၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိပါက မည်သို့အစိုးရဖွဲ့စည်းမည်ကို ကြိုတင်ပြင်ထားပြီးဖြစ်သည်ဟု ပါတီပြောခွင့်ရသူက ဆိုပြီး ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ဝန်ကြီးချုပ်ဟောင်း ၃၆ ဦး ဝင်ပြိုင်မည်ဖြစ်သည်

ဂရပ်ဖစ်ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ကိုယ်စားလှယ်လောင်း ၁,၁၂၈ ဦးဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ရွေးကောက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းတွင် တွေ့ရသည်။ 

ယင်းကိုယ်စားလှယ်လောင်းများအနက် တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၁၉ ဦး၊ ဒုတိယဝန်ကြီး ၁၁ ဦး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၆ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်သည်။ 

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများတွင် ဝန်ကြီးဟောင်းပါဝင်မှုနှုန်း ၃ ရာခိုင်နှုန်း ရှိ‌သည်။

ဧရာဝတီနှင့် မကွေးတွင် ၆ ဦးစီ၊ ရန်ကုန်နှင့် နေပြည်တော်တွင် ၅ ဦးစီ၊ မန္တလေးတွင် ၄ ဦးဖြင့် အများဆုံးရှိနေသည်။  စစ်ကိုင်းနှင့် ပဲခူးတွင် ၂ ဦးစီ၊ ချင်း၊ ကယား၊ ရှမ်း၊ ကချင်နှင့် ကရင်၊ တနင်္သာရီတို့တွင် ၁ ဦးစီ ရှိသည်။

မွန်နှင့် ရခိုင်တွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ယှဉ်ပြိုင်မည့် ဝန်ကြီးဟောင်းများ မတွေ့ရှိရပေ။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဝန်ကြီးဟောင်းများစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့်  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိပါက အစိုးရအဖွဲ့တွင် သမ္မတဟောင်း၊ ဝန်ကြီးဟောင်းများသည် ယခင်တာဝန်များကို ပြန်ယူနိုင်ခြေ ရှိမရှိ‌ ပါတီကို  Myanmar Now က ဆက်သွယ်မေးမြန်းရာ ပါတီအောင်နိုင်ရေးကိုသာ ဗွေဆော်ဦး အာရုံစိုက်နေသည်ဟု ပြောသည်။ 

“လောလောဆယ်က ကျွန်မတို့ လုပ်နေတဲ့ကိစ္စက ဘာလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကို အာရုံထားပြီးမှ လုပ်ဆောင်နေတယ်ပေါ့။ ပါတီအောင်နိုင်ရေးကို လုပ်ဆောင်နေတယ်။ ဒီဟာပြီးမှပဲ သေချာသိမှာပေါ့ ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က ပြောသည်။

NLD အစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၄ ခု ဖွဲ့စည်းလည်ပတ်နေသော်လည်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးဌာန ၆ ခုအပါအဝင် ဝန်ကြီးဌာန ၃၆ ခုအထိ ဖွဲ့စည်းလည်ပတ်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရအဖွဲ့ကို မည့်သို့ဖွဲ့စည်းမည်ကို ၂၀၁၅ ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပြီး အစိုးရအဖွဲ့တွင် တာဝန်ယူမည့်လူများလည်း အဆင်သင့်ရှိထားကြောင်း ပြည်ခိုင်ဖြိုးပါတီ  ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ‌ပြောသည်။

“ကျွန်မတို့ကြိုပြီး စဉ်းစားထားတာပေါ့။ ကျွန်မတို့အစိုးရဖြစ်ရင် အုပ်ချုပ်မှုပိုင်းမှာ ဘယ်လိုမျိုးဆောင်ရွက်မယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းကတည်းက ပြင်ဆင်ထားပြီးသားပါ။ ကျွန်မတို့မှာ လူတွေက အားလုံးအဆင်သင့်ရှိပြီးသားလေ။ Shadow Government ဆိုတာ ဒီမိုကရေစီနိုင်ငံမှာ ပါတီတိုင်း လုပ်ရမှာ၊ မဖြစ်မနေ လုပ်ရမှာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

အစိုးရယန္တရားတွင် အတွေ့အကြုံရှိသည့် ဝန်ကြီးဟောင်းများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များကို တာဝန်ပေးအပ်သည့် နည်းတူ ရွေးကောက်ခံမဟုတ်သည့် ပြင်ပပညာရှင်များလည်း ပါဝင်နိုင်ခြေရှိပြီး အသေးစိတ်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“အစိုးရယန္တရားတစ်ခုလုံးကို တာဝန်ယူ လည်ပတ်ဖို့ဆိုတာက ကျွန်မတို့ ကိုယ်စားလှယ်တွေထဲမှာ အတွေ့အကြုံရှိပြီးသား လူတွေပါသလို လွှတ်တော်ထဲမှာ ဥပဒေပြုရေးဆောင်ရွက်မယ့်သူတွေကလည်း တစ်ပိုင်းရှိတာပေါ့။ အဲဒီတော့ အစိုးရယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ဆိုတာ ပညာရှင်တွေလည်း ပါဝင်လာမှာပေါ့” ဟု ၎င်းက ထပ်မံပြောသည်။

နေပြည်တော်တွင် အားစမ်းကြမည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ 

နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အားစမ်းကြမည့် ဝန်ကြီးဟောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၅ ဦးရှိသည်။ 

လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ စွမ်းအင်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးသန်းဌေး၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ ဖြစ်သည်။ 

တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဒုဝန်ကြီးဖြစ်ခဲ့ဖူးသည့် ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြန်အောင်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃ အထိလည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိလည်းကောင်း တာဝန်ယူခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မြန်အောင်မဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။ 

တပ်မတော်ထဲတွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်လာပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ 

တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ဆည်ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲဆန္ဒနယ်မှပင် ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သည့် ဦးဝင်းရှိန်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းခဲ့ပြီး ၂၀၁၁ မှ ၂၀၁၂ အထိ  ပို့ဆောင်ရေးဒုဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဦးဝင်းရှိန်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဦးစိုးသိန်းပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဟောင်း  ဦးဝဏ္ဏမောင်လွင်သည်လည်း လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရီမြို့နယ်မှ ရွေးကောက်ခံမည်ဖြစ်သည်။ ဗိုလ်မှူးကြီးဟောင်းဖြစ်သည့် ဦးဝဏ္ဏမောင်လွင်သည် ၁၉၇၄ မှ ၁၉၉၇ ခုအထိ စစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ 

ထို့နောက် တပ်မတော်မှ အခြားဝန်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ထမ်းခဲ့သည့် မိုးကျရွှေကိုယ်တစ်ဦးဖြစ်လာပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြင်သစ်နိုင်ငံနှင့် အစ္စရေးနိုင်ငံတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။ 

အလားတူပင် ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်သည် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ဦးသန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့ပြီး ထို့နောက် စစ်ထောက်ချုပ်ဖြစ်ခဲ့သည်။ 

သမ္မတရုံးဝန်ကြီးဟောင်းများ

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီး ၆ ခုအထိ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ၆ ဦး ခန့်အပ်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ၆ ဦးအနက် ၃ ဦးသည် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ပြီး ဦးစိုးသိန်း၊ ဦးလှထွန်းနှင့် ဦးစိုးမောင်တို့ ဖြစ်သည်။

ဦးစိုးသိန်းက ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ကယားပြည်နယ် ဘော်လခဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးလှထွန်းသည် မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်ခိုင်ဖြိုး၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်မှာ ၎င်း၏ ကိုယ်ပိုင်ပါတီဖြစ်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တပ်မတော်စစ်ဥပဒေချုပ်ဟောင်းဖြစ်ခဲ့သည့် ဦးစိုးမောင်သည် ၎င်း၏ဇာတိဖြစ်သည့် မကွေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒုသမ္မတတစ်ဦးဖြစ်မည်ဟုပင် နာမည်ကျော်ခဲ့သည့် ဦးစိုးမောင်သည် ရေစကြိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ 

ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးဟောင်းများ

ရဲချုပ်ဟောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးခင်ရီက ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို၊ လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးက လှည်းကူး၊ စစ်အစိုးရလက်ထက်က လယ်ဆည်ဝန်ကြီးဟောင်း ဦးဌေးဦးက ဧရာဝတီတိုင်း ဟင်္သာတနှင့် ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးစိုးနိုင်က ဖျာပုံမြို့နယ်တို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

လေတပ်ဗိုလ်မှူးကြီးဟောင်းလည်းဖြစ် ပို့ဆောင်ရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးဉာဏ်ထွန်းအောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဟောင်း လက်ရှိ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်၊ ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးလှမင်း၊ လူမှုဝန်ထမ်းဝန်ကြီးဟောင်း ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာသန်းအောင်တို့သည်လည်း ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ပြိုင်ရန်ရှိနေသည်။

ထို့အပြင် ဒါဇင်နှင့်ချီသော ဒုဝန်ကြီးဟောင်းများသည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ တိုင်းနှင့် ပြည်နယ် မဲဆန္ဒနယ်အသီးသီးတွင် ဖြန့်ကြက်ယှဉ်ပြိုင်ရန်ရှိကြောင်း Myanmar Now က လေ့လာတွေ့ရှိထားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုဝန်ကြီးဟောင်း ဒေါက်တာအောင်မြတ်ဦးနှင့် ဦးခင်မောင်အေး၊ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဦးအောင်သော်၊ လူကယ်ပြန် ဒုဝန်ကြီးဟောင်း ဒေါ်စုစုလှိုင်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ် လက်ရှိပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးပိုက်ထွေး၊ အလုပ်သမား ဒုဝန်ကြီးဟောင်း ဒေါ်ဝင်းမော်ထွန်း၊ နယ်စပ်ရေးရာ ဒုဝန်ကြီးဟောင်း ဦးတင်အောင်ချစ်၊ စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဦးတင်ဦးလွင်၊ စီမံကိန်း ဒုဝန်ကြီးဟောင်း ဦးသူရိန်ဇော်၊ လယ်ဆည်ဒုဝန်ကြီးဟောင်း ဦးခင်ဇော်တို့ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် ဝန်ကြီးချုပ်ဟောင်း  ၆ ဦးသည် ၎င်းတို့ ဝန်ကြီးချုပ်ဖြစ်ခဲ့ရာ တိုင်းနှင့် ပြည်နယ်များတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်းများမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်း၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစပ်အောင်မြတ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်း၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုတို့ ဖြစ်သည်။

ဦးသိန်းအောင်သည် ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ မွတ်စလင်တို့၏ နွားသတ်လုပ်ငန်းများ ရပ်တန့်ရေးအတွက် မဘသအဖွဲ့အစည်းက ဦးဆောင်လှုပ်ရှားမှုကိုလည်း ၎င်းဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က ထောက်ခံကြောင်း Myanmar Now ကို ပြောဆိုဖူးသည်။

မြန်မာပြည်သို့လာရောက်စဉ် အမေရိကန်သမ္မတဟောင်း အိုဘားမား ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်းဓလေ့အရ နမ်းကာနှုတ်ဆက်နေသည့် ပိုစတာကို ပြကာ “‌‌မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုလုပ်သင့်သလား။ သူသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဘာတွေဖြစ်လာမလဲ” ဟုလည်း မေးခွန်းထုတ်ခဲ့သူဖြစ်သည်။ 

နောက်ထပ် အကဲစမ်းမည့် ဝန်ကြီးချုပ်တစ်ဦးမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းဖြစ်သည်။ ၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မင်းတပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးဟုန်းငိုင်းသည် တပ်မတော်ထဲတွင် ဒုတိုင်းမှုးဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရလက်ထက် ၂၀၀၇ မှ ၂၀၁၁ အထိ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီဥက္ကဋ္ဌ လုပ်ခဲ့ဖူးသည်။၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ‌ပြီးနောက် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းသည် စစ်အစိုးရလက်ထက် ၂၀၀၄ မှ ၂၀၁၁ အထိ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည်။ တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ထိ တာဝန်ယူခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးလဂျွန်ငန်ဆိုင်းသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦစဝ်အောင်မြတ်က အမျိုးသားလွှတ်တော်နေရာတွက် ရှမ်းပြည်နယ် အမှတ်(၉) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည်လည်း ထားဝယ်မဲဆန္ဒနယ် ၂ မှ တနင်္သာရီတိုင်းလွှတ်တော်အတွက် ဝင်ရောက်ရွေးကောက်ခံမည် ဖြစ်သည်။ 

ဉာဏ်လှိုင်လင်းနှင့် မင်းမင်း ပူးပေါင်းရေးသားသည်

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading