သတင်း

နှင်းဆီပါတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးခေါင်းဆောင်ဆိုသည်မှာ အလိမ်အညာဖြစ်နေ

ရှုပ်ထွေးသည့်နောက်ကြောင်းရာဇဝင်ရှိကာ ထောင်ပြေးတစ်ဦးဖြစ်သူ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်ဦးရွက်ပြုခဲ့သည့်ပုဂ္ဂိုလ်ဟု သူ၏ပါတီက ကြေညာချက်များထုတ်ပြန်ထားသော်လည်း ထိုအချက်မှာ မှားယွင်းကြောင်း ထိပ်တန်းတပ်မတော်ထောက်လှမ်းရေးအရာရှိကြီးဟောင်းတစ်ဦးက ပြောကြားလိုက်သည်။

ဦးကျော်မြင့်ဆိုသူသည် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်သည်ကို သိဖူးကြားဖူးခြင်း အလျှင်းမရှိကြောင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ယမန်နေ့ (စက်တင်ဘာ ၂၅) နေ့တွင် Myanmar Now ကို ပြောကြားသည်။

“တရားဝင်အားဖြင့် ဒီလူပါတာ တစ်ပွဲမှ မရှိဘူး။ မရှိပါဘူး။ တကယ့်ငြိမ်းချမ်းရေးယူခဲ့တဲ့အစပိုင်းကလည်း သူမပါပါဘူး။ တကယ့်ခေါင်းဆောင်တွေနဲ့ တွေ့တာပါ။ သူမပါပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ မှတ်တမ်းတွေရှိတယ်လေ။ သမိုင်းမှတ်တိုင်များဆိုတဲ့ စာအုပ်ထဲမှာလည်း ဘယ်သူတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာ ပါပါတယ်။ သူဘာမှ မဆိုင်ပါဘူး။ ပြောရရင်တော့ သူ့ဟာသူပြောတာပဲရှိတယ်” ဟု ဦးစန်းပွင့်က ပြောသည်။

နှင်းဆီပါတီက ယခု စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပါတီဥက္ကဋ္ဌ ကိုယ်ရေးသမိုင်းအကျဉ်းချုပ်တွင် “၁၉၈၉ ခုနှစ် မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦး” ဖြစ်သည်ဟု အတိအလင်းဖော်ပြထားသည်။

ယနေ့ (စက်တင်ဘာ ၂၆) နေ့လယ်ပိုင်းက ထုတ်လွှင့်ခဲ့သည် နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဋ္ဌကြီး ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်၏ ပြည်သူလူထုထံသို့ နှုတ်ဆက်မိန့်ခွန်းဆိုသော ရုပ်သံဗီဒီယိုတွင်လည်း နိုင်ငံရေးအရ ရဲဘော်သုံးကျိပ်ဝင် သခင်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော) လေးစားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအရ ရှမ်းပြည် မုံးကိုးဒေသတွင် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲစနစ်ကို စတင်ခဲ့ဖော်ထုတ်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သားဖြစ်သူ အောင်ကျော်ဇောမှာ ၎င်း၏ ယောက္ခမဖြစ်သူ ဗိုလ်ချုပ်ကြီးဇော်မိုင်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောသည်လည်း ၎င်း၏အမျိုးသမီးဖြစ်သူနှင့် အတူ နေခဲ့ဖူးပြီး ညီအစ်မများသဖွယ်ဖြစ်သည်အထိ ရင်းနှီးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ယနေ့နေ့လယ်ပိုင်း၌ပင် Myanmar Now က ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဦးဇော်မိုင်မိသားစုနဲ့ ကျွန်မတို့မိသားစု ရင်းနှီးတယ်ဆိုတာမှန်တယ်။ သို့ပေမဲ့ ဦးဇော်မိုင်သမီးအငယ်နဲ့ သူနဲ့ (ဦးကျော်မြင့်နဲ့) ကျွန်မတို့ ဒီဘက်ထွက်လာပြီး (တရုတ်နိုင်ငံဘက်ခြမ်းသို့ ခိုလှုံခြင်း) မှရတာ ဖြစ်တယ်။ အဲတော့ သူနဲ့ ကျွန်မတို့နဲ့ ဘာမှမပတ်သက်ဘူး။ သူက ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) နဲ့လည်း ဘာမှမဆိုင်ဘူး၊ နောက်ပိုင်းသူ ဝ တပ်ဖွဲ.ရဲ.စီးပွားရေးတာဝန်ခံလုပ်တာတော့ကြားဖူးတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကမူ “ဦးကျော်မြင့်အကြောင်းကို ကျွန်တော်တို့လိုက်မေးကြည့်တယ်။ ကြားကိုမကြားဖူးဘူး” ဟု ဦးညီရမ်းက ဆိုသည်။

၎င်းကအစောပိုင်းတွင် ဝအမျိုးသားပါတီမှာ နယ်စပ်တွေမှာရှိတဲ့ အချင်းချင်းတွေက အတိတ်မကင်းကြပါဘူး။နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ဆက်စပ်မှုတွေရှိပါတယ်။ အသေးစိတ်ကိစ္စတွေကို သူ့ကိုပဲမေးရင်ကောင်းမယ်ဟုလည်း Myanmar Now ကို ဖြေကြားခဲ့သည်။

ဦးကျော်မြင့်သည် ၁၉၉၀ အစောပိုင်းနှစ်များတွင် “ဝ” တပ်ဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆခံရသော မြန်မာကျုံယွမ် ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် မြန်မာကုမ္ပဏီများအက်ဥပဒေကို ချိုးဖောက်မှု၊ ငွေကြေး မသမာမှု ဖြင့် ထောင်ကိုးနှစ်ချမှတ်ခံခဲ့ရသည်။

အမေရိကန်အစိုးရနိုင်ငံခြားရေးရာမော်ကွန်းမှတ်တမ်းတွင်မူ ကျုံယွမ်ကုမ္ပဏီသည် ဝ” တပ်ဖွဲ.၏ ငွေကြေးခဝါချမှုလုပ်ရန်ထူထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။ 

ထောင်ကျပြီးတစ်နှစ်ကျော်အကြာတွင် မန္တလေးအိုးဘိုထောင်မှထွက်ပြေးကာ မိုက်ကယ်ကျော်မြင့်ဟွာဟူ နာမည်ဖြင့် အမေရိကနှင့် ကနေဒါနိုင်ငံများတွင် နေထိုင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုထူထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် ရှိခဲ့စဉ် စတော့ရှယ်ယာလုပ်ငန်းများဆိုင်ရာ မသမာမှုနှင့် ချိုးဖောက်မှုများ ဆောင်ရွက်ခဲ့သည့်အတွက် ကနေဒါရှိ ငွေကြေးအရောင်းအဝယ်ထိန်းချုပ်ရေး အာဏာပိုင်များက ၎င်းကို စီးပွားရေးကုမ္ပဏီများ ထူထောင်ခြင်း၊ စီမံခန့်ခွဲခြင်းမပြုရန် တစ်သက်တာပိတ်ပင်သကဲ့သို့ ဒဏ်ကြေးငွေ သန်းနှင့်ချီကာ ဒဏ်ရိုက်ခဲ့သည်။

ဦးကျော်မြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မှုမရှိကြောင်း တပ်မတော်ထောက်လှမ်းရေးအရာရှိကြီးဟောင်း နှင့် “ဝ” တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့၏ ပြောကြားချက်များပေါ် တုံ့ပြန်ချက်ရရန် နှင်းဆီပါတီပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေမရရှိခဲ့ပေ။

ပါတီဝင်သန်းနှင့်ချီရှိသည့် နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးလျှင် ဒုတိယမြောက် မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။

‘အာဏာရရှိပါက ၅ နှစ်အတွင်း စင်ကာပူထက်သာရမည်’၊ ‘နိုင်ငံသားအားလုံး တစ်နေ့ဝင်ငွေ တစ်သောင်းကျပ် ရရှိစေမည်’၊ ‘ရွာတိုင်း ကတ္တရာလမ်းခင်းပေးမည်’ စသည့် ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးလျက်ရှိပြီး ရွေးကောက်ပွဲများကတိများ မတည်ပါက ပါတီဥက္ကဋ္ဌအား ထောင်ချအပြစ်ပေးနိုင်ကြောင်းလည်း ကြွေးကြော်ထားသည်။

မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဋ္ဌ ဆောင်းပါးရှည်တွင် ဦးကျော်မြင့်အကြောင်း အပြည့်အစုံဖတ်ရှုနိုင်ပါသည်။ 

Myanmar Now ဆောင်းပါးများအားဖတ်ရှုခြင်းအတွက် စာဖတ်သူများမှ တတ်အားသမျှပြန်လည်ကူရန်

https://myanmar-now.org/mm/donate

Show More

Related Articles

Back to top button