ဟန်ဆောင်ပန်ဆောင် မဲဆွယ်ပေးဖို့ လုပ်နေတာ မဟုတ်ဘူးလေ" ဟုလည်း ဦးသောင်းဌေးက ဆိုသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ကာ မဲဆွယ်စည်းရုံးခဲ့သည့် NLD ပါတီကို အခြားဒေသများနည်းတူ ကယားပြည်နယ်တွင်လည်း ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူများကပါ ဝန်းရံထောက်ခံခဲ့သည်။ ပထမဆုံး ရွေးကောက်ခံအရပ်သားအစိုးရဖွဲ့စည်းနိုင်ရေးတည်းဟူသော ရည်ရွယ်ချက်က လည်း စိုးမိုးခဲ့သည်။ 

စစ်အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ဖို့ရာ အလွန်အရေးကြီးသည့် ပြောင်းလဲမှုတစ်ရပ်လိုအပ်သည်ဟု ယုံကြည်ချက်ဖြင့် ပြည်နယ်တွင် NLD ကို အားကိုးတကြီးထောက်ခံခဲ့ကြောင်း ဒေါက်တာခင်စည်သူက ဆိုသည်။

"တကယ်လည်း ပါတီကြီးအနေနဲ့ဆိုရင်တော့ NLD ပဲရှိတယ်လေ။ နောက် ပြည်ခိုင်ဖြိုးရှိတာပေါ့။ ပြောင်းလဲချင်လို့ NLD ပါတီတစ်ခုတည်းကိုပဲ ဝိုင်းပြီးတော့ အောလိုက်တာပေါ့" ဟု ၂၀၁၅ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဒေါက်တာခင်စည်သူက ပြန်ပြောင်းပြောပြသည်။  

၂၀၂၀ ရွေးကောက်ပွဲတွင်မူ အာဏာရပါတီအတွက် စိန်ခေါ်မှုအသစ်များက စောင့်ကြိုလျက်ရှိသည်။ ပါတီဝင်အချင်းချင်း သဘောထားကွဲလွဲမှုများအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံတိုင်းရင်းသားများနှင့်လည်း အဆင်ချောလှသည် မဟုတ်ပေ။ 

"အာဏာရတာ နေရာပေးထားတာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ရှိပါတယ်။ ဒါပေမဲ့ မူဝါဒပိုင်းကျတော့ မိခင်ပါတီရဲ့ မူဝါဒပေါ် ရပ်ရတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုဖြစ်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စမျိုးပေါ့" ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် အာဏာရပါတီအတွက် အခြားသော စိန်ခေါ်မှုတစ်ခုမှာ ဒေသခံမျက်နှာသစ် နိုင်ငံရေးသမားများပေါ်ထွက်လာခြင်းနှင့် တိုင်းရင်းသားပါတီများပင်ဖြစ်သည်။ 

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ ပေါင်းစည်းပြီး ၂၀၁၇ တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ အသစ်စက်စက် ထိုဒေသခံ KySDP ပါတီ သည် ကယားပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကယားအမျိုးသားပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည်။ 

အာဏာရပါတီအပေါ် ယုံကြည်ချက်လျော့နည်းလာခဲ့ကြသည့် ဒေသခံတိုင်းရင်းသားလူငယ်များသည်လည်း ပြည်နယ်အခြေစိုက်ပါတီကို ဝန်းရံဖို့အရေး စိတ်အားတက်လျက်ရှိသည်။ 

ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ကရင်နီပြည် လူမျိုးစု လူငယ်ထုတွေ့ဆုံနှီးနှောဖလှယ်ပွဲအပြီးတွင် ပြည်နယ်အခြေစိုက်ပါတီများကိုသာ ဝန်းရံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

တက်ကြွလှုပ်ရှားသူ ဒေသခံတိုင်းရင်းသားလူငယ်များသည်ပင်လျှင် ပြည်နယ်အခြေစိုက်ပါတီများမှ ဝင်ရောက် အရွေးချယ်ခံကြမည်ဖြစ်သည်။ ထိုအထဲတွင် အသက် ၂၇ နှစ်အရွယ် မော်မိုးမြာလည်း အပါအဝင်ဖြစ်သည်။ 

လာမည့်ရွေးကောက်ပွဲတွင် မော်မိုးမြာက KySDP ပါတီကိုယ်စားပြုကာ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ထိုအမျိုးသမီးကိုယ်စားလှယ်လောင်းသည် ၂၀၁၅ ရွေး ကောက်ပွဲတွင် NLD ပါတီကို အမာခံထောက်ခံအားပေးခဲ့သူတစ်ဦးဖြစ်သည်။ 

"အပြောင်းအလဲတွေ အများကြီး မျှော်ကိုးခဲ့ပြီး မဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့ကိုယ်တိုင် လွှတ်တော်ထဲ ဝင်ပြီးတော့မှ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေအတွက် ကိုယ်တိုင်လုပ်ဆောင်ရခြင်းဖြစ်ပါတယ်" ဟု မော်မိုးမြာက ပြတ်ပြတ်သားသား ဆိုလေသည်။ 

မော်မိုးမြာသည် လူငယ်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားအရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသမီးများအရေးတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ် ဆန့်ကျင်ဆန္ဒပြစဉ်က စစ်ကြောင်းတစ်ခုကို ဦးဆောင်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ 

"ပါတီကြီးတွေက ဘာပြောလဲဆိုရင် တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ဘူးဆိုတာ၊ ဒါက ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။ သူတို့က အာဏာရှင်စနစ်ကို သွားနေတာ။ စိန်ခေါ်ချက်ကြီးတယ်။ ဒါပေမဲ့ ကျွန်မတို့ မမှုဘူး" ဟုလည်း မော်မိုးမြာက ပြောသည်။ 

ဒေသခံ KySDP မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ၂၃ ရာခိုင်နှန်းမှာ ၃၅ နှစ်အောက် လူငယ်များဖြစ်ကြပြီး အမျိုးသမီးပါဝင်မှု ၂၇ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ပါတီ၏ လူငယ်နှင့် လူလတ်ပိုင်း ကိုယ်စားလှယ်လောင်းများတွင် အရပ်ဘက်အဖွဲ့အစည်းများ၌ လုပ်ကိုင်ခဲ့သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။ 

ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦးကလည်း KySDP ကိုယ်စားပြုကာ လွိုင်ကော်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ကရင်နီလူငယ်ထုအချင်းချင်း ချိတ်ဆက်မှုများဖြင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ စတင်နေပြီဖြစ်ကာ ဒေသခံ လူငယ်များ၏ နိုးကြွားမှုနှင့်အတူ ဒေသခံလူထုအကြား ပါတီပုံရိပ် ပျံ့နှံ့ရောက်ရှိစေရန် အားတက်သရော လှုံ့ဆော်လျက်ရှိသည်။ အကြောင်းရင်းအားဖြင့် ထောက်ခံမည့်ဒေသခံများလည်း ရှိနေသည်။

"သူတို့သာ ကိုယ်ကျိုးစွန့်ပြီး မကူညီခဲ့ရင် ကျွန်မတို့ တောင်သူတွေက ဘာမှမသိဘူးလေ။ မသိနားမလည်ခဲ့ရင် ဒီလိုပဲဆက်ပြီး ဖိနှိပ်ခံနေရမယ်ထင်တာပေါ့နော်။ သူတို့က ဥပဒေဘက်နေရော လူမှုရေးဘက်ကနေပါ အမျိုးမျိုး ကူညီပေးတဲ့အခါကျတော့ ဒီလိုအဖြစ်အပျက်ကနေ ရုန်းထွက်နိုင်တယ်လို့ ထင်တယ်ပေါ့်နော်။ ဒါကြောင့်မို့လို့ အဲဒီဆရာတွေကိုပဲ အားပေးချင်တာပေါ့" ဟု ဆိုလာသူမှာ ဒီမောဆိုးမြို့နယ် ဒေါဆိုရှေ့ရွာမှ မဟယ်လင်းနာ ဖြစ်သည်။ 

၂၀၁၉ ခုနှစ်အတွင်းက လျွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်များတွင် တပ်မတော် တပ်ရင်းများနှင့် ဒေသခံတောင်သူ မြေယာအငြင်းပွားမှုဖြစ်ခဲ့ရာ တောင်သူ ၄၁ ဦးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံခဲ့ရသည်။ ထိုသူများတွင် မဟယ်လင်းနာ၏ အမျိုးသား ဦးခူးရီလည်း ပါဝင်ခဲ့သည်။ 

အဆိုပါဖြစ်စဉ်တွင် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ခူးတူရယ်က လိုက်ပါကူညီပေးခဲ့သည့်နည်းတူ တရားလွှတ်တော်ရှေ့နေ စောခူးတလေသည်လည်း တောင်သူများဘက်မှ ရှေ့နေလိုက်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် လာမည့်ရွေးကောက်ပွဲတွင် KySDP ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည်ဖြ စ်သည်။ 

နိုင်ငံရေးဆိုသည်မှာ တသမတ်တည်းမသွားဘဲ ပြောင်းလဲလာနိုင်သည့်အတွက် ဒေသခံလူထုအနေဖြင့်လည်း ပြည်နယ်ကိုယ်စားပြု ဖားစည် (KySDP ပါတီကိုယ်စားပြု တံဆိပ်) ကို ဝန်းရံမည့်အမြင်မျိုးရှိလာကြောင်း ကရင်နီလူငယ် ဂူဂူးက ပြောသည်။ 

"ကိုယ့်အရေးမပြောပေးနိုင်တဲ့လူထက်စာရင် ကိုယ့်အရေးပြောပေးနိုင်တဲ့လူတွေကိုပဲ အာဏာရစေချင်တယ်" ဟု သူက ဆိုလေသည်။ 

NLD ၏ အဓိကပြိုင်ဘက်ဟောင်း ပြည်ခိုင်ဖြိုးပါတီကလည်း ကယားပြည်နယ်၌ ဆက်လက်အောင်ပွဲခံနိုင်ရန် မျှော်လင့်လျက်ရှိသည်။ 

"မြို့ငယ်ကတော့ မြို့ကြီးနဲ့စာရင် လုပ်ရကိုင်ရ နည်းနည်းပိုပြီးတော့ ထိရောက်မှု ပိုရှိတာပေါ့နော်။ လွိုင်ကော်မှာဆိုရင် ကျွန်တော်တို့ အိမ်တိုင်းအိမ်တိုင်း ဆင်းဖို့မလွယ်ဘူး။ ဒါကြောင့် မြို့ငယ်တွေကို ပိုပြီတော့ အားသာတယ်။ ထပ်ပြီး အနိုင်ရရှိမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမော်ရယ်က ပြောသည်။ 

ကယားပြည်နယ်တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီကြီးများအနက် မျက်နှာသစ်များလည်းပါဝင်နေသည်။ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် နှင်းဆီပါတီခေါ် UDP ပါတီတို့ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီသည် ကယားပြည်နယ်၌လည်း ခြေလှမ်းသွက်လျက်ရှိသည်။ တောင်တန်းများကြားက ဖွံ့ဖြိုးမှုနောက်ကျရာ ပြည်နယ်လေးဖြစ်လင့်ကစား နှင်းဆီပါတီက ရပ်ကွက်နှင့် ကျေးရွာအဆင့်ထိ ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်သည်ဟုဆိုသည်။ 

"တကယ်လို့ နှင်းဆီပါတီက အနိုင်မရခဲ့ရင်လည်း သူ့ခမျာ ကျေးဇူးတော့ မဆုံးရှုံးဘူးပေါ့နော်။  ဘာဖြစ်လဲဆိုတော့ သူက အများကြီးထောက်ပံ့ထားပေးတယ်ပေါ့နော်" ဟု လျွိုင်ကော်မြို့နယ် လွိုင်လင်လေးတိုက်နယ် ဒေါတနောရွာမှ နှင်းဆီးပါတီစည်းရုံရေးမှူး ဦးမောင်စိန်က ပြောသည်။ 

အသက် ၆၆ နှစ်အရွယ် ဦးမောင်စိန်သည် နှစ်ပေါင်း ၃၀ ကျော် ရာသူကြီးလုပ်ခဲ့ဖူးပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က အနားယူခဲ့သည်။ ရွာကိုဖြတ်သွားသော ကားလမ်းမပေါ်ရှိ ၎င်း၏နေအိမ်တွင် နှင်းဆီပါတီဆိုင်းဘုတ် စိုက်ထူထားသည်။ ပါတီက ငွေကျပ်တစ်သိန်းပေးကြောင်းလည်း ၎င်းက ပြောသည်။ 

NLD ပါတီမှ ခွဲထွက်ခဲ့သူ ဦးခင်မောင်ဆွေက ပါတီဥက္ကဌအဖြစ် တာဝန်ယူထားသည့် NDF ပါတီသည်လည်း ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ NDF ပါတီအနေဖြင့် အခြားဒေသများတွင် မဲဆန္ဒနယ်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော်လည်း ကယားပြည်နယ်တွင် အင်အားကြီးပါတီကြီးများနှင့် ဖက်ပြိုင်ကာ အားစမ်းမည်ဖြစ်သည်။ 

နိုင်ငံရေးရေချိန်အရ ငွေကြေးချမ်းသာသည့် ပြည်ခိုင်ဖြိုးပါတီနှင့် အာဏာရ NLD ပါတီကို လူသိများနေပြီး ပြည်နယ်အခြေစိုက်ပါတီအပေါ် ဝန်းရံမှုလျော့နည်းနေသော်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြောင်းလဲမှုရှိလာလိမ့်မည်ဖြစ်ကြောင်း လွိုင်ကော်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ကိုကျော်ထင်အောင်က ပြောသည်။ 

"တကယ့်မဲဆွယ်စည်းရုံးရေးကာလအလွန်နဲ့ မဲပေးရမယ့်အချိန်ကတော့ ဒေသခံတိုင်းရင်းသားတွေ မှန်ကန်စွာ ဆုံးဖြတ်ရွေးချယ်ကြမှာဖြစ်လို့ အတိုင်းအတာတစ်ခုအထိ ပြည်နယ်အခြေစိုက်ပါတီတွေက အနိုင်ရသွားပါလိမ့်မယ်" ဟု ၎င်းက သုံးသပ်သည်။ 

တရားဝင် မဲဆွယ်စည်းရုံးရေးလှုပ်ရှား စတင်သည့် စက်တင်ဘာ ၈ နေ့ဖြစ်သည်။ ပြည်နယ်မြို့တော်အဝင် လွိုင်ကော် - တောင်ကြီးကားလမ်းမပေါ်တွင် ကယားပြည်နယ် NLD ပါတီ၏ နှစ်ထပ်အဆောက်အအုံသစ်ကြီးမှာ ခန့်ခန့်ငြားငြားရှိလှသည်။ အလံတလူလူဖြင့် အောင်နိုင်ရေးတေးသံသာများလည်း ပျံ့လွင့်လျက်ရှိသည်။ 

ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညွီညွတ်ရေးပါတီများ၏ ရုံးခန်းများသည်ကား တိတ်ဆိတ်လျက်ရှိသည်။ 

သို့သော် ပြည်နယ်အခြေစိုက် အသစ်စက်စက်နိုင်ငံရေးပါတီလေးသည်ကား အများနှင့်မတူ နိုးကြားတက်ကြွလျက်ရှိသည်။ အောင်နိုင်ရေးသီချင်သံများအကြားတွင် မြို့နယ်အသီးသီးမှ စုရုံးရောက်ရှိလာသော ကိုယ်စားလှယ်လောင်းများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading