သတင်း

ရန်ကုန်မှ သံတွဲသို့ ပြန်လာသူ ၇ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလအတွင်း ရန်ကုန်မှ သံတွဲမြို့နယ်သို့ ပြန်လာသူခုနစ်ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အမိန့်များကို မလိုက်နာဟုဆိုကာ သံတွဲမြို့ရဲတပ်ဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လိုက်သည်။ 

ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါ အရေးပေါ်လူနာတင်ယာဉ်ဖြင့် စက်တင်ဘာ ၂၃ တွင် သံတွဲသို့ပြန်လာသည့် လူငယ်ငါးဦးနှင့်အတူ ၎င်းတို့ကို ပို့ဆောင်ပေးသော ရန်ကုန်မှ ကားဆရာနှစ်ဦးသည် သံတွဲကားဂိတ်၌ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး၏ စစ်ဆေးခံရပြီးနောက် အမှုဖွင့်ခံရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးနှင့် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမှလွဲ၍ ကျန်မြို့နယ်များ အားလုံးအတွက် အိမ်တွင်နေရန် (Stay at Home) သတ်မှတ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၉၇/ ၂၀၂၀ နှင့် ၁၀၇/ ၂၀၂၀ အမိန့်များကို မလိုက်နာသည့်အတွက် အမှုဖွင့်လိုက်သည်ဟု သံတွဲမြို့မရဲစခန်းမှူး ရဲအုပ် ရဲမင်းစိုးက ပြောသည်။ 

၎င်းတို့ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉/ ၃၀ (က) တို့ဖြင့် အမှုဖွင့်ထားပြီး လက်ရှိတွင် ငပလီရှိ အသွားအလာကန့်သတ်မှု (ကွာရန်တင်း) စင်တာသို့ ပို့ဆောင်ထားကြောင်း ရဲအုပ် ရဲမင်းစိုးက ဆိုသည်။ 

၎င်းလူငယ်များသည် သံတွဲသို့ ပြန်လာမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သတင်းပို့ပြီး ကွာရန်တင်းဝင်ရန်လည်း စီစဉ်ထားခဲ့ကြောင်း ငပလီမြို့ ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

သို့သော်လည်း ရန်ကုန်ရှိ Stay at Home သတ်မှတ်ထားသည့်မြို့နယ်မှ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် မပါဝင်လာခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး ကိုယ့်အိမ်မှာ ပုန်းနေတာလည်း မဟုတ်။ နေ့ခင်း ဝင်လာပြီးတော့ အစစ်အဆေးခံပြီးတော့ ကွာရန်တင်းဝင်မလို့ လာခဲ့တဲ့ အဖွဲ့တွေ” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

အသက် ၂၀ အရွယ် လူငယ် ငါးဦးသည် သင်တန်းတက်ရောက်ရန် ရန်ကုန်သို့ ယခုနှစ် ဇူလိုင်ကတည်း ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ကိုဗစ်နိုင်တင်း တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် မိမိနေအိမ်တွင်သာ နေထိုင်ရန် အမိန့်ထုတ်ပြန်လိုက်သည့်အခါ စားဝတ်နေ‌ရေးအခက်အခဲ ဖြစ်ပေါ်လာသဖြင့် ကားငှားကာ နေရပ်သို့ ပြန်လာခြင်းဖြစ်ကြောင်း အမှုဖွင့်ခံရသူတစ်ဦး၏ ဖခင်က ပြောသည်။ 

“သူတို့က ခိုးဝင်တာမဟုတ်ဘူး။ ကိုယ့်နေရပ်ကို ပြန်ကြတာ။ ရန်ကုန်မှာ ဆိုတာကလည်း အခု အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေက အဆင်မပြေဘူးလေ။ အဲဒါကြောင့် ပြန်လာကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ယခုအမှုဖွင့်ခံရသူများတွင် ဆယ်တန်းအောင်ပြီးစ လူငယ်များနှင့် သင်တန်းတက်ရောက်နေသည့် လူငယ်များ ပါဝင်ကြောင်း၊ အမှုဖွင့်အရေးယူခံရပြီး ထောင်ဒဏ်ကျခံရလျှင် လူငယ်များမှာ စိတ်ဒဏ်ရာရနိုင်သဖြင့် အမှုကို ရုပ်သိမ်းပေးရန် ထိုဖခင်ဖြစ်သူက တောင်းဆိုသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၉ အရ ထုတ်ပြန်သော နည်းဥပဒေများ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) တွင်မူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုထားသည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ၂၄ မနက် ၈ နာရီအထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း အတည်ပြုလူနာ ၇,၈၂၇ ဦးနှင့် သေဆုံးသူ ၁၃၃ ဦးရှိသည်။ 

Show More

Related Articles

Back to top button