ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းပေါင်း ၁၀၀၀ ကျော်တွင် ယခင်အစိုးရများလက်ထက်က ဝန်ကြီးဟောင်း ၃၆ ဦး ပါဝင်ပြီး Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ဝန်ကြီးဟောင်း ၆ ဦးရှိသည်

ဂရပ်ဖစ်ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ဝန်ကြီးဟောင်း ၃၆ ဦးအနက် ကုမ္ပဏီများပိုင်ရှင် ဝန်ကြီးဟောင်း ၆ ဦးပါဝင်လျက်ရှိသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁,၁၂၈ ဦးရှိသည့်အနက် တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၁၉ ဦး၊ ဒုတိယဝန်ကြီး ၁၁ ဦး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၆ ဦး ပါဝင်သည်။ 

ကိုယ်ပိုင်ကုမ္ပဏီများဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝန်ကြီးဟောင်း ၆ ဦးမှာ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီဟောင်း ဒေါက်တာကံဇော်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးလှမင်း၊ စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဦးတင်ဦးလွင် ဖြစ်သည်။ 

အဆိုပါ ကုမ္ပဏီများပိုင်ရှင် ဝန်ကြီးဟောင်း ၆ ဦးအနက် အများစုမှာ တပ်မတော်တွင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုနှင့် ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသော အချက်အလက်များအရ ဝန်ကြီးဟောင်း ၆ ဦးသည် ၎င်းတို့နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီအသီးသီးတွင် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် အရေးပါသော သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့သူ ဦးစိုးသိန်း၏ အမည်ဖြင့် ကုမ္ပဏီများ မတွေ့ရသော်လည်း ၎င်း၏သားသမီးများမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ 

ကုမ္ပဏီလေးခု၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာပွင့်ဆန်း

ယခင်အစိုးရလက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာပွင့်ဆန်းမှာ ကုမ္ပဏီလေးခုတွင် ဒါရိုက်တာအဖြစ် ပါဝင်သည်။ 

ဒေါက်တာပွင့်ဆန်းသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပီဘီဘီအုပ်စုကုမ္ပဏီ (P. P. B -Myanmar Co., Ltd)၊ ၁၉၉၄ တွင် တိုးချဲ့ထူထောင်သည့် စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း ကြယ်ပျံကုမ္ပဏီလီမိတက် (Kyei Pyan Co., Ltd) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

ထို့အပြင် ဒေါက်တာပွင့်ဆန်းသည် စီးပွားကူးသန်း ဒုဝန်ကြီးအဖြစ်တာဝန်ယူထားချိန် ၂၀၁၅ ခုနှစ်တွင် လက်လီလက်ကားလုပ်ငန်းဆောင်ရွက်သည့် ခိုင်ဦးကုမ္ပဏီ (Khaing Oo Co., Ltd) ကို တည်ထောင်ခဲ့သည်။

၂၀၁၉ တွင်  စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း၊ အခြားကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားလုပ်ငန်းများဆောင်ရွက်သည့် Galaxy Glory Co., Ltd ကို ထပ်မံတည်ထောင်ခဲ့သည်။ 

ဒေါက်တာပွင့်ဆန်းသည် ဆေးတက္ကသိုလ် (၂) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး စက္ကူလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။ ယခင်က လှိုင်သာယာစက်မှုဇုန်၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းများတွင်လည်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်းအစိုးရအဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သည်။ 

ဒေါက်တာပွင့်ဆန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ မရမ်းကုန်းမြို့နယ် (၂) ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ 

စိုက်ပျိုးနှင့်မွေးမြူလုပ်ငန်းများပိုင်ရှင် လယ်ဆည်ဝန်ကြီးဟောင်း

တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ဆည်ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။ 

ဦးမြင့်လှိုင်သည် ၂၀၁၁ မှ ၂၀၁၆ အထိ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ လယ်ဆည်ဝန်ကြီးမဖြစ်မီကတည်းပင် ဦးမြင့်လှိုင်က ဇက်ပီအေ (ခေါ် ) ဇေယျာပရီမီယာစိုက်ပျိုးရေးကုမ္ပဏီ (Zeyar Premier Agriculture- ZPA Co., Ltd) ကို ထူထောင်ထားသည်။ ၎င်းသည် ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ၇ ဦးအနက် တစ်ဦးဖြစ်သည်။

ဦးမြင့်လှိုင်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်စဉ်ကတည်းက ဆင်းရတနာ၊ ဆင်းရွှေလီစသည့် စပါးမျိုးစိတ်များ စမ်းသပ်စိုက်ပျိုးရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် လေကြောင်းရန်ကာကွယ်ရေး ညွှန်ကြားရေးမှူးဖြစ်ချိန်တွင် နေပြည်တော်ပင်လောင်းလမ်းဆုံအနီးတွင် အဆိုပါစပါးမျိုးစိတ်များ အကြီးအကျယ်စိုက်ပျိုးခြင်းကို ဦးဆောင်ခဲ့သည်။ 

ဦးမြင့်လှိုင်၏ ဇက်ပီအေကုမ္ပဏီလီမိတက်ကို ၂၀၀၈ စက်တင်ဘာလတွင် မှတ်ပုံတင်ခဲ့ပြီး သီးနှံနှင့် တိရစ္ဆာန်ပစ္စည်းထုတ်လုပ်ခြင်း၊ အခြားသတ္တုနှင့် ကျောက်တူးဖော်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း၊ သတ္ထုမဟုတ်သော အခြားတွင်းထွက်ပစ္စည်းထုတ်လုပ်ခြင်း၊ အဖျော်ယမကာရောင်းချခြင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်သက်သော လုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။

ဦးမြင့်လှိုင်သည် လယ်ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓနုဖြူမြို့နယ်တွင် လယ်သမားများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးစရိတ်ချေးငွေ ကျေပွန်စွာဆပ်ရန်၊ မဆပ်နိုင်ပါက ထမင်းတစ်နပ်လျှော့စားရန် ပြောဆိုခဲ့မှုကြောင့် 'တစ်နပ်စား မြင့်လှိုင်' ဟု ခေါ်ဝေါ်သမုတ်ခံခဲ့ရသူဖြစ်သည်။ 

ထို့အပြင် ရွေးကောက်ခံလွှတ်တော်အမတ်များသည် စာမတတ်၊ ပေမတတ်များဖြစ်သည်ဟု သတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဦးမြင့်လှိုင်က ပြောဆိုခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တုံ့ပြန်ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ 

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဦးမြိင့်လှိုင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းကို ရှုံးနိမ့်ခဲ့သည်။ 

ဦးမြင့်လှိုင်သည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲဆန္ဒနယ်မှပင် ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဂျာနယ်တိုက်ပိုင်ရှင်၏ဖခင် သမ္မတရုံးဝန်ကြီးဟောင်း

တပ်မတော် (ရေ) ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီးဖြစ်သည့် ဦးစိုးသိန်းသည် ၎င်း၏ အမည်ဖြင့် ကုမ္ပဏီထူထောင်ထားခြင်း မတွေ့ရသော်လည်း ၎င်း၏သားဖြစ်သူ ဦးအေးချမ်းမှာ ကုမ္ပဏီသုံးခု၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ 

ဦးအေးချမ်းသည် အင်္ဂလိပ်ဘာသာဖြင့် လစဉ်ထုတ်ဝေသည့် စီးပွားရေးအထူးပြုဂျာနယ် Myanmar Insider Journal တည်ထောင်သူနှင့် ပိုင်ရှင်တစ်ဦးဖြစ်ပြီး IMA Group တွင် အထွေထွေမန်နေဂျာတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် rgo47 အွန်လိုင်းစျေးဝယ်လုပ်ငန်းတွင် အမှုဆောင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ဦးအေးချမ်းသည် မြန်မာနိုင်ငံ E-commerce အသင်း၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်သည်။

Myanmar Insider Journal တွင် အယ်ဒီတာချုပ်တစ်ဦး၊ အကြီးတန်းအယ်ဒီတာတစ်ဦးနှင့် သတင်းခန်းနှင့် အခြားဌာနများမှ ဝန်ထမ်းပေါင်း ၁၄ ဦးခန့်ရှိကြောင်း အဆိုပါဂျာနယ်၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ IMA Group ၏ စီးပွားရေးလုပ်ငန်း အသေးစိတ်အချက်အလက်ကိုမူ Myanmar Now က မသိရှိရပါ။ 

Rgo47 အွန်လိုင်းစျေးဝယ်လုပ်ငန်းသည် အဝတ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ ရောင်းချသည်။

ယင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်အစောပိုင်းတွင် RGO အွန်လိုင်းဖက်ရှင်လုပ်ငန်းအမည်ဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လက်ရှိအမည်ကို ပြောင်းလဲခဲ့သည်။ အဆိုပါလုပ်ငန်းကို တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီလီမိတက် (Royal Golden Owls Co., Ltd) က ပိုင်ဆိုင်ထားသည်။ 

DICA ၏ အချက်အလက်များအရ တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များတွင် ဒေါ်ဝင်းနန္ဒာသိုက်၊ ဂျပန်နိုင်ငံသား မစ္စတာ Hajime Hasegawa နှင့် အိန္ဒိယနိုင်ငံသား မစ္စတာ Kshitij Chaudhary ဟု တွေ့ရသည်။ 

ဦးအေးချမ်းသည် ထိုကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးအဖြစ် မပါဝင်သော်လည်း နည်းဗျူဟာအရာရှိချုပ် (Chief Strategic Officer) တစ်ဦးဖြစ်ကြောင်း rgo47 လုပ်ငန်း၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီလီမိတက်ကို ၂၀၁၂ တွင် စတင်သန္ဓေတည်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း )တွင် လာဘ်ကောင်ရွှေဇီးကွက်နှင့် လက်ဆောင်ပစ္စည်းပံ့ပိုးသူအဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့်ကုမ္ပဏီဖြစ်သည်။ 

ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား ဦးအေးချမ်းပါဝင်ပတ်သက်နေသော တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီတွင် ဂျပန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သည့် Daiwa Securities Group ၏ လက်အောက်ခံ Daiwa Pi Partner (DPI) ကလည်း အစုရှယ်ယာများရင်းနှီးမြှုပ်နှံထားသည်။ 

Daiwa Securities Group သည် ကျပ်ငွေ ၃၁ ဘီလျံ ထည့်ဝင်ထူထောင်ထားသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ဝန်ကြီးဟောင်း ဦးစိုးသိန်း၏ သမီးတစ်ဦးဖြစ်သည့် ‌ဒေါ်သီတာအေးသည် စင်္ကာပူနိုင်ငံ Dymon Asia Pte ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပြီး၊ နောက်သမီးတစ်ဦးဖြစ်သူ ဒေါ်ရည်မွန်အေးဆိုသူမှာ အမေရိကန်ပြည်ထောင်စု ကော်နဲတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်ကြောင်း  အမျိုးသားလွှတ်တော်မှတ်တမ်းများတွင် ဖော်ပြထားသည့် လွှတ်တော်ကိုယ်စာလှယ် ဦးစိုးသိန်း၏ ကိုယ်ရေးအချက်အလက်များအရ သိရသည်။

ဦးစိုးသိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အရေးပါသော သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဦးစိုးသိန်းက ဥက္ကဌအဖြစ်တာဝန်ယူကာ မြန်မာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA)ကို ဦးဆောင်တည်ထောင်ခဲ့သည်။ 

ဦးစိုးသိန်းဦးဆောင်ခဲ့သည့် အဆိုပါအစိုးရအေဂျင်စီက ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံပိုင် စက်ရုံနှင့် ခြံမြေကွက်ပေါင်း ၆၀ နီးပါးကို ဦးစီးရယူဆောင်ရွက်ခဲ့သည်။ ဦးစိုးသိန်းဦးဆောင်ခဲ့သည့် MICA ၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လက်ရှိအစိုးရလက်ထက်တွင် အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက စစ်ဆေးခဲ့ရာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့် MICA ဖျက်သိမ်းရန် လွှတ်တော်က သဘောတူခဲ့သည်။ 

ဦးစိုးသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉) တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။  

၂၀၂၀ ရွေးကောက်ပွဲတွင် ဦးစိုးသိန်းက ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ကယားပြည်နယ်မှပင် ဘော်လခဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

လက်လီလက်ကားကုမ္ပဏီအကြီးအကဲ စီမံစီးပွားဝန်ကြီးဟောင်း 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာကံဇော်သည် လက်လီ၊ လက်ကားရောင်းချသည့်လုပ်ငန်း ခိုင်းဒါကုမ္ပဏီလီမိတက်(Khineder Company Limited )ကို ၂၀၁၆ ဒီဇင်ဘာတွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့ကြောင်း DICA ၏ အချက်အလက်များအရ သိရသည်။ 

အဆိုပါကုမ္ပဏီမှာ ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရုံးခန်းတည်ရှိသည်ဟု DICA တွင်ဖော်ပြထားပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ငါးဦးအနက် ဒေါက်တာကံဇော်လည်း ပါဝင်လျက်ရှိသည်။ 

စီမံစီးပွားဝန်ကြီးဟောင်း ဒေါက်တာကံဇော်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၂ အထိ ဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး၂၀၁၂ မှ ၂၀၁၆ အထိ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ယခုရွေးကောက်ပွဲတွင် မကွေးတိုင်း စလင်းမြို့နယ်၌ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအကြီးအကဲ ကာကွယ်ရေးဝန်ကြီးဟောင်း 

ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးလှမင်းသည်လည်း ကုမ္ပဏီပိုင်ဆိုင်သည့် ဝန်ကြီးဟောင်း ၆ ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၂ အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ 

ဦးလှမင်းသည် ထက်မြက်သောစွမ်းအား အပြည်ပြည်ဆိုင်ရာကုမ္ပဏီ (Smart Power International) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၆ တွင် မှတ်ပုံတင်ထားပြီး အာမခံနှင့် ပင်စင်ရန်ပုံငွေမဟုတ်သည့် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြောင်း DICA ၏ အချက်အလက်များတွင်တွေ့ရသည်။ 

ဦးလှမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။ 

၂၀၁၈ မေလ တွင် တည်ထောင်ခဲ့သည့် ဂွတ်ဂိုးဆန်းလိုက်ကုမ္ပဏီ (Good Gold Sunlight Co., Ltd) တွင်လည်း ဝန်ကြီးဟောင်း ဦးလှမင်းသည် ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း DICA ၏ အချက်အလက်များတွင် တွေ့ရသည်။

ဆောက်လုပ်ရေးကုမ္ပဏီများပိုင်ရှင် ပါမောက္ခချုပ်ဟောင်း

နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ ပါမောက္ခချုပ်ဟောင်း ဦးစိုးတင့်သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးစိုးတင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ဧရာဝတီတိုင်းလွှတ်တော် မြန်အောင်မဲဆန္ဒနယ် (၁) တွင် ရွေးကောက်ခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ဦးစိုးတင့်သည် ဂရင်းဟော့စ် (Green Haus Co., Ltd) ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်လေးဦးအနက် တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၄ တွင် ယင်းဆောက်လုပ်ရေးကုမ္ပဏီကို စတင်မှတ်ပုံတင်ခဲ့ကြောင်း DICA ၏ အချက်အလက်များအရ တွေ့ရသည်။ 

အခြားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Soe United Company Limited တွင်လည်း ဦးစိုးတင့်ကို ဒါရိုက်တာတစ်ဦးအဖြစ် တွေ့ရှိရသည်။ 

၂၀၁၈ အောက်တိုဘာတွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့သည့် Soe United ဆောက်လုပ်ရေးလုပ်ငန်းသည် အဆောက်အအုံများတည်ဆောက်ခြင်း၊ အင်ဂျင်နီယာလုပ်ငန်းနှင့် လက်လီလက်ကားလုပ်ငန်းများ လုပ်ကိုင်ကြောင်း DICA ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

(မူလသတင်းတွင် ပါမောက္ခချုပ်ဟောင်း ဦးစိုးတင့်ကို ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း ဦးစိုးတင့်နှင့် မှားယွင်းဖော်ပြခဲ့သဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်)

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading