ထင်ယောင်ထင်မှားဖြစ်စေနိုင်သောကြောင့် ၆၆ (ဃ) ဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း PPP ပါတီကိုယ်စားလှယ်လောင်းကဆိုပြီး ကျေးဇူးတင်ကြောင်းရေးသားခဲ့ခြင်းသာဖြစ်သည်ဟု အမှုဖွင့်ခံရသူကဆိုသည် 

PPP ပါတီကိုယ်စားလှယ်လောင်း၏ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခြင်းခံထားရသူ NLD ပါတီထောက်ခံသူ ဦးဝင်းဆန်း (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခဲ့သူ ဆိုင်ကယ်သမားများ အခကြေးငွေရကြောင်း Facebook လူမှုကွန်ရက်တွင် ရေးတင်ခဲ့သူကို PPP ပါတီ၏ သန်လျင်မြို့နယ်ကိုယ်စားလှယ်လောင်းက ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်။

“ပီသုံးလုံး (PPP) ရဲ့ စည်းရုံးရေးခရီးစဉ်က အားရကျေနပ်စရာ ကောင်းလှပါတယ်ဗျာ။ ဆိုင်ကယ်တစ်စီးကို ၁၅,၀၀၀ တောင် ပေးပါတယ်။ လက်လုပ်လက်စား ကယ်ရီသမားလေးတွေ ခုလိုအခြေအနေမှာတော့ အဆင်ပြေကြတာပေါ့။ ကျေးဇူးတင်ပါတယ် PPP ရယ်” ဟု ရေးသားကာ PPP ပါတီ၏မဲဆွယ်စည်းရုံးရေးဓာတ်ပုံများနှင့်အတူ ဦးဝင်းဆန်းက ၎င်း၏ 'လူမှန်ကြီး' Facebook အကောင့်ဖြင့် စက်တင်ဘာ ၁၇ ရက်တွင် ရေးတင်ခဲ့ခြင်းဖြစ်သည်။ 

သန်လျင်၊ ခရမ်း၊ သုံးခွမြို့နယ်များ၌ PPP ပါတီက မဲဆွယ်စည်းရုံးရာတွင် လိုက်ပါသူ ဆိုင်ကယ်သမားများ ငွေကျပ် ၁၅,၀၀၀ ရကြောင်း Facebook ပေါ်ရေးတင်ခဲ့သူ ဦးဝင်းဆန်းကို PPP ပါတီကိုယ်စားလှယ်လောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် သန်လျင်မြို့မရဲစခန်းတွင် စက်တင်ဘာ ၁၉ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့က Facebook မှာ ဖြစ်နေတဲ့အရာကြီးကို လိုက်ပြီးလုပ်နေဖို့ အချိန်မရှိဘူး။ ဘာကြောင့် လိုက်ပြီး အရေးတယူပြုနေရလဲဆိုတော့ အကောင်တုနဲ့ တိုက်ခိုက်တာနဲ့ အကောင့်စစ်နဲ့နာမည်ဖျက်တာ မတူပြန်ဘူး။ ကိုလူမှန်ကြီး (ပို့စ်တင်သူ) က အကောင့်အစစ်၊ ရုပ်ပုံအမှန်နဲ့ တင်ထားတယ်။ သူ့ရဲ့ စွပ်စွဲချက်ကို မရှင်းဘူးဆိုရင် ကျွန်တော်တို့ အရမ်းသိက္ခာကျတယ်” ဟု သန်လျင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁  မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် PPP ပါတီကိုယ်စားလှယ်လောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကျရောက်နေချိန် ကာလတွင် ခက်ခဲနေသည့် အငှားဆိုင်ကယ်မောင်းသူများ အဆင်ပြေသည့်အပေါ် ပျော်လွန်း၍ မေတ္တာဖြင့်‌ကျေးဇူးတင်ကြောင်း ရေးသားခြင်းဖြစ်သည်ဟု အမှုဖွင့်ခံရသူက ဦးဝင်းဆန်းက ပြောသည်။ 

“ဒီစကားလုံးတွေမှာ ကျွန်တော့်မေတ္တာတွေ ဘယ်လောက်ဖုံးလွှမ်းနေလဲဆိုတာ ကျွန်တော်အသိဆုံးပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူလည်းဖြစ်သည့် ဦးဝင်းဆန်းက ပြောသည်။

ဆိုင်ကယ်များတွင် PPP ပါတီအလံနှင့် စတေကာများတပ်ဆင်ကာ ပါတီတံဆိပ်ပါအင်္ကျီအပြာရောင်များ ဝတ်ဆင်လျက် သန်လျင်၊ သုံးခွ၊ ခရမ်းမြို့များသို့ မဲဆွယ်စည်းရုံးရေးလိုက်ပါခဲ့ပြီး ဆိုင်ကယ်ဆီဖိုးအဖြစ် ကျပ် တစ်သောင်းခွဲစီ ရရှိခဲ့ကြောင်း ဆိုင်ကယ်သမားလေးဦးက Myanmar Now ကို ပြောသည်။ 

"ဒီရက်မှာတော့ ခက်ခဲတယ်။ စားဝတ်နေရေးခက်ခဲတော့ တစ်သောင်းခွဲပေးတော့ လိုက်တာပေါ့။ ဘာမှ မလုပ်ရတာ။ ဒီရက်မှာတော့ ခက်ခဲတယ်။ အခုပဲကြည့်လေ။ တစ်ယောက်မှ လာငှားတဲ့သူ မရှိဘူး" ဟု PPP ပါတီ၏ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခဲ့သူ ဆိုင်ကယ်သမား ဦးလှမျိုးလွင်က ပြောသည်။ 

မဲဆွယ်စည်းရုံးလိုက်ပါခဲ့သဖြင့် ငွေကြေးရရှိသည်ဟု ဆိုင်ကယ်သမားများက ပြောဆိုသော်လည်း ပါတီအနေဖြင့် ငွေပေးခဲ့ခြင်းမရှိကြောင်း PPP ပါတီကိုယ်စားလှယ်လောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

“တခြားကိုယ်စားလှယ်လောင်းတွေက မခံမရပ်နိုင်ဖြစ်တာပေါ့။ ကျွန်တော်တို့ ပါတီက အရမ်းသန့်ရှင်းတယ်။ ကျွန်တော်တို့မှာ ဘာထောက်ပံ့မှုမှ မရဘူး။ ကျွန်တော်တို့ အသိဆုံးဒါကို။ ဗဟိုက အင်္ကျီ ၁၀၀၊ ဦးထုပ် ၁၀၀၊ ဒါပဲ ထောက်ပံ့မှုယူတယ်” ဟု ၎င်းက ပြောသည်။

PPP ပါတီကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သောကြောင့် ဆိုင်ကယ်သမားများ အခကြေးငွေရကြောင်း Facebook တွင် ရေးတင်ခဲ့သူကို ပို့စ်ဖြုတ်ချပေးရန် တောင်းဆိုခဲ့သော်လည်း ဖြုတ်မပေးသည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်းလည်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

PPP ပါတီကိုယ်စားလှယ်လောင်းများက ပို့စ်ကို နာရီပိုင်းအတွင်း ဖျက်ပေး၍ တောင်းပန်ရန်ပြောဆိုခြင်း၊ ရဲစခန်းတွင်အမှုဖွင့်ထား၍ အိမ်တွင်စောင့်နေရန် ဖုန်းဆက်ပြောခြင်းများသည် ခြိမ်းခြောက်သည်ဟု ယူဆသဖြင့် အပြန်အလှန်တရားစွဲဆိုမည်ဟု ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ ဦးဝင်းဆန်းက ပြောသည်။

သန်လျင်၊ ခရမ်း၊ သုံးခွမြို့နယ်များ၌ PPP ပါတီက မဲဆွယ်စည်းရုံးရာတွင် ဆိုင်ကယ်သမားများ လိုက်ပါခဲ့ခြင်းမှာ နတ်စင်ဆရာတော်က စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

“ဆရာတော်ကြီးက ဘယ်လိုမိန့်လဲဆို ငါ့သားသမီးလေးတွေလည်း အယောက် ၃၀ လောက် မင်းတို့ကို လိုက်ပါဝန်းရံပေးလိမ့်မယ်လို့ ဒီလိုပဲ မိန့်ခဲ့တယ်။ တင်ပါ့ဘုရား၊ ကျွန်တော်တို့က ဒီလောက်ပဲ။ ကျေးဇူးတင်တာပေါ့။ ဆရာတော်ကြီးက အဲဒီလိုမိန့်တော့လည်း” ဟု ၎င်းက ပြောသည်။

နတ်စင် ၁၀၀ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇကို  Myanmar Nowက လျှောက်ထားမေးမြန်းရာတွင် ဆိုင်ကယ်သမားများ လိုက်ပါရန် ၎င်းအနေဖြင့် စီစဉ်ပေးခြင်းမဟုတ်ဘဲ ကျောင်း၏အငှားယာဉ်မောင်းသမား ကိုကျော်ကြီးဆိုသူ စီစဉ်ပေးခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

ပါတီအတွက် ၎င်းနှင့်သူငယ်ချင်းများက ငွေစိုက်ထုတ်ကာ ဆိုင်ကယ်သမားတစ်ဦးလျှင် ၁၅,၀၀၀ ကျပ်စီ ပေးကာ နိုင်ငံရေးပါတီတစ်ခုအတွက် ဆောင်ရွက်ပေးခဲ့ခြင်းသာဖြစ်သည်ဟု ဦးမျိုးမင်းကျော် (ခ) ကိုကျော်ကြီးက ပြောသည်။ 

“ပါတီရန်ပုံငွေ မဟုတ်ဘူး။ ပါတီနဲ့ ဘာမှမပတ်သက်ဘူး။ လာခဲ့ NLD လာမလား။ ကြံ့ခိုင်ရေးလာမလား။ ဒီပြင် ပါတီတွေရှိတယ်။ ကျွန်တော်လည်း နာမည်တွေ သိပ်အစုံအလင် မသိဘူး။ လာခဲ့။ ကယ်ရီသမားတွေ မေးလိုက်မယ်။ မင်းတို့ အားပေးချင်လား၊ အားပေးချင်ရင် ငါပေးမယ်။ ကျွန်တော်တို့ ပေးမယ်” ဟု ၎င်းက ပြောသည်။ 

သန်လျင်မြို့နယ်ရှိ နတ်စင် ၁၀၀ ဘုန်းကြီးကျောင်းတွင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆွမ်းကပ်ခြင်း၊ ပရိတ်ပဌာန်းနာကြားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ နတ်စင်ဆရာတော်ကျောင်းတွင် နိုင်ငံတော်အလံ၊ သာသနာ့အလံများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ဒေါ်သက်သက်ခိုင်၏ PPP ပါတီအလံများလည်း လွှင့်ထူထားသည်ကို တွေ့ရှိရသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading