၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ပြိုင်မည့် နှင်းဆီပါတီ၏ ဥက္ကဌမှာ နာမည်ကျော်သော်လည်း လူသိမများလှသူ မျက်နှာဖုံးများပိုင်ရှင်ဖြစ်သည် 

ထောင်ပြေးတစ်ဦးအဖြစ် ပြည်ပတွင် နှစ်ပေါင်းများစွာနေထိုင်ပြီးနောက် နိုင်ငံရေးပါတီ ဥက္ကဌဖြစ်လာသူ ဦးကျော်မြင့်။ (သရုပ်ဖော်ပုံ - မိုးထက်လျှမ်း/ Myanmar Now)

ရန်ကုန်တစ်ဖက်ကမ်း လှိုင်မြစ်နံဘေးရှိ ပန်းလှိုင်အိမ်ရာတွင် လျှို့ဝှက်သိပ်သည်းစွာဖြင့် ခမ်းခမ်းနားနား နေထိုင်သူတစ်ဦးရှိသည်။ ထိုသူသည် အပြင်ထွက်သည့်အခါ (သို့မဟုတ်) ခရီးသွားသည့်အခါ သိန်းထောင်ချီ တန်သော လက်ဇက် (Lexus) ကားကိုစီးကာ နောက်ပါအခြွေအရံယာဉ်တန်းဖြင့် သွားလေ့ရှိသည်။ 

ထိုသူအတွက် အလုပ်လုပ်ပေးနေသည့် ကိုယ်ရေးအရာရှိများနှင့် လုံခြုံရေးကိစ္စတာဝန်ယူထားသူ အများစုသည် အငြိမ်းစားတပ်မတော်အရှိများ ဖြစ်ကြသည်။ တပ်မတော်အရာရှိဟောင်းများကို သိန်းဆယ်ချီပေးကာ ဝန်ထမ်းအဖြစ် ခန့်အပ်ထားသော်လည်း မထင်ရင်မထင်သလို အလုပ်ဖြုတ်ပစ်လေ့ရှိသူဖြစ်သည်။ 

လျှို့ဝှက်နက်နဲလွန်းသူဖြစ်ရကား ထိုသူ၏အကြောင်း အပြည့်အစုံသိသူ ရှားလှသည်။ ထိုသူမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးလောက၊ စီးပွားရေးလောကနှင့် အခြားမည်သည့်နယ်ပယ်တွင်မျှ ထင်ထင်ရှားရှား ကျင်လည်နေခြင်းမရှိသော်လည်း ထိုနယ်ပယ်အားလုံးနှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိနေသည်။  

ထိုသူမှာ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူဖြစ်သည်။ တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များအကြား ပေါက်ဖွားလာခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ကျင်လည်ကျက်စားခဲ့ဖူးသူဖြစ်သည်။ သူ၏ ကချင်အမည်မှာ ဇခုန်ဇုန်းဆောင်ဖြစ်သည်။ 

ဦးကျော်မြင့်သည် ငွေကြေးမသမာမှုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသော်လည်း လျှပ်တပြတ်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ကနေဒါနိုင်ငံ၌ နှစ်ပေါင်းများစွာ နေထိုင်ရင်း စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီမှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖြစ်သည်ကို လူအများစုသိထားကြသော်လည်း NLD ပါတီ၏နောက်တွင် ဒုတိယမဲဆန္ဒနယ်အများဆုံးဝင်ပြိုင်မည့် နိုင်ငံရေးပါတီကိုမူ လူအများစု သတိမထားမိကြပေ။ 

NLD ၏ အဓိကပြိုင်ဘက်အနေဖြင့် အင်အားအကြီးဆုံးနိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို လူအများစု ပြေးမြင်ကြမည်ဖြစ်သည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီထက် မဲဆန္ဒနယ်အများဆုံး ဝင်ပြိုင်မည့် NLD မဟုတ်သော အခြားပါတီတစ်ခုရှိနေသည်။ 

ထိုပါတီမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) ဖြစ်သည်။ နှင်းဆီပွင့်ပုံ ပါတီတံဆိပ်အသုံးပြုသောကြောင့် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြသည်။ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ထိုနှင်းဆီပါတီ၏ ဥက္ကဌဖြစ်သည်။ 

နှင်းဆီပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ဖက်စွန်းရှိ ဆွမ်ပရာဘွမ်မြို့နယ်၊ အရှေ့ဖျားရှိ လောက်ကိုင်မြို့နယ်၊ အနောက်ဖက်စွန်းရှိ မောင်တောမြို့နယ်နှင့် တောင်ဘက်စွန်းရှိကော့သောင်းမြို့နယ် စသည့် အစွန်အဖျားဒေသများအထိ ရွေးကောက်ပွဲကျင်းပရာ မြို့နယ်တိုင်းနီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ထိုသို့မြောက်များလှစွာသော မဲဆန္ဒနယ်များတွင် ဝင်ပြိုင်မည်ဖြစ်သော်လည်း နှင်းဆီပါတီ၏ ကိုယ်စားလှယ်များတွင် လူသိထင်ရှားနိုင်ငံရေးသမား တစ်ဦးတလေမျှ ပါဝင်ခြင်းမရှိပေ။ ပါတီဥက္ကဌ ဦးကျော်မြင့်သည်လည်း ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားတစ်ဦး မဟုတ်ပေ။ သာမန်ပြည်သူများမဆိုထားဘိ နိုင်ငံရေးအသိုင်းအဝိုင်းမှ လူများပင်လျှင် နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်အကြောင်း သိရှိသူနည်းလှသည်။ 

ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူမှာ ထိုမျှ လျှို့ဝှက်သိပ်သည်းလွန်းသူဖြစ်ပြီး ပဟေဠိဆန်သော သူ့ဘဝဇာတ်ကြောင်းများတွင် အငြင်းပွားဖွယ်ရာများလည်း ပြည့်နှက်နေသည်။ 

တကယ်တော့ ဦးကျော်မြင့်သည် ထောင်ပြေးတစ်ဦးအဖြစ်မှ နိုင်ငံရေးပါတီဥက္ကဌအဖြစ် အသွင်ပြောင်းလာသူ စီးပွားရေးသမားတစ်ဦးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရာမှ နိုင်ငံရေးပါတီဥက္ကဌဖြစ်လာသူနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များစွာရှိနေသည်။ 

ယနေ့အချိန်ထိ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်မှာ ပေါ်ပေါ်ထင်ထင် လူလုံးထွက်ပြခြင်း မရှိသေးပေ။ 
 

သတင်းများကပြောသော နာမည်များစွာနှင့်လူ 

‌အနောက်တိုင်းသတင်းစာတိုက်များထံ ပေးပို့ခဲ့သော စာများနှင့် ၎င်း၏နာမည်ဖြင့် ပြုလုပ်ထားသော အင်တာနက်ဘလော့စာမျက်နှာတွင် ဦးကျော်မြင့်က သူ့အကြောင်း တစ်စိတ်တစ်ဒေသကို ရှင်းလင်းတင်ပြထားသည်။ 

သူသည် အသက် ၁၆ နှစ်အရွယ်ဖြစ်သည့် ၁၉၆၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သဘောတရားများကို သဘောမကျသောကြောင့် ရှမ်းပြည်နယ် မုန်းကိုးဒေသရှိ ၁၀၁ ဗကပတပ်ရင်းတွင် စစ်ဗျူဟာမှူးအဖြစ် ထမ်းဆောင်စဉ် ကွန်မြူနစ်ပါတီကို တော်လှန်ပုန်ကန်ခဲ့ကာ ၁၉၈၈ ခုနှစ်တွင် တပ်မတော်ထံ လက်နက်ချပြီး ငြိမ်းချမ်းရေးယူခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် တပ်မတော်နှင့် 'ဝ' တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ငြိမ်းချမ်းရေးယူရန် ဦးဆောင်ဦးရွက်ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း ဦးကျော်မြင့်က ရေးသားထားသည်။  

မြန်မာ့နိုင်ငံရေး၊ လက်နက်ကိုင်ပုန်ကန်မှုများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများအကြောင်း သမိုင်းစာအုပ်များ ရေးသားခဲ့သူ နာမည်ကျော် ဆွီဒင်လူမျိုးသတင်းစာဆရာ Bertil Lintner ၏ ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ဝေခဲ့သည် ‘Blood Brothers’ စာအုပ်တွင် ဦးကျော်မြင့်အကြောင်း အနည်းငယ်ဖော်ပြထားသည်။ 

'ဝ' လက်နက်ကိုင်တပ်ဖွဲ့သည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ တရားဝင်ထူထောင်လုပ်ကိုင်ခဲ့သည်။ 'ဝ' တပ်ဖွဲ့ထူထောင်ခဲ့သော ကုမ္ပဏီများအနက် မြန်မာကျုံယွမ်ကုမ္ပဏီလည်းပါဝင်ပြီး ငွေကြေးခဝါချရန် 'ဝ' တပ်ဖွဲ့က ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။ ထိုမြန်မာကျုံယွမ်ကုမ္ပဏီ၏ ဥက္ကဌမှာ 'ဝ' တပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံ ဦးကျော်မြင့် (ခ) Michael Hu Hwa ဖြစ်ကြောင်း Bertil Lintner ၏စာအုပ်တွင် ဖော်ပြထားသည်။ 

မြန်မာကျုံယွမ်ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တွင်သာမက ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ရုံးခွဲများဖွင့်လှစ်ခဲ့ကြောင်း၊ ဦးဆောင်သူ တရုတ်လူမျိုး ဝတပ်ဖွဲ့မှ ဗိုလ်မှူးကြီးကျော်မြင့်၏ စီမံအုပ်ချုပ်ပုံမှာ တောတွင်းလက်နက်ကိုင်အဖွဲ့တစ်ခု၏ စီမံအုပ်ချုပ်မှုမျိုးဖြစ်ကြောင်း ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ဝေသည့် Asia Week မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ 

စကားပြောမောက်မာပြီး ဒေါသကြီးသူ၊ ပေါက်ကွဲလွယ်တတ်သူ ထိုဝတပ်ဖွဲ့ဗိုလ်မှူးကြီးသည် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ ၎င်း၏ကုမ္ပဏီရုံးချုပ်သို့ အစည်းအဝေးလာတက်သည့်အခါ ပစ်စတိုသေနတ်ချိတ်ထားသည့် ကိုယ်ရံတော်များဖြင့် ရောက်လာလေ့ရှိသူဖြစ်ကြောင်း၊ ၎င်း၏ကုမ္ပဏီက အတိုးနှုန်း ၇ ရာခိုင်နှုန်းဖြင့် ရှယ်ယာများခေါ်ယူခဲ့ကြောင်းလည်း Asia Week မဂ္ဂဇင်း၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ 

ကျော်မြင့်

ဦးကျော်မြင့် ခေါ်မိုက်ကယ်ကျော်မြင့်ဟွာဟူသည် "ဝ" တပ်ဖွဲ.တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မော်ကွန်းမှတ်တမ်းအရလည်း မြန်မာကျုံယွမ်ကုမ္ပဏီသည် “ဝ” တပ်ဖွဲ့နှင့် ခိုင်မာသောချိတ်ဆက်မှုများရှိကြောင်း၊ မြန်မာအစိုးရက ထိုကုမ္ပဏီပိုင်ရှင်ဖြစ်သူ “ ဝ” တပ်ဖွဲ့၏အဆင့်မြင့်အရာရှိတစ်ဦးကို ထောင်ကိုးနှစ်ချလိုက်သည်မှာ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းများအရ သိရှိရသော်လည်း ထိုဖြစ်ရပ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ချက်တစ်ရပ်ဟု ယူဆဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုးကမူ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁၀၁ တပ်ရင်းတွင် ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင် ဆိုသောသူ တာဝန်ထမ်းဆောင်ခဲ့သည်ကို မသိရှိကြောင်း ဆိုသည်။ ဦးမောင်မောင်စိုးမှာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်က မုန်းကိုးဒေသတွင် ရှိနေခဲ့သူဖြစ်သည်။ 

ဗမာပြည်ကွန်မြူနစ်ပါတီမှ စတင်ခွဲထွက်သူမှာ နောင်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MDAA) ကို ဦးဆောင်မည့် ဖုန်ကြားရှင်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။ “ဦးကျော်မြင့်က မုန်းကိုးပုန်ကန်မှုမှာ သူဦးဆောင်တယ်ဆိုတာ လိမ်တာပဲ" ဟုလည်း ဦးမောင်မောင်စိုးက အခိုင်အမာပြောသည်။ 

'ဝ' ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA )၏ ပြင်ပဆက်ဆံရေးအရာရှိအဖြစ် လားရှိုးမြို့အခြေစိုက်ကာ လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးညီရမ်းကို ဦးကျော်မြင့်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ဝအမျိုးသားပါတီမှာ  နယ်စပ်တွေမှာရှိတဲ့ အချင်းချင်းတွေက အတိတ်မကင်းကြပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ဆက်စပ်မှုတွေရှိပါတယ်။ အသေးစိတ်ကိစ္စတွေကို သူ့ကိုပဲမေးရင်ကောင်းမယ်" ဟု ဆိုသည်။ 

တောတွင်းလက်နက်ကိုင်အဖွဲ့များကို လေ့လာသူများ၏အဆိုအရ ဦးကျော်မြင့်သည် UWSA တပ်ဖွဲ့တွင် ငယ်ရွယ်စဉ်က ပါဝင်ခဲ့ကြောင်း၊ သို့ရာတွင် ဗကပကို ပုန်ကန်ရာတွင် ပါဝင်သူလုံးဝမဟုတ်ကြောင်း၊ သူနှင့် ဗကပ အဆက်အစပ်မှာ ဗကပစစ်ဦးစီးချုပ် ကချင်လူမျိုး ဗိုလ်ချုပ်ဇော်မိုင်၏ သမီးဖြစ်သူ မနန်ဘောက်ကို ဇနီးအဖြစ် ရရှိခဲ့ခြင်းသာ ဖြစ်သည်။ ကွယ်လွန်ပြီဖြစ်သော ဗိုလ်ချုပ်ဇော်မိုင်သည် နောင်တွင် 'ဝ' တပ်ဖွဲ့၏ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။ 

နှင်းဆီပါတီခေါ် UDP ပါတီက ယခုစက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်တွင် ပါတီဥက္ကဌကြီး ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်သည် လချိတ်ကချင်မျိုးနွယ်ဖြစ်ကာ '၁၉၈၉ တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦး' ဖြစ်သည်ဟု ဖော်ပြထားသည်။ 

ထို့ပြင် သူသည် အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တက္ကသိုလ်၌ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာသင်တန်းများ အောင်မြင်စွာတက်ရောက်ခဲ့သူဖြစ်ပြီး အမေရိကန်နှင့် ကနေဒါအခြေစိုက် Management Public Listing ကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိဖြစ်ကြောင်းလည်း ပါတီကြေညာချက်တွင် ရေးသားထားသည်။ 

4.jpg

ရန်ကုန်လှိုင်မြို့နယ် ဗဟိုလမ်းနှင့် မာလာမြိုင်လမ်းထောင့် အမှတ် ၉၈ တိုက်ရှိ IC Hotel သည် UDP ပါတီ၏ ဌာနချုပ်ဖြစ်သကဲ့သို့ ဦးကျော်မြင့်ပိုင် မြန်မာကျော်ရင်းနှီးမြုပ်နှံမှုအဖွဲ့ကုမ္ပဏီလီမိတတ်၊ မြန်မာကျော် အဆင့်မြင့်နည်းပညာကုမ္ပဏီလီမိတက်နှင့် မြန်မာကျော်ငွေရေးကြေးရေးကုမ္ပဏီလီမိတက်များ ရုံးစိုက်ရာဖြစ်သည်။ (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ထောင်ပြေးမှသည် အငြင်းပွားဖွယ်စီးပွားရေးသမား 

‌၁၉၉၈ ခုနှစ်တွင် ဦးကျော်မြင့်နှင့် ၎င်း၏ကုမ္ပဏီတွင် လုပ်ကိုင်နေသော တပ်မတော်မှ အငြိမ်းစားအရာရှိအချို့ ဖမ်းဆီးအရေးယူခံခဲ့ရသည်။ ငွေကြေးမသမာမှုဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။ 

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာလွှဲပေးသင့်ကြောင်း စစ်ခေါင်းဆောင်များကို အကြံပြုခဲ့သဖြင့် မတရားဖမ်းဆီး ထောင်ချခံခဲ့ရခြင်းသာဖြစ်ကြောင်း နောင်တွင် ဦးကျော်မြင့်က သတင်းစာများထံ စာရေးသားပေးပို့ကာ ရှင်းချက်ထုတ်ခဲ့သည်။ 

ဦးကျော်မြင့်သည် ထောင်ကျပြီးတစ်နှစ်ခန့်အကြာတွင် မန္တလေးအိုးဘိုထောင်မှ ရုတ်တရက်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထောင်ကျနေစဉ် နာမကျန်းဖြစ်သည်ဆိုကာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ 

‌"သူက ဆေးရုံကနေ ထွက်ပြေးပြီး ဘုန်းကြီးအသွင်နဲ့ ထိုင်းဘက်ကို ထွက်သွားခဲ့တာပါ" ဟု ဦးကျော်မြင့်နှင့်အတူ နှင်းဆီပါတီ (ခ) UDP ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ ဦးကျော်မိုးက Myanmar Now ကို ပြောသည်။ 

ဦးကျော်မိုးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် နှင်းဆီပါတီအတွက် မဟာဗျူဟာအကြံပေးအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

ဦးကျော်မြင့်သည် ထိုင်းနိုင်ငံရောက်ရှိစဉ် ဘန်ကောက်ရှိ အမေရိကန်သံရုံးနှင့်ချိတ်ဆက်ကာ အမေရိကန်အစိုးရ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနဖြစ်သည့် (Drug Enforcement Agency) အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများဆိုင်ရာ သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် မိသားစုနှင့်တကွ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

နောက်ပိုင်းတွင် ထပ်မံ၍ ကနေဒါနိုင်ငံတွင်လည်း နိုင်ငံရေးခိုလှုံခွင့်ရကာ အခြေချခဲ့ကြောင်း ဦးကျော်မြင့်ပေးပို့သော စာမျက်နှာ ၅ မျက်နှာပါ စာကိုကိုးကား၍ ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာ ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။ 

UDP ပါတီကို ဦးကျော်မြင့်က ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုသို့ပါတီထောင်ပြီး မရှေးမနှောင်း၌ပင် ဦးကျော်မြင့်ဆိုသူသည် မူးယစ်ဆေးဝါးရောင်းချနေသူ၊ ငွေကြေးခဝါချမှုများ လုပ်ဆောင်နေသူဟူသော စွပ်စွဲချက်များ ပေါ်ပေါက်ခဲ့သည်။ 

ထိုစွပ်စွဲချက်များကို တုန့်ပြန်သောအားဖြင့် ဦးကျော်မြင့်က သူ့ဘဝအတ္ထုပတ္တိကို စာရေးသားကာ ကနေဒါရှိ သတင်းစာတိုက်များသို့ ပေးပို့ခဲ့ပြီး Michael Hua Kyaw Myint Hu ဆိုသော အင်တာနက်စာမျက်နှာတစ်ခု ဖန်တီး၍လည်း သူ့ကိုယ်ပိုင်ရှင်းလင်းချက်များ ရေးသားဖော်ပြခဲ့သည်။

ဦးကျော်မြင့်သည် အမေရိကန်အစိုးရအတွက် DEA သတင်းပေးအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဟုတ်မဟုတ် အတည်မပြုနိုင်သကဲ့သို့ ၎င်း၏စီးပွားရေးလုပ်ငန်းများအကြောင်းသည်လည်း ဝေဝါးစရာများဖြစ်သည်။ 

‌၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ရင်းနှီးမြုပ်နှံမှုဈေးကွက် ထိန်းချုပ်မှုဆိုင်ရာ ဗြိတိသျှကိုလံဘီယာကော်မရှင် (The British Columbia Securities Commission -BCSC) က ဦးကျော်မြင့်ကို အရေးယူပိတ်ပင်မှုတစ်ခု ပြုလုပ်ခဲ့သည်။ 

မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ကုမ္ပဏီအတွင်းရေးအချက်အလက်များကို အသုံးချပြီး စတော့ရှယ်ယာကစားမှုနှင့် ကော်မရှင်နာအဖွဲ့ဝင်များကို မဟုတ်မမှန်ထွက်ဆိုမှုများအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ပေးဆောင်ရန်နှင့် ငွေကြေးအရောင်းအဝယ်ဈေးကွက်တွင် ဝင်ရောက်ရောင်းဝယ်ခြင်း၊ ငွေကြေးအရောင်းအဝယ် ဈေးကွက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးခြင်းနှင့် စီမံခန့်ခွဲခြင်းကိစ္စရပ်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ တစ်သတ်တာ ပိတ်ပင်ကြောင်း BCSC က ဆုံးဖြတ်ချက်ချကာ အရေးယူခဲ့သည်။ 

မိုက်ကယ်ကျော်မြင့်ဟွာဟူသည် တရုတ်အစိုးရကို သစ်ပင်ပျိုးပင်များ ရောင်းချသည့် Maple Leaf Reforestation ကုမ္ပဏီတွင် ဥက္ကဌနှင့် ဒါရိုက်တာအဖြစ် ထမ်းဆောင်ကာ ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။ Maple Leaf က လုပ်ငန်းလုပ်ကိုင်ရန် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည့် တရုတ်နိုင်ငံရှိ ရှီကျင်းစီမံကိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဇီဝစွမ်းအင်စီမံကိန်းတစ်ခုနှင့် ပတ်သက်သော အတွင်းရေးအချက်အလက်များကို အသုံးချကာ အခြားလူတစ်ဦးမှတဆင့် ကုမ္ပဏီရှယ်ယာများကို လက်သိပ်ထိုး ဝယ်ယူခဲ့သည်ဟု BCSC ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ 

ကနေဒါနိုင်ငံတွင် ဦးကျော်မြင့်အရေးယူခံခဲ့ရသည့်ဖြစ်စဉ်မှာ ကုမ္ပဏီများ လုပ်မှားကိုင်မှားဖြစ်တတ်သည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး လက်ရှိတွင် ဦးကျော်မြင့်သည် အမေရိကန်အခြေစိုက် ကမ္ဘာ့လူမှုကွန်ရက်မီဒီယာ ကုမ္ပဏီများဖြစ်သည့် Facebook နှင့် Twitter တို့တွင် စတော့ရှယ်ယာများဝယ်ယူ ရင်းနှီးမြှုပ်နှံထားသည်ဟု ဦးကျော်မြင့်၏ အနီးကပ်တစ်ဦးလည်းဖြစ်သည့် ဦးကျော်မိုးက ပြောသည်။ 

ပါတီဥက္ကဌကြီးကို ထောင်ဒဏ်ချ အပြစ်ပေးပါ 

မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ရွေးကောက်ပွဲနည်းလမ်းကသာ အကောင်းဆုံးဟု ကြွေးကြော်လျက် UDP ပါတီကို ဦးကျော်မြင့်က ၂၀၀၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တည်ထောင်ခဲ့သည်။ ကနေဒါနိုင်ငံ၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးနောက် စစ်အာဏာရှင်ခေါင်းဆောင်များက စိတ်ကြိုက်ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲမကျင်းပမီ ခြောက်လခန့်အလိုတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီထူထောင်ခွင့် တရားဝင်လျှောက်ထားခဲ့သည်။ ထိုစဉ်က ပါတီတွင်ဥက္ကဌလုပ်ရန် ဝါရင့်နိုင်ငံရေးသမား ဦးသုဝေကို ဦးကျော်မြင့်က ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။ 

သို့သော် ထိုအစီအစဉ်မှာ အထမမြောက်ခဲ့ပေ။ အကြောင်းမှာ ဦးကျော်မြင့်၏ မြန်မာကျုံယွမ်ကုမ္ပဏီတွင် ရှယ်ယာဝယ်ပြီး ငွေကြေးဆုံးရှံးခဲ့သူများက ဦးသုဝေကို ဆက်သွယ်လာသောကြောင့် ဖြစ်သည်။ 

"သူတို့အကြွေးတွေရှိတယ်။ တောင်းပေးဘာညာဆိုပြီးတော့ အဲဒါတွေ အကုန်သိတော့ ရှုပ်ရှုပ်ယှက်ယှက်ဆိုပြီးတော့ ဖြတ်လိုက်တာပေါ့လေ။ ကျွန်တော်တို့က ပိုက်ဆံအဓိက မဟုတ်ဘူး။ နိုင်ငံရေးသန့်သန့်လုပ်ချင်တော့ သူနဲ့ အဆက်ဖြတ်လိုက်တာပေါ့" ဟု ဦးသုဝေက ပြောသည်။ 

လက်ရှိတွင် ဦးသုဝေသည် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီးဖြစ်သူ ပါဝင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ 

ဦးသုဝေနှင့် UDP လမ်းခွဲပြီးနောက် ဦးလှမြင့်ဆိုသူက UDP ပါတီဥက္ကဌဖြစ်လာသည်။ ထိုအချိန်က ဦးကျော်မြင့်မှာ ပါတီ၏ အမှုဆောင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြောင်း၊ ဦးကျော်မြင့်အနေဖြင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လာခွင့် ရရှိရေးအတွက် တရုတ်ပြည်မှတဆင့် မြန်မာအာဏာပိုင်များထံ အယူခံလျှောက်ထားမှုများ ရှိခဲ့ကြောင်းလည်း UDP ပါတီပူးတွဲတည်ထောင်သူ ဦးကျော်မိုးက ပြောသည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီက လွှတ်တော်မဲဆန္ဒနယ် ၈ နေရာ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။ 

၂၀၁၃ ခုနှစ်တွင် ဦးကျော်မြင့် မြန်မာနိုင်ငံသို့ တရားဝင် ပြန်လည်ရောက်ရှိခဲ့သည်။ ထောင်ပြေးတစ်ဦးကို မည်သို့ နိုင်ငံရေးပါတီထူထောင်ခွင့်ပြုခဲ့သည်၊ တရားဝင်ပြန်လာနိုင်ရေးအတွက် ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် မြန်မာအစိုးရအာဏာပိုင်များနှင့် မည်သို့ညှိနှိုင်းခဲ့သည်ကိုမူ မသိရှိရပေ။ 

ဦးကျော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အကြီးအဖြစ် နှစ်အတန်ကြာထမ်းဆောင်ခဲ့သူ Yang Houlan နှင့် နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ဦးကျော်မြင့်နှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံရာ၌ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်သည် UDP ပါတီ၏ တရားဝင်ဥက္ကဌဖြစ်လာခဲ့ပြီး တပြိုက်နက်တည်းပင် ကုမ္ပဏီသုံးခုကိုလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ကာ ထူထောင်ခဲ့သည်။ ရန်ကုန် လှိုင်မြို့နယ် ဗဟိုလမ်းနှင့် မာလာမြိုင်လမ်းထောင့်ရှိ အမှတ် ၉၈ တိုက်လိပ်စာဖြင့် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ကုမ္ပဏီလီမိတက်၊ မြန်မာကျော်အဆင့်မြင့်နည်းပညာ ကုမ္ပဏီလီမိတက်နှင့် မြန်မာကျော် ငွေရေးကြေးရေးကုမ္ပဏီလီမိတက်တို့ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ 

ငွေကြေးနှင့် အာမခံလုပ်ငန်းများဝန်ဆောင်မှု၊ အိမ်ခြံမြေငှားရမ်းရောင်းဝယ်ရေးနှင့် ရုံးလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည်ဟု ကုမ္ပဏီမှတ်တမ်းများတွင် ဖော်ပြထားပြီး ထိုကုမ္ပဏီများတွင် ဦးကျော်မြင့်ကို ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဖော်ပြထားသည်။ 

‌ဦးကျော်မြင့်၏ UDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာ ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၀ ကဲ့သို့ပင် တစ်နေရာမှ အနိုင်မရခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် UDP ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အမည်စာရင်းတင်သွင်းထားသည်။ စုစုပေါင်း မဲဆန္ဒနယ် ၁၁၃၁ ခုတွင် ဝင်ပြိုင်မည်ဖြစ်သည်။ UDP ပါတီက အမှန်တကယ်လျှောက်ထားခဲ့သော မဲဆန္ဒနယ်အရေအတွက်မှာ ၁၁၄၀ ကျော် ဖြစ်သည်။ 

'မြန်မာနိုင်ငံသားများအားလုံး တစ်နှစ်ဝင်ငွေ ကျပ် ၃၆ သိန်း၊ တစ်ရက်ဝင်ငွေ ကျပ်တစ်သောင်း ရရှိစေရမည်'၊ 'အာဏာရပါက ၅ နှစ်အတွင်း စင်ကာပူနိုင်ငံထက်သာစေရမည်'၊ 'ရွာတိုင်းကတ္တရာလမ်းခင်းပေးမည်' စသည့် ကြွေးကြော်ချက်များဖြင့် UDP ပါတီက မဲဆွယ်စည်းရုံးလျက်ရှိသည်။ 

တိုင်းပြည်အာဏာရပြီး ၅ နှစ်အတွင်း ကြွေးကြော်ချက်များအတိုင်း အကောင်အထည်မဖော်နိုင်ပါက ပါတီဥက္ကဌကြီးကို ထောင်ဒဏ်အပြစ်ပေးမည်၊ ပါတီဆိုင်းဘုတ်များကို မီးရှို့ဖျက်ဆီးမည်ဟူသော ကတိကဝတ်များဖြင့်လည်း မဲဆွယ်စည်းရုံးရေးဆောင်ရွက်သွားရန် ပါတီဝင်များကို နှိုးဆော်ထားသည်။ ဥက္ကဌကိုယ်စားဟု လက်မှတ်ရေးထိုးထားသည့် ထိုစာများကို ယခုစက်တင်ဘာလ ၁၀ ရက် နေ့စွဲဖြင့် ပါတီဝင်များထံ ဖြန့်ဝေခဲ့သည်။ 

နိုင်ငံရေးကတိကဝတ်များ မကျေပွန်ပါက ထောင်ချအပြစ်ပေးရန် ထောင်ပြေးတစ်ဦးဖြစ်သူ ပါတီဥက္ကဌက ကြွေးကြော်နေခြင်းသည် ထူးဆန်းပြီးရင်း ထူးဆန်းလျက်ရှိသည်။ 

"တရားဝင် ကတိပေးတာမို့ ကတိကဝတ်ဖောက်ဖျက်ရင် ကတိကဝတ်ဖောက်ဖျက်မှုနဲ့ တိုင်တန်းလို့ရတယ်" ဟု ဦးကျော်မြင့်၏ UDP ပါတီအကြံပေး ဦးကျော်မိုးက ပြောသည်။ 

သန်းနှင့်ချီသော ပါတီဝင်အင်အား၊ ဘီလျံနှင့်ချီသော ပါတီအသုံးစရိတ် 

‌ဦးကျော်မြင့်၏ UDP ပါတီတွင် ပါတီဝင်အင်အား သန်းချီရှိနေပြီး ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ကျပ်ဘီလျံချီ သုံးစွဲသွားမည်လည်းဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် ပါတီဝင်အင်အားမှာ ၆၀၀၀ ကျော်ရှိသည်ဟု ထိုအချိန်က ပါတီဥက္ကဌအဖြစ် တာဝန်ယူထားခဲ့သူ ဦးလှမြင့်က ပါတီညီလာခံတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် UDP ပါတီတွင် ပါတီဝင် ခြောက်သန်းနီးပါးရှိကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး ဦးသိုက်ထွန်းက Myanmar Now ကို မကြာသေးမီက ပြောကြားထားသည်။ 

"အရင်တုန်းကကျတော့ ခရိုင်အလိုက်တာဝန်ပေးတာ။ ခုကျတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုပ်စု၊ ရပ်ကျေးတွေအားလုံးမှာ ရုံးဖွင့်နိုင်တယ်။ ရုံးမဖွင့်နိုင်တဲ့နေရာ မရှိဘူး။ အနိမ့်ဆုံးအုပ်စု၊ ရပ်ကျေးတစ်ခုမှာ ပါတီဝင် ၁၀၀ ရှိတဲ့အတွက် အုပ်စုတစ်ခုကို ၁၀၀ နဲ့တွက်ကြည့်ရင်တောင် အနိမ့်ဆုံးပါတီဝင်အင်အား ခြောက်သန်းလောက် ရှိပါတယ်" ဟု ဦးသိုက်ထွန်းက ပြောသည်။ 

ပါတီဝင်များကို ပါတီက ငွေကြေးထောက်ပံ့မှုများမလုပ်ဟု ဦးသိုက်ထွန်းက ငြင်းသော်လည်း Myanmar Now က မေးမြန်းခဲ့သော ပါတီ၏ ရပ်ကျေးအဆင့် စည်းရုံးရေးမှူးများက ပါတီမှ ထောက်ပံ့ကြေး ကျပ်တစ်သိန်းရရှိကြောင်း ပြောသည်။ 

UDP ပါတီ၏ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကျေးစည်းရုံးရေးမှုးတစ်ဦးဖြစ်သူမှာ တစ်ချိန်က နာမည်ကျော်ကြားခဲ့သော သီးလေးသီးအငြိမ့်အဖွဲ့မှ ကိုကျော်ဇေယျခေါ် ကိုကြယ်သီးဖြစ်သည်။ သူသည် မကြာသေးမီက UDP ကိုကိုယ်စားပြုကာ အမျိုးသားလွှတ်တော်နေရာတစ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်သွင်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက် နေထိုင်ခဲ့ခြင်းမရှိဆိုသော အချက်ကြောင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့၏ အရေးပါသော သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်သည့် ဦးစိုးသိန်းနှင့် တွေ့ဆုံခဲ့စဉ် UDP ပါတီဥက္ကဌ ဦးကျော်မြင့်နှင့်လည်း ခေတ္တတွေ့ဆုံမိခဲ့ကြောင်း၊ UDP ပါတီ၏ ကြွေးကြော်ချက်များကို သဘောကျ၍ လွန်ခဲ့သည့်နှစ်အနည်းငယ်က ပါတီဝင်ဖြစ်ခဲ့ကြောင်း ပါတီစည်းရုံးရေးမှူးတဖြစ်လဲ လူရွှင်တော်ဟောင်း ကိုကြယ်သီးက ပြောသည်။ 

"ဘာမှထူးထူးခြားခြားရလို့ မဟုတ်ဘူး။ သူ့ရဲ့ကြွေးကြော်ချက်တွေ၊ မူဝါဒတွေကို ကြိုက်လို့ပဲ" ဟု ကိုကြယ်သီးက ဆိုသည်။ 

တစ်လလျှင် မြန်မာကျော်ကုမ္ပဏီထံမှ ထောက်ပံ့ကြေးငွေ ကျပ်တစ်သိန်းရသော်လည်း ထိုငွေသည် ပါတီအတွက် သူစိုက်ထုတ်ရသည့် အချိန်အား၊ လူအားနှင့်ဆိုလျှင် ဘာမျှဆိုဖွယ်ရာ မရှိကြောင်းလည်း ၎င်းက ပြောသည်။ 

ဦးကျော်မြင့်ပိုင်ဆိုင်သည့် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ခရိုင်အဆင့်ပါတီဝင်များကို စီးပွားရေးအရ ထောက်ပံ့ရန် ကျပ်သိန်းငါးသောင်းလျာထားကြောင်း ၂၀၁၈ ခုနှစ်အတွင်း မီဒီယာများတွင် ရေးသားဖော်ပြခဲ့ကြသည်။ 

၂၀၁၆ မှ ၂၀၁၈ အထိ ဦးကျော်မြင့်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ တပ်မတော်မှ ဗိုလ်မှူးအငြိမ်းစား ကိုဇော်ဝင်းထက်၏ ပြောပြချက်များအရ ဦးကျော်မြင့်သည် ပါတီအတွက် လစဉ် ခန့်မှန်းခြေသိန်းတစ်ထောင်နီးပါး သုံးစွဲကြောင်း၊ မြို့နယ်စည်းရုံးရေးမှူးများကို ကျပ်ငွေနှစ်သိန်းပေးပြီး၊ ရပ်ကျေးစည်းရုံးရေးမှူးများကို ကျပ်တစ်သိန်းပေးကြောင်း၊ ပါတီမှတိုက်ရိုက်ပေးခြင်းမဟုတ်ဘဲ မြန်မာကျော်ကုမ္ပဏီက ပေးခြင်းဖြစ်ကြောင်း သူက ပြောကြားသည်။

"မြန်မာကျော်က ထောက်ပံ့တယ်ဆိုတဲ့ပုံစံမျိုး၊ တစ်ဖက်လှည့်ပုံစံမျိုးနဲ့ လုပ်တာပေါ့ဗျာ။ ဥပဒေကြောင်းအရ ရင်ဆိုင်လာပြီဆိုရင် ပါတီက ထောက်ပံ့တာ မဟုတ်ဘူး။ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ထောက်ပံ့တာ။ ဒါပေမဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဥက္ကဌက ဘယ်သူလဲဆိုတော့ ဦးကျော်မြင့်" ဟု ကိုဇော်ဝင်းထက်က ပြောသည်။ 

ထူးခြားချက်တစ်ခုအနေဖြင့် UDP ပါတီနှင့်ဆိုင်သည့် ထွက်သမျှစာတိုင်းတွင် ဦးကျော်မြင့်ကိုယ်တိုင် တစ်ခါမှ လက်မှတ်ရေးထိုးဖူးခြင်း မရှိဘဲ အသက် ၂၄ နှစ်ရွယ် အတွင်းရေးမှူးဖြစ်သူက ကိုယ်စားလက်မှတ်ထိုးပေးသည်ဟု ဆိုသည်။ 

ဦးကျော်မြင့်၏ လုပ်ပုံကိုင်ပုံမှာ ပါတီတစ်ခုထူထောင်ထားသည့် ပုံစံမဟုတ်ဘဲ ဂိုဏ်းတစ်ဂိုဏ်းအသွင်ဖြစ်ကြောင်း၊ သူ့ထံတွင် အလုပ်လုပ်သည့် တပ်မတော်အငြိမ်းစားအရာရှိများကို လစာ ၁၅ သိန်း၊ သိန်း ၂၀ ထိ ပေးသော်လည်း သခင်နှင့် ကျွန်ပုံစံမျိုး ဆက်ဆံသဖြင့် မကြာခဏ အလုပ်ထွက်သူများလည်းရှိသည်ဟု ကိုဇော်ဝင်းထက်က ပြောသည်။ 

"ပါတီထောင်တာ မဟုတ်ဘူး။  ဂိုဏ်းဖွဲ့နေတာ။ ပိုက်ဆံပေးပြီး ဂိုဏ်းပုံစံပေါ့။ တရုတ်သိုင်းကားထဲက ဂိုဏ်းပုံစံ ဖြစ်နေတာ။ သူ့မှာ သနားကြင်နာမှု ဘာမှမရှိဘူး" ဟုလည်း ကိုဇော်ဝင်းထက်က ပြောသည်။ 

သစ္စာရှိပါက သူ့တပည့်အဖြစ်သတ်မှတ်ပြီး သူယုံကြည်သူဖြစ်ပါက ရာထူးကြီးကြီးပေးတတ်ကြောင်းလည်း ၎င်းက ပြောသည်။ 

"ကျွန်တော်တို့တောင်ပြောတယ်။ မင်းကြိုးစား၊ မင်း ရဲမင်းကြီးအဖြစ် လျာထားတယ်လို့ဗျာ။ တရုတ်ပြည်က ဘီလျံနာသူဌေးကြီး ဂျက်မားဆီမှာ ငွေတွေချေးထားတာ။ အများကြီးရဖို့ရှိတယ်။ ဂျက်မားဆိုရင် သူ့တပည့်။ စီးပွားရေးနည်းလမ်းတွေ ပေးနိုင်တယ်ဆိုပြီး" ဟု ဦးကျော်မြင့်က ပြောလေ့ရှိကြောင်း ကိုဇော်ဝင်းထက်က ဆိုသည်။ 

udp_activity_11.jpg

မကြာသေးမီက ပြုလုပ်ခဲ့သော UDP ပါတီ၏ မဲဆွယ် စည်းရုံးရေးခရီးတစ်ခု။ 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီကို မဲမထည့်လိုသူများ၏ ဆန္ဒမဲများကို ဦးတည်ပစ်မှတ်ထားရန် ပါတီက ညွှန်ကြားထားပြီး လွှတ်တော်နေရာ တစ်ဒါဇင်ကျော် အနိုင်ရရှိရန် ရည်မှန်းထားသည်ဟု UDP ပါတီတာဝန်ရှိသူများက ပြောသည်။ 

ပါတီဥက္ကဌဖြစ်သည့် ဦးကျော်မြင့် သို့မဟုတ် မိုက်ကယ်ကျော်မြင့်ဟွာဟူ (ခ) ဇခုန်ဇုန်းဆောင်းမှာမူ ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်ခြင်း မရှိပေ။ ဦးကျော်မြင့်သည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ 

ရွေးကောက်ပွဲတွင် UDP ပါတီသည် ဖျက်မြင်းတစ်ကောင်သာဖြစ်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။ 

သို့သော် UDP ပါတီအကြံပေးဖြစ်သူ ဦးကျော်မိုးကမူ "မဲကွဲမဲပြားအောင် မနေ့တနေ့ကမှ တည်ထောင်ခဲ့တဲ့ပါတီ မဟုတ်ပါဘူး။ တခြားပါတီတွေက မီဒီယာကို အားယူပြီး လူသိအောင်လုပ်ကြတာ။ နှင်းဆီပါတီက အခုမှ မဟုတ်ဘူး။ မီဒီယာမှာ တက်ပြောပြီး လူသိအောင် မလုပ်ဘဲ လူတွေသိအောင်၊ ထောက်ခံအောင် ရွာတွေနယ်တွေအထိ သွားပြီး တည်ဆောက်ရေးနဲ့ စည်းရုံးရေးလုပ်နေတာ။ လုပ်တဲ့စတိုင် မတူတာ။ အေးဆေးလုပ်တတ် လုပ်ချင်တဲ့ သဘောပါ" ဟု အကျယ်တဝင့်ဆိုလေသည်။ 

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်သည် Myanmar Now အပါအဝင် မည်သည့်သတင်းမီဒီယာကိုမျှ အတွေ့ခံခြင်း မရှိပေ။ နိုင်ငံရေးပါတီဖြစ်သော်လည်း အထင်ကရ နိုင်ငံရေးသမိုင်းကြောင်းရှိသူများ ဝန်းရံထားခြင်းလည်း မရှိပါဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ် ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ နှင်းဆီပါတီခေါ် UDP ပါတီ၏ အမှန်တကယ် နိုင်ငံရေးရည်မှန်းချက်အပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်။ 

လျှို့ဝှက်သိပ်သည်းလှသော ဦးကျော်မြင့်၏ နောက်ခံအကြောင်းအရာများကြောင့် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်နှင့်တစ်ဦးတည်းဖြစ်သည်ဟု မှားယွင်းထင်မြင်မှုများလည်းရှိသည်။ ပန်းဆေးဦးကျော်မြင့်မှာ ပထမအကြိမ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။ 

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်နှင့် နာမည်ဆင်တူသူ နောက်တစ်ဦးမှာ ဘာသာရေးနှင့် လူမျိုးရေးဆန်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် နာမည်ကျော်ကြားသည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP)  ဗဟိုအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖြစ်သည်။ 

လူလုံးထွက်ပြခြင်း အလျင်းမရှိသေးသူ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကွယ်ဝှက်နေသည့် အကြောင်းခြင်းရာများရှိနေသလားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည်သာ ဖြစ်သည်။ 

ယာဉ်တန်းဖြင့် အပြင်ထွက်လေ့ရှိသူ၊ ၄၈ သိန်းကျော်တန် Louis 13 အရက်ကိုသာသောက်သူ၊ တပ်မတော်အရာရှိဟောင်းများကို အနီးကပ်ခေါ်ယူထားသူ၊ ပါတီဥက္ကဌဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ကိုယ်တိုင်ရွေးကောက်ပွဲဝင်ပြိုင်ခြင်း မရှိသူ၊ ပါတီအတွက်ထုတ်ပြန်သည့် စာတိုင်းတွင် တစ်ခါမှကိုယ်တိုင် လက်မှတ်ရေးထိုးပေးဖူးခြင်းမရှိသူ စသည် စသည် ထူးခြားချက်များဖြင့် လျှို့ဝှက်သိပ်သည်းလွန်းသူ ဦးကျော်မြင့်မှာ မြန်မာပြည်၏ အလျှို့ဝှက်ဆုံးသော နိုင်ငံရေးပါတီဥက္ကဌတစ်ယောက်ပင်ဖြစ်သည်။

"အရာရှိဟောင်းတွေကို လစာ ၁၀ သိန်း၊ သိန်း ၂၀ ပေးပြီး လူရှေ့သူရှေ့မှာ ဖိနပ်ဖုန်သုတ်ခိုင်းတာ၊ သူ့ဧည့်သည်တွေကို ထမင်းခူးခပ်ပြီး ဧည့်ခံခိုင်းတာတွေ လုပ်ခိုင်းတယ်။ သူစိတ်တိုင်းမကျရင် ဒီနေ့ခန့်တဲ့သူကို ဒီနေ့တန်းဖြုတ်တာ" ဟု ဦးကျော်မြင့်၏ ကိုယ်ရေးအရာရှိဟောင်း ကိုဇော်ဝင်းထက်က ဆိုသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading