စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါးရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ဝန်ကြီးဟောင်း ၃၆ ဦးအနက် ကုမ္ပဏီများပိုင်ရှင် ဝန်ကြီးဟောင်း ၆ ဦးပါဝင်လျက်ရှိသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁,၁၂၈ ဦးရှိသည့်အနက် တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၁၉ ဦး၊ ဒုတိယဝန်ကြီး ၁၁ ဦး၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၆ ဦး ပါဝင်သည်။ 

ကိုယ်ပိုင်ကုမ္ပဏီများဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝန်ကြီးဟောင်း ၆ ဦးမှာ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးလှမင်း၊ စီးပွားကူးသန်း ဒုဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ဦးတင်ဦးလွင် ဖြစ်သည်။ 

အဆိုပါ ကုမ္ပဏီများပိုင်ရှင် ဝန်ကြီးဟောင်း ၆ ဦးအနက် အများစုမှာ တပ်မတော်တွင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသော အချက်အလက်များအရ ဝန်ကြီးဟောင်း ၆ ဦးသည် ၎င်းတို့နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီအသီးသီးတွင် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် အရေးပါသော သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့သူ ဦးစိုးသိန်း၏ အမည်ဖြင့် ကုမ္ပဏီများ မတွေ့ရသော်လည်း ၎င်း၏သားသမီးများမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ 

ကုမ္ပဏီလေးခု၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာပွင့်ဆန်း

ယခင်အစိုးရလက်ထက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာပွင့်ဆန်းမှာ ကုမ္ပဏီလေးခုတွင် ဒါရိုက်တာအဖြစ် ပါဝင်သည်။ 

ဒေါက်တာပွင့်ဆန်းသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပီဘီဘီအုပ်စုကုမ္ပဏီ (P. P. B -Myanmar Co., Ltd)၊ ၁၉၉၄ တွင် တိုးချဲ့ထူထောင်သည့် စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း ကြယ်ပျံကုမ္ပဏီလီမိတက် (Kyei Pyan Co., Ltd) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

ထို့အပြင် ဒေါက်တာပွင့်ဆန်းသည် စီးပွားကူးသန်း ဒုဝန်ကြီးအဖြစ်တာဝန်ယူထားချိန် ၂၀၁၅ ခုနှစ်တွင် လက်လီလက်ကားလုပ်ငန်းဆောင်ရွက်သည့် ခိုင်ဦးကုမ္ပဏီ (Khaing Oo Co., Ltd) ကို တည်ထောင်ခဲ့သည်။

၂၀၁၉ တွင်  စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း၊ အခြားကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားလုပ်ငန်းများဆောင်ရွက်သည့် Galaxy Glory Co., Ltd ကို ထပ်မံတည်ထောင်ခဲ့သည်။ 

ဒေါက်တာပွင့်ဆန်းသည် ဆေးတက္ကသိုလ် (၂) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး စက္ကူလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။ ယခင်က လှိုင်သာယာစက်မှုဇုန်၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းများတွင်လည်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။ ထို့နောက် ဦးသိန်းစိန်းအစိုးရအဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သည်။ 

ဒေါက်တာပွင့်ဆန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ မရမ်းကုန်းမြို့နယ် (၂) ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ပြိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ 

စိုက်ပျိုးနှင့်မွေးမြူလုပ်ငန်းများပိုင်ရှင် လယ်ဆည်ဝန်ကြီးဟောင်း

တပ်မတော်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်ဆည်ဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။ 

ဦးမြင့်လှိုင်သည် ၂၀၁၁ မှ ၂၀၁၆ အထိ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ လယ်ဆည်ဝန်ကြီးမဖြစ်မီကတည်းပင် ဦးမြင့်လှိုင်က ဇက်ပီအေ (ခေါ် ) ဇေယျာပရီမီယာစိုက်ပျိုးရေးကုမ္ပဏီ (Zeyar Premier Agriculture- ZPA Co., Ltd) ကို ထူထောင်ထားသည်။ ၎င်းသည် ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ၇ ဦးအနက် တစ်ဦးဖြစ်သည်။

ဦးမြင့်လှိုင်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်စဉ်ကတည်းက ဆင်းရတနာ၊ ဆင်းရွှေလီစသည့် စပါးမျိုးစိတ်များ စမ်းသပ်စိုက်ပျိုးရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် လေကြောင်းရန်ကာကွယ်ရေး ညွှန်ကြားရေးမှူးဖြစ်ချိန်တွင် နေပြည်တော်ပင်လောင်းလမ်းဆုံအနီးတွင် အဆိုပါစပါးမျိုးစိတ်များ အကြီးအကျယ်စိုက်ပျိုးခြင်းကို ဦးဆောင်ခဲ့သည်။ 

ဦးမြင့်လှိုင်၏ ဇက်ပီအေကုမ္ပဏီလီမိတက်ကို ၂၀၀၈ စက်တင်ဘာလတွင် မှတ်ပုံတင်ခဲ့ပြီး သီးနှံနှင့် တိရစ္ဆာန်ပစ္စည်းထုတ်လုပ်ခြင်း၊ အခြားသတ္တုနှင့် ကျောက်တူးဖော်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း၊ သတ္တုမဟုတ်သော အခြားတွင်းထွက်ပစ္စည်းထုတ်လုပ်ခြင်း၊ အဖျော်ယမကာရောင်းချခြင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်သက်သော လုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။

ဦးမြင့်လှိုင်သည် လယ်ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓနုဖြူမြို့နယ်တွင် လယ်သမားများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးစရိတ်ချေးငွေ ကျေပွန်စွာဆပ်ရန်၊ မဆပ်နိုင်ပါက ထမင်းတစ်နပ်လျှော့စားရန် ပြောဆိုခဲ့မှုကြောင့် ‘တစ်နပ်စား မြင့်လှိုင်’ ဟု ခေါ်ဝေါ်သမုတ်ခံခဲ့ရသူဖြစ်သည်။ 

ထို့အပြင် ရွေးကောက်ခံလွှတ်တော်အမတ်များသည် စာမတတ်၊ ပေမတတ်များဖြစ်သည်ဟု သတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဦးမြင့်လှိုင်က ပြောဆိုခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တုံ့ပြန်ဝေဖန်ခံခဲ့ရသူလည်း ဖြစ်သည်။ 

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဦးမြိင့်လှိုင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းကို ရှုံးနိမ့်ခဲ့သည်။ 

ဦးမြင့်လှိုင်သည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲဆန္ဒနယ်မှပင် ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဂျာနယ်တိုက်ပိုင်ရှင်၏ဖခင် သမ္မတရုံးဝန်ကြီးဟောင်း

တပ်မတော် (ရေ) ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီးဖြစ်သည့် ဦးစိုးသိန်းသည် ၎င်း၏ အမည်ဖြင့် ကုမ္ပဏီထူထောင်ထားခြင်း မတွေ့ရသော်လည်း ၎င်း၏သားဖြစ်သူ ဦးအေးချမ်းမှာ ကုမ္ပဏီသုံးခု၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ 

ဦးအေးချမ်းသည် အင်္ဂလိပ်ဘာသာဖြင့် လစဉ်ထုတ်ဝေသည့် စီးပွားရေးအထူးပြုဂျာနယ် Myanmar Insider Journal တည်ထောင်သူနှင့် ပိုင်ရှင်တစ်ဦးဖြစ်ပြီး IMA Group တွင် အထွေထွေမန်နေဂျာတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် rgo47 အွန်လိုင်းစျေးဝယ်လုပ်ငန်းတွင် အမှုဆောင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ဦးအေးချမ်းသည် မြန်မာနိုင်ငံ E-commerce အသင်း၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်သည်။

Myanmar Insider Journal တွင် အယ်ဒီတာချုပ်တစ်ဦး၊ အကြီးတန်းအယ်ဒီတာတစ်ဦးနှင့် သတင်းခန်းနှင့် အခြားဌာနများမှ ဝန်ထမ်းပေါင်း ၁၄ ဦးခန့်ရှိကြောင်း အဆိုပါဂျာနယ်၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ IMA Group ၏ စီးပွားရေးလုပ်ငန်း အသေးစိတ်အချက်အလက်ကိုမူ Myanmar Now က မသိရှိရပါ။ 

Rgo47 အွန်လိုင်းစျေးဝယ်လုပ်ငန်းသည် အဝတ်အထည်၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ ရောင်းချသည်။

ယင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်အစောပိုင်းတွင် RGO အွန်လိုင်းဖက်ရှင်လုပ်ငန်းအမည်ဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လက်ရှိအမည်ကို ပြောင်းလဲခဲ့သည်။ အဆိုပါလုပ်ငန်းကို တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီလီမိတက် (Royal Golden Owls Co., Ltd) က ပိုင်ဆိုင်ထားသည်။ 

DICA ၏ အချက်အလက်များအရ တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များတွင် ဒေါ်ဝင်းနန္ဒာသိုက်၊ ဂျပန်နိုင်ငံသား မစ္စတာ Hajime Hasegawa နှင့် အိန္ဒိယနိုင်ငံသား မစ္စတာ Kshitij Chaudhary ဟု တွေ့ရသည်။ 

ဦးအေးချမ်းသည် ထိုကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးအဖြစ် မပါဝင်သော်လည်း နည်းဗျူဟာအရာရှိချုပ် (Chief Strategic Officer) တစ်ဦးဖြစ်ကြောင်း rgo47 လုပ်ငန်း၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီလီမိတက်ကို ၂၀၁၂ တွင် စတင်သန္ဓေတည်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း )တွင် လာဘ်ကောင်ရွှေဇီးကွက်နှင့် လက်ဆောင်ပစ္စည်းပံ့ပိုးသူအဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့်ကုမ္ပဏီဖြစ်သည်။ 

ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား ဦးအေးချမ်းပါဝင်ပတ်သက်နေသော တော်ဝင်ရွှေဇီးကွက်များကုမ္ပဏီတွင် ဂျပန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သည့် Daiwa Securities Group ၏ လက်အောက်ခံ Daiwa Pi Partner (DPI) ကလည်း အစုရှယ်ယာများရင်းနှီးမြှုပ်နှံထားသည်။ 

Daiwa Securities Group သည် ကျပ်ငွေ ၃၁ ဘီလျံ ထည့်ဝင်ထူထောင်ထားသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ဝန်ကြီးဟောင်း ဦးစိုးသိန်း၏ သမီးတစ်ဦးဖြစ်သည့် ‌ဒေါ်သီတာအေးသည် စင်ကာပူနိုင်ငံ Dymon Asia Pte ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပြီး၊ နောက်သမီးတစ်ဦးဖြစ်သူ ဒေါ်ရည်မွန်အေးဆိုသူမှာ အမေရိကန်ပြည်ထောင်စု ကော်နဲတက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်ကြောင်း  အမျိုးသားလွှတ်တော်မှတ်တမ်းများတွင် ဖော်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း၏ ကိုယ်ရေးအချက်အလက်များအရ သိရသည်။

ဦးစိုးသိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အရေးပါသော သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ မြန်မာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA)ကို ဦးဆောင်တည်ထောင်ခဲ့သည်။ 

ဦးစိုးသိန်းဦးဆောင်ခဲ့သည့် အဆိုပါအစိုးရအေဂျင်စီက ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံပိုင် စက်ရုံနှင့် ခြံမြေကွက်ပေါင်း ၆၀ နီးပါးကို ဦးစီးရယူဆောင်ရွက်ခဲ့သည်။ ဦးစိုးသိန်းဦးဆောင်ခဲ့သည့် MICA ၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လက်ရှိအစိုးရလက်ထက်တွင် အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက စစ်ဆေးခဲ့ရာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့် MICA ဖျက်သိမ်းရန် လွှတ်တော်က သဘောတူခဲ့သည်။ 

ဦးစိုးသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉) တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။  

၂၀၂၀ ရွေးကောက်ပွဲတွင် ဦးစိုးသိန်းက ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ကယားပြည်နယ်မှပင် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

လက်လီလက်ကားကုမ္ပဏီအကြီးအကဲ စီမံစီးပွားဝန်ကြီးဟောင်း 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာကံဇော်သည် လက်လီ၊ လက်ကားရောင်းချသည့်လုပ်ငန်း ခိုင်းဒါကုမ္ပဏီလီမိတက်(Khineder Company Limited )ကို ၂၀၁၆ ဒီဇင်ဘာတွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့ကြောင်း DICA ၏ အချက်အလက်များအရ သိရသည်။ 

အဆိုပါကုမ္ပဏီမှာ ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရုံးခန်းတည်ရှိသည်ဟု DICA တွင်ဖော်ပြထားပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ငါးဦးအနက် ဒေါက်တာကံဇော်လည်း ပါဝင်လျက်ရှိသည်။ 

စီမံစီးပွားဝန်ကြီးဟောင်း ဒေါက်တာကံဇော်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၂ အထိ ဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပြီး၂၀၁၂ မှ ၂၀၁၆ အထိ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ယခုရွေးကောက်ပွဲတွင် မကွေးတိုင်း စလင်းမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအကြီးအကဲ ကာကွယ်ရေးဝန်ကြီးဟောင်း 

ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးလှမင်းသည်လည်း ကုမ္ပဏီပိုင်ဆိုင်သည့် ဝန်ကြီးဟောင်း ၆ ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၂ အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ 

ဦးလှမင်းသည် ထက်မြက်သောစွမ်းအား အပြည်ပြည်ဆိုင်ရာကုမ္ပဏီ (Smart Power International) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၆ တွင် မှတ်ပုံတင်ထားပြီး အာမခံနှင့် ပင်စင်ရန်ပုံငွေမဟုတ်သည့် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြောင်း DICA ၏ အချက်အလက်များတွင်တွေ့ရသည်။ 

ဦးလှမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။ 

၂၀၁၈ မေလ တွင် တည်ထောင်ခဲ့သည့် ဂွတ်ဂိုးဆန်းလိုက်ကုမ္ပဏီ (Good Gold Sunlight Co., Ltd) တွင်လည်း ဝန်ကြီးဟောင်း ဦးလှမင်းသည် ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း DICA ၏ အချက်အလက်များတွင် တွေ့ရသည်။

ဆောက်လုပ်ရေးကုမ္ပဏီများပိုင်ရှင် ပါမောက္ခချုပ်ဟောင်း

နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ ပါမောက္ခချုပ်ဟောင်း ဦးစိုးတင့်သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးစိုးတင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ဧရာဝတီတိုင်းလွှတ်တော် မြန်အောင်မဲဆန္ဒနယ် (၁) တွင် ရွေးကောက်ခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ဦးစိုးတင့်သည် ဂရင်းဟော့စ် (Green Haus Co., Ltd) ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်လေးဦးအနက် တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၄ တွင် ယင်းဆောက်လုပ်ရေးကုမ္ပဏီကို စတင်မှတ်ပုံတင်ခဲ့ကြောင်း DICA ၏ အချက်အလက်များအရ တွေ့ရသည်။ 

အခြားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Soe United Company Limited တွင်လည်း ဦးစိုးတင့်ကို ဒါရိုက်တာတစ်ဦးအဖြစ် တွေ့ရှိရသည်။ 

၂၀၁၈ အောက်တိုဘာတွင် ကုမ္ပဏီမှတ်ပုံတင်ခဲ့သည့် Soe United ဆောက်လုပ်ရေးလုပ်ငန်းသည် အဆောက်အအုံများတည်ဆောက်ခြင်း၊ အင်ဂျင်နီယာလုပ်ငန်းနှင့် လက်လီလက်ကားလုပ်ငန်းများ လုပ်ကိုင်ကြောင်း DICA ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

(မူလသတင်းတွင် ပါမောက္ခချုပ်ဟောင်း ဦးစိုးတင့်ကို ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း ဦးစိုးတင့်နှင့် မှားယွင်းဖော်ပြခဲ့သဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်)

Show More

Related Articles

Back to top button