ရန်ကုန်တွင် သံသယလူနာအရေအတွက်မှာ ဆေးရုံများက လက်ခံနိုင်သည်ထက် ကျော်လွန်နေ

ကျန်းမာရေးတာဝန်ရှိသူများ၏ အဆိုအရ ကူးစက်မှုအများဆုံးဖြစ်ပွားနေသည့် ရန်ကုန်တွင် ဓာတ်ခွဲဌာနများ၏ အမြင့်ဆုံးစစ်ဆေးနိုင်မှုပမာဏကို ကျော်လွန်နေပြီဖြစ်သည်

Published on Sep 25, 2020
Published on Sep 25, 2020
ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်မားနေသည့် ရန်ကုန်မြို့တွင် နှာခေါင်းစည်းဝတ်ဆင်လျက်ရှိ စက်ဘီးစီးနေသူ တစ်ဦးကို စက်တင်ဘာ ၂၄ ရက်နေ့ညက တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
ကိုဗစ်နိုင်တင်းကူးစက်မှုမြင့်မားနေသည့် ရန်ကုန်မြို့တွင် နှာခေါင်းစည်းဝတ်ဆင်လျက်ရှိ စက်ဘီးစီးနေသူ တစ်ဦးကို စက်တင်ဘာ ၂၄ ရက်နေ့ညက တွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်မှုမြင့်မားနေသည့် ရန်ကုန်တွင် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာပြ သံသယရှိလူနာအရေအတွက်မှာ ဆေးရုံများက လက်ခံကုသနိုင်သော ပမာဏထက် ကျော်လွန်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

မြို့နယ်တိုင်းတွင် အနံ့ပျောက်သည့် လူနာအရေအတွက် များပြားနေသည်ဟု လှိုင်မြို့နယ် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

“အင်းစိန် အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံ၊ နောက် လှည်းကူးဆေးရုံ၊ ပုလဲဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး အဲ့ဒီလို ဆေးရုံတွေနဲ့ လိုက်ချိတ်ပါတယ်။ ဒါပေမယ့် ဆေးရုံတွေက အနံ့ပျောက်ရုံလောက်နဲ့ မလာနဲ့။ သူ့ထက် အရေးကြီးတဲ့သူတွေရှိတယ်။ ခုတင်လည်းမရှိဘူးဆိုတော့ အခုတော့ တကယ့်အရေးပေါ်အခြေအနေမှပဲ ကျွန်တော်တို့ ပို့နေရတယ်”ဟု ၎င်းကပြောသည်။

ထိုသူများကို ဆေးရုံတွင် ထားရှိရမည့်သူ PUI (သံသယ) လူနာအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော်လည်း ဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးသူအရေအတွက်မှာ မြို့နယ်အလိုက် အများအပြားရှိနေသည်ဟုလည်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

"ဆေးရုံမှာ စောင့်ရှောက်ရမယ့် လူနာ။ ဒီ ကုသရေးအောက်မှာ ရှိရမယ့် လူနာတွေဖြစ်တယ်။ ဒီ စေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့ မရဘူးဆိုပြီးတော့ (ကျန်းမာရေးက) ခွင့်မပြုဘူး။ မြို့နယ်တိုင်းမှာ အဲ့လို အနံ့ပျောက်တဲ့ သူတွေရှိတယ် အများကြီးပဲ” ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ် Fever Clinic ဆေးခန်းတွင် လာပြသော လူနာများထဲမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းစသည်များ တွေ့ရှိ၍ ဆေးရုံများသို့ပို့ဆောင်ရမည့် လူနာ ၅၂ ဦးရှိပြီး မြို့နယ်ကိုဗစ်ကော်မတီအဖွဲ့ထံ ကိုယ်တိုင်လာရောက် အကြောင်းကြားထားသူ ၃၀ ရှိနေကြောင်းလည်း ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။ 

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ဌာနသို့ လာရောက်ပြသသည့် ကိုဗစ်ရောဂါလက္ခဏာရှိသူ ပြင်ပလူနာများအနက် ပိုးတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ ၆၀ ကြားရှိနေကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ဆရာဝန်ဖြစ်သူ ဒေါက်တာမျိုးဟိန်းက ပြောသည်။

"Positive ကို ပို့ဖို့ကိစ္စမှာ အခုဟာက ပို့လို့မရဘူး။ အတည်ပြုလူနာ လက်ခံတဲ့နေရာတွေလည်း သူတို့ဟာသူတို့ ပြည့်နေတယ်။ အသစ်တွေကလည်း မပြီးသေးဘူး။ ပို့လို့မရတော့ လူနာအသစ်တွေက ထပ်ဝင်လာတယ်။ အဟောင်းက မထွက်သေးဘူး။ အဲဒီနေရာတွေမှာ ပြဿနာရှိတာပေါ့" ဟု ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကျရောက်မှုတွင် ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအများဆုံးဖြစ်ပွားနေပြီး ဓာတ်ခွဲဌာနများ၏ လက်ရှိအမြင့်ဆုံးစစ်ဆေးနိုင်မှု ပမာဏကို ကျော်လွန်နေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ များပြားလျက်ရှိပြီး ကုတင် ၁,၅၀၀ ပါဝင်မည့် ယာယီဆေးရုံတစ်ခု တိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်" ဟု ယမန်နေ့ (စက်တင်ဘာ ၂၄) က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

နေ့စဉ်အတည်ပြုလူနာအရေအတွက် များပြားနေသည့်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ကုတင် ၁,၅၀၀ ဆန့် ယာယီဆေးရုံတည်ဆောက်‌နေကြောင်းလည်း သိရသည်။ 

လူနာ ၄၀၀ ထားရှိနိုင်သည့် သုဝဏ္ဏယာယီဆေးရုံတွင် ခုတင် ၂၀ ပါဝင်သည့် အထူးကြပ်မတ်ကုဆောင် (ICU) နှင့် ခုတင် ၈၀ ပါဝင်သည့် High Dependency Unit တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။ 

"ကျွန်တော်တို့ ကြိုးစားပြီး စီစဉ်နေတယ်။  လောလောဆယ်တော့ နေရာရှိပါသေးတယ်။ အခုလောလောဆယ် ပြန်သွားရတယ်ဆိုတာတော့ မရှိသေးပါဘူး။ မနက်ဖြန် အောင်မြင့်မိုရ်တို့ ဘာတို့ကို အသစ်ဖွင့်ဖို့ လုပ်နေတယ်။ အဲဒီနေရာတွေမှာ လူနာ ၁၂၀၀/ ၁၅၀၀ ထားဖို့ လုပ်နေတယ်" ဟု ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ယမန်နေ့ညပိုင်းတွင် Myanmar Now ကိုပြောသည်။ 

လက်ရှိတွင် ရိုးမအိမ်ရာနှင့် တောင်ဒဂုံရှိ အောင်မြင့်မိုရ်အိမ်ရာတွင် အသွားအလာကန့်သတ်ထားရှိသူများ ပိုမိုလက်ခံနိုင်ရန် နေရာတိုးချဲ့လျက်ရှိပြီး ကျိုက္ကဆံအားကစားကွင်းနေရာကိုလည်း လေ့လာလျက်ရှိသည်ဟု ၎င်းက ပြောသည်။ 

"လောလောဆယ် အောင်မြင့်မိုရ်နေရာကို ချဲ့နေတာပေါ့။ အဲဒီမှာ လူနာ ၁၅၀၀ လောက် ရသေးတယ်ဆိုရင်တော့ အခု တက်နေတဲ့နှုန်းနဲ့ဆို နှစ်ရက်လောက်တော့ ရသေးတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာဇော်ဝေစိုးက ပြောသည်။ 

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံများတွင် PUI (Person Under Investigation - စောင့်ကြည့်လူနာ) များ လက်ခံနိုင်အောင် နေရာများ တိုးချဲ့လျက်ရှိသည်ဟုလည်း သိရသည်။ 

ကိုဗစ်နိုင်တင်းအတည်ပြုလူနာများ လက်ခံသည့် ဆေးရုံများတွင် လူနာများပြည့်နှက်နေ၍ ပြီးခဲ့သည့်ရက်ပိုင်း အတည်ပြုလူနာအချို့ကို ဆေးရုံပို့ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်စွာဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးမှာ အနံ့မရတော့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်ဆေးရုံ သို့သွားရောက်ပြသရာတွင် လူပြည့်နေသည့်အတွက် အင်းစိန်ဆေးရုံကို ထပ်ဆင့်သွားရောက်ခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ကိုထိန်ဝင်းက ယနေ့တွင် ပြောသည်။ 

အသက် ၇၄ နှစ်အရွယ် အဆိုပါလူနာကို စက်တင်ဘာ ၂၁ က အင်းစိန်ဆေးရုံတွင် နမူနာယူစစ်ဆေးခဲ့ပြီး နှစ်ရက်အကြာတွင် ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် မိသားစုနှင့်အတူ ကွာရန်တင်းဝင်ရန် ဆေးရုံတာဝန်ရှိသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သော်လည်း ကွာရန်တင်းဝင်ရန် နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းမရှိဟု ကိုထိန်းဝင်းကပြောသည်။

"စင်တာတွေမှာတော့ အမှန်တကယ်ကို ပြည့်ကို ပြည့်နေတာ။ ကိုယ်တိုင်သွားပြီးပြီ အကုန်ပြည့်နေတာ။ ထဲထဲဝင်ဝင် အထဲထဲကို ဝင်ကြည့်တဲ့အခါကျတော့ ပြည့်ကို ပြည့်နေတာ။ သင်္ဃန်းကျွန်းမှာလည်းပြည့် အင်းစိန်ဆေးရုံမှာလည်းပြည့်နေတော့ အကိုတို့က လူနာမှတ်တမ်းတွေဘာတွေ ဖြည့်ပြီးတော့ အိမ်ပြန်ခေါ်လာရတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါသံသယလူနာသည် မရမ်းကုန်းမြို့နယ် အထက (၁) ကွာရန်တင်းစင်တာတွင် နေထိုင်လျက်ရှိသည်ဟု ကိုထိန်ဝင်းက ပြောသည်။ 

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၉ နှစ် အရွယ် ကိုထက်ကိုသည်လည်း ၎င်း၏ အမျိုးသမီးမှာ မီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံရောက်ရှိနေစဉ် အတည်ပြုလူနာဖြစ်သွားသည့်အတွက် ကွာရန်တင်းစင်တာသို့ သွားရန် စီစဉ်သော်လည်း နေရာမရှိသဖြင့် လက်ရှိတွင် ၎င်း၏နေအိမ်တွင်နေရသည်ဟုဆိုသည်။

"စက်တင်ဘာ ၂၃ ရက်က စစ်ဆေးတဲ့အဖြေမှာ ပိုးတွေ့အတည်ပြုလူနာ ဖြစ်သွားတယ်။ နှစ်ရက်လောက်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ည ၁၀ နာရီလောက်မှ လှိုင်မြို့နယ်က ပါရမီကွာရန်တင်းစင်တာကို ရောက်ခဲ့တယ်။ အဲဒီမှာလည်း လူတွေပြည့်နေတယ်" ဟု ကိုထက်ကို၏ ဇနီးဖြစ်သူက ပြောသည်။

အတည်ပြုလူနာဖြစ်သော်လည်း ၎င်းနှင့် ၇ ရက်သား ကလေးငယ်မှာ လက်ရှိအချိန်ထိ အတည်ပြုလူနာအမှတ်စဉ် မတပ်ရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၂၅) နံနက်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ ၈,၅၁၅ ဦးနှင့် သေဆုံးသူ ၁၅၅ ဦးရှိပြီဖြစ်သည်။ 

ထုတ်ပြန်ထားချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တင်းအတည်ပြုလူနာပေါင်း ၅၅၁၄ ဦး ရှိနေပြီး PUI အဖြစ်သတ်မှတ်၍ ကွာရန်တင်းစင်တာများတွင် စောင့်ကြည့်စစ်ဆေးနေသူ ၇၄၂၉ ဦးရှိနေသည်။

ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကျရောက်မှုတွင် နေ့စဉ်အတည်ပြုလူနာအရေအတွက် တွေ့ရှိမှုမြင့်မားနေဆဲဖြစ်ကာ စက်တင်ဘာ ၂၁ ရက်တွင် ဓာတ်ခွဲနမူနာ ၅၄၀၀ ကျော်စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၆၆ ဦးနှင့် စက်တင် ဘာ ၂၃ ရက်တွင် နမူနာ ၅၈၀၀ ကျော်စစ်ဆေးရာ အတည်ပြုလူနာ ၈၆၉ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၂၄ တွင် ဓာတ်ခွဲနမူနာ ၄၇၀၀ ကျော်စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၈၈ ဦးတွေ့ရှိခဲ့သည်။ 

 

 

အောင်ကိုကိုဦးသည် Myanmar Now သတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading