တရုတ်နိုင်ငံတွင်လုပ်ကိုင်နေစဉ် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံခဲ့ရသည့် မြောက်ဦးမြို့နယ်မှ ခမီမျိုးနွယ်စု တိုင်းရင်းသားဇနီးမောင်နှံမှာ အလုပ်လက်မဲ့ဘဝဖြင့် ရွှေပြည်သာတွင် သောင်တင်လျက်ရှိသည်
ရွှေပြည်သာမြို့နယ်မြောက်ပိုင်း လူနေအိမ်ခြေကျဲကျဲ ရပ်ကွက်တစ်ခုတွင် ကန်စွန်းခင်းများပတ်လည်ဝိုင်းနေသည့် ယိုင်နဲ့နဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှိသည်။ ထိုအိမ်တွင် နေထိုင်သူများအနက် မကြာခင်က ရောက်ရှိလာသည့် မိသားစုတစ်စုလည်း အပါအဝင်ဖြစ်သည်။
မဝါဝါနိုင်နှင့် ဦးအောင်ကျော်စိန်ဆိုသော ခမီတိုင်းရင်းသားဇနီးမောင်နှံနှင့် သားသမီးသုံးဦးသည် ထိုအိမ်တွင် နေထိုင်လျက်ရှိသည်။ စစ်ဖြစ်နေသော ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။ မဝါဝါနိုင်တို့ ဇနီးမောင်နှံမှာ စစ်ထက်ဆိုးသော အခြေအနေတစ်ခုကို မကြာမီက ဖြတ်သန်းခဲ့ရသည်။

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် တရားမဝင်ဟုဆိုကာ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်နိုင်တင်း (Covid-19) အစပြုခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် မဝါဝါနိုင်တို့ ဇနီးမောင်နှံ အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဝူဟန်မြို့ရှိ ကြက်သားအစည်သွပ်စက်ရုံတွင် လုပ်ကိုင်နေစဉ် ထိုစက်ရုံရှိ အခြားမြန်မာအလုပ်သမား ၃၀ ကျော်နှင့်အတူ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရသည်။ မေလတွင် မူဆယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး မဝါဝါနိုင်တို့ ဇနီးမောင်နှံအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၂ ဦးဖြစ်သည်။
"ကျမတို့မှာ ဘာမှ မရှိဘူး။ တစ်လပိုင်း (ဇန်နဝါရီလ) ကတည်းက အဖမ်းခံရတာ။ တစ်လပိုင်းကနေ ငါးလပိုင်းအထိ ဘာအလုပ်မှ မရှိဘူး။ လစာလည်း မရဘူး။ တရုတ်မှာ နေထိုင်ခွင့်အထောက်အထား စာအုပ်အနီ စာအုပ်အစိမ်း ဘာမှ မရှိဘူး" ဟု မဝါဝါနိုင်က ပြောသည်။
မဝါဝါနိုင်တို့ ဖမ်းဆီးခံရချိန်တွင် ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပြန့်ပွားနေချိန်ဖြစ်သည်။ အသွားအလာကန့်သတ်ခံထားရပြီး နေ့စဉ်ဆေးစစ်သော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ပတ်သက်၍ ဘာမျှမသိခဲ့ရဟု ဆိုသည်။


တရုတ်နိုင်ငံခရီး
မဝါဝါနိုင်နှင့် ခင်ပွန်းသည် ဦးအောင်ကျော်စိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မောင်နှမကျေးရွာမှဖြစ်သည်။ ခမီမျိုးနွယ်စု တိုင်းရင်းသားဖြစ်ကြပြီး မွေးရပ်ဒေသတွင် လယ်သူရင်းငှားအဖြစ် လုပ်ကိုင်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားရာ အရပ်များတွင် မြောက်ဦးဒေသလည်း အပါအဝင်ဖြစ်သည်။ နယ်မြေမအေးချမ်းသည်နှင့်အမျှ အလုပ်အကိုင်လည်း ပို၍ ရှားပါးလာသည်။ သားသမီးသုံးဦး၏ အနာဂတ်အတွက် ငွေကြေးလိုအပ်နေသည်ဖြစ်ရာ တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်ရန် မဝါဝါနိုင်တို့ ဇနီးမောင်နှံ ဆုံးဖြတ်ခဲ့သည်။
ပွဲစားတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် ပြီးခဲ့သည့်နှစ် (၂၀၁၉) ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံရောက်ရှိခဲ့သည်။ ပွဲစားဆီကပင် အကြွေးယူကာ တရုတ်နိုင်ငံသွားရောက်ခဲ့ခြင်းဖြစ်သည်။ အလုပ်ရသည်နှင့်တပြိုင်နက် လစဉ် အရစ်ကျပြန်ဆပ်ခဲ့ရသည်။
တရုတ်နိုင်ငံရောက်စတွင် အထည်ချုပ်စက်ရုံ၌ ဝင်ရောက်လုပ်ကိုင်ကြသည်။ လစာအဖြစ် အမျိုးသားဖြစ်သူက တရုတ်ယွမ်ငွေ ၂၅၀၀ (မြန်မာငွေကျပ်ငါးသိန်းခန့်) နှင့် မဝါဝါနိုင်က ယွမ် ၂၀၀၀ (ကျပ်လေးသိန်းဝန်းကျင်) ခန့် ရရှိသည်။ လစာနည်းသဖြင့် တခြားစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။
"လစာက နည်းတယ်။ ကျမတို့ လင်မယားမှာ ကလေးတွေ ရှိသေးတယ်။ အဆင်မပြေဘူး။ အဲဒါကြောင့် ပြောင်းတာ။ စက်ရုံပြောင်းရင် လစာမရဘူး။ ပွဲစားတွေက ဖြတ်စားလိုက်တယ်" ဟု မဝါဝါနိုင်က ပြောသည်။
ငွေပိုရသည့် ကြွေပြားထုတ်စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သော်လည်း ပင်ပန်းဆင်းရဲလွန်းသဖြင့် ဖိနပ်စက်ရုံသို့ နောက်တစ်ကြိမ်ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ထိုမှတဆင့် နောက်ဆုံးတွင် ကြက်သားအစည်သွပ်စက်ရုံသို့ ရောက်ရှိခဲ့သည်။
ကြက်သားအစည်သွပ်စက်ရုံသို့ ပွဲစား၏အဆက်အသွယ်ဖြင့်ပင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လစာကိုလည်း ပွဲစားမှတဆင့်သာ လက်ခံရရှိခဲ့သည်။
"နေ့လယ် ထမင်းစားရင် မိနစ် ၂၀ ပဲ နားရတယ်။ ထမင်းကို စက်ရုံက ကျွေးတယ်။ စားမကောင်းဘူး။ ကိုယ့်ဟာကိုယ် အပြင်ကဝယ်စားတယ်။ ညစာကို ၅ နာရီမှာ ကျွေးတယ်။ ပြီးရင် ည ၉ နာရီအထိ အလုပ်လုပ်ရတယ်။ အမျိုးသားက တရုတ်ငွေ ၃၀၀၀ ရတယ်။ ကျွန်မက ၂၅၀၀ ရတယ်။ တရုတ်နိုင်ငံသားဆိုရင် ၇၀၀၀ ရတဲ့သူရှိတယ် (တရုတ်ငွေ ၁ ယွမ်သည် မြန်မာငွေကျပ် ၂၀၀ ဝန်းကျင်ခန့်ရှိသည်)" ဟု ဝူဟန်မြို့ ကြက်သားအစည်သွပ်စက်ရုံတွင် လုပ်ကိုင်ခဲ့ရပုံကို မဝါဝါနိုင်က ပြောပြသည်။
ဝူဟန်မြို့ရှိ ထိုစက်ရုံတွင် လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၇ ရက်သာသက်တမ်းရှိသည့် တစ်ခါသုံးနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ဖြင့် ကန့်သတ်ဒေသကို ကျော်လွန်သွားလာသောကြောင့် ဖြစ်သည်။ တရုတ်ရဲက ၎င်းတို့ကိုဖမ်းဆီးပြီးနောက် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအဖြစ် မြန်မာနိုင်ငံပြန်ပို့ခဲ့သည်။
မဝါဝါနိုင်တို့ ဇနီးမောင်နှံမှာ အခြားမြန်မာအလုပ်သမားများနည်းတူ ပွဲစားမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
"ပွဲစားနဲ့ သွားတာ။ အလုပ်ရရင် အရစ်ကျပေးရမယ်လို့ ပြောတယ်။ တစ်လကို တရုတ်ငွေ ၅၀၀ စီ ပြန်ပေးရတယ်။ သွားတုန်းက လမ်းမှာ တစ်ရက် အဖမ်းခံရသေးတယ်" ဟု မဝါဝါနိုင်က ပြောသည်။
တရုတ်နိုင်ငံမှ ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
နှစ်စဉ် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား သိန်းနှင့်ချီရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။ အများစုမှာ နယ်စပ်ကိုဖြတ်ကာ တရားမဝင် သွားရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် လူကုန်ကူးခံရသူများလည်း ရှိနေသည်။
မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းချရန်နှင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို စက်ရုံအလုပ်ရုံများတွင် သက်သာသော လုပ်အားခဖြင့် ခိုင်းစေရန်ဟူသော လူကုန်ကူးမှုပုံစံနှစ်မျိုး တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ဆိုသည်။
"ပွဲစားတွေက စက်ရုံတွေမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ရောင်းစားခဲ့တာတွေ ရှိပါတယ်။ ပွဲစားကောင်းရင် အလုပ်ကောင်းရတာတွေ ရှိသလို ပွဲစားမကောင်းလို့ စက်ရုံမကောင်းဘူးဆိုရင် တော်တော်ဒုက္ခရောက်ကြရပါတယ်။ လုပ်အားခလည်း ခေါင်းပုံဖြတ်ခံရတယ်" ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် ကရုဏာလူမှုကူညီရေးအသင်း (မူဆယ်) ဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။
လူကုန်ကူးခံရသည့် အမျိုးသမီးများနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ အရေးယူမှုရှိသော်လည်း အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်သည့် ပွဲစားများနှင့်ပတ်သက်၍ အရေးယူမှု မရှိသလောက် နည်းပါးကြောင်းလည်း ၎င်းက ပြောသည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပါ ပုဒ်မ (၂၆) အရ တရားဝင်မှတ်ပုံတင်ထားသည့် အေးဂျင့် (ကိုယ်စားလှယ်) မှလွဲ၍ မည်သူမှ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းအလုပ်သမား ပို့ဆောင်ခွင့်မရှိသည်ဖြစ်ရာ ထိုသို့ပြုလုပ်ပါက ဥပဒေအရ တိုင်ကြားနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ (Future Light Center) ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောသည်။
တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများ အလုပ်သမားများအနေဖြင့် ပွဲစားတည်နေရာကို စုံစမ်းကာ ရဲစခန်းတွင်အမှုဖွင့်ရန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို တိုင်ကြားရန်နှင့် အကူအညီလိုအပ်ပါက အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ကို ဆက်သွယ်ရန် ၎င်းက တိုက်တွန်းသည်။
"၂၀၁၄ ခုနှစ်လောက်က တရုတ်စက်ရုံတစ်ခုမှာ လုပ်ခလစာမရဘဲ ပိတ်မိနေတဲ့ မြန်မာလုပ်သားတွေကို မိသားစုဝင်တွေရဲ့ ဆက်သွယ်မှုနဲ့ လူကုန်ကူးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ILO (အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့)၊ ဝန်ကြီးဌာန (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား) တွေနဲ့ ပူပေါင်းပြီး ကျွန်မတို့နိုင်ငံ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်နိုင်ခဲ့ပါတယ်" ဟု ဒေါ်သက်သက်အောင်က ပြောသည်။
တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် သိန်းနှင့်ချီသော မြန်မာများသွားရောက်နေသော်လည်း ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား မည်သည့်သဘောတူစာချုပ်မှ ချုပ်ဆိုထားခြင်း မရှိပေ။
“ငါတို့ကတော့ တရားဝင်လွှတ်ချင်တယ်။ အလုပ်သမားအခွင့်အရေးတွေ ဘာတွေရမလဲသိချင်တယ်။ တရားဝင်မသွားသမျှ တရုတ်တင်မဟုတ်ဘူး၊ ဘယ်ပဲဖြစ်ဖြစ် အခက်အခဲကြုံနေရမှာပဲ။ ဒီကာလဆို ပိုတောင်မှ ပြဿနာရှိသေးတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြေသည်။
တရားဝင်လုပ်သားစေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံနှင့်မျှ ထိုသို့ရေးထိုးထားခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်အာဏာပိုင်များက တရားမဝင်မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ နေရပ်ပြန်ပို့လျက်ရှိသည်။ မူဆယ်နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တစ်သိန်းကျော်ခန့်ရှိသည်ဟု ဦးသောင်းထွန်းက ပြောသည်။
“အခု စက်တင်ဘာလဆန်းအထိကို တရုတ်ဘက်မှာ ထောင်ကျခဲ့တဲ့ မြန်မာအလုပ်သမားတွေ ပြန်လွှဲနေတာ တစ်ပတ်ကို ၁၀၀၊ ၁၃၀ လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ဗလာဖြင့် ဝူဟန်ပြန်
မဝါဝါနိုင်တို့ ဇနီးမောင်နှံ ပြန်လည်ရောက်ရှိသည့်အချိန်တွင် မြန်မာနိုင်ငံ၌လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်ကျရောက်နေပြီဖြစ်သည်။ အသွားအလာကန့်သတ်ကာ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှု အဆင့်ဆင့်ခံယူခဲ့ရသည်။
နောက်ဆုံးတွင် ဇာတိရပ်ရွာဖြစ်သည့် မြောက်ဦးမြို့နယ် မောင်နှမကျေးရွာသို့ မဝါဝါနိုင်တို့ ဇနီးမောင်နှံ ပြန်လည်ရောက်ရှိခဲ့သည်။ သို့သော် ဆွေမျိုးများအပါအဝင် ရွာရှိလူမျိုးများက သူတို့ကို စကားမပြောရဲကြတော့ပေ။
"ရွာကအမျိုးတွေက ကြောက်လို့ စကားမပြောရဲကြဘူး။ သူတို့ကို ပြန်ပြောတယ်၊ မကြောက်ကြပါနဲ့။ ဝူဟန်က ပြန်လာပေမဲ့ ကိုးဗစ်ရောဂါမဖြစ်လို့ ပြန်လာလို့ရတာလို့" ဟု ရွာပြန်ရောက်စဉ်ကအကြောင်းကို မဝါဝါနိုင်က ပြောပြသည်။
ရွာပြန်ရောက်သော်လည်း အလုပ်အကိုင်မရှိ။ တရုတ်နိုင်ငံကို တစ်နှစ်နီးပါးသွားရောက်လုပ်ကိုင်ခဲ့သော်လည်း ပိုက်ဆံမစုနိုင်ခဲ့ဘဲ ဒုက္ခပင်လယ်ဝေခဲ့ရသည်။
"ဒီရောက်တဲ့အထိ တစ်ကျပ်မှ မပါတော့ဘူး။ ရွာမှာ ကွာရန်တင်း (အသွားအလာကန့်သတ်ထားရှိခြင်း) ဆင်းတဲ့အထိ တစ်ကျပ်မှကို မပါတော့ဘူး။ အိမ်ရောက်တဲ့အထိ တွေ့တဲ့လူတွေက ကျွေးတာ" ဟု လည်း ဝူဟန်ပြန်ခရီးအကြောင်း မဝါဝါနိုင်က ရှင်းပြသည်။
ရွာ၌ အလုပ်အကိုင် မရှိသည့်အပြင် တိုက်ပွဲများလည်း ဖြစ်နေသည်။ ရွာတွင်ဆက်လက်နေထိုင်ရန် မဖြစ်တော့သည့်အဆုံး တကျော့ပြန်ထွက်ဖို့ ဆုံးဖြတ်ရပြန်သည်။ ဤတစ်ခေါက်တွင် ရန်ကုန်သို့ သွားရန်ဖြစ်သည်။ ရွှေပြည်သာ စက်မှုဇုန်နယ်မြေသို့ ဇူလိုင်လဆန်းပိုင်းတွင် ရောက်ရှိခဲ့သည်။ အလုပ်ရလိုရငြားဖြင့် စက်မှုဇုန်ရှိရာ ရွေးလာခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုဗစ်နိုင်တင်းကာလဖြစ်သောကြောင့် မည်သည့်အလုပ်အကိုင်မျှ ရှာမရခဲ့ပေ။
စက်ရုံတချို့တွင် လူလိုသည်ဆိုသော အသံသဲ့သဲ့ကြားရုံဖြင့်ပင် အပြေးအလွှား အလုပ်သွားလျှောက်ဖြစ်သည်။ သို့သော် မဝါဝါနိုင်တို့ ဇနီးမောင်နှံနှစ်ဦးစလုံး အလုပ်မရပေ။ အကြောင်းကတော့ အသက်ကြီးနေ၍ဖြစ်သည်။
မဝါဝါနိုင်မှာ ယခုအခါ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးအောင်ကျော်စိန်မှာ အသက် ၄၂ နှစ်ရှိပြီဖြစ်သည်။
ဦးအောင်ကျော်စိန်မှာ မကြာမီက အလုပ်လေးတစ်ခုရခဲ့သည်။ ပန်းရံအဖွဲ့တစ်ခုတွင် အုပ်သယ်သူအဖြစ် နေ့စားလိုက်ရခြင်းဖြစ်သည်။ အလုပ်ရှိသည့်နေ့တွင် ဦးအောင်ကျော်စိန်ရရှိသည့် နေ့စားခ ကျပ် ၈၀၀၀ က မိသားစုဝင်ငွေပင် ဖြစ်သည်။
သားသမီးများကို ရင်အုပ်မကွာရှိစေချင်သောကြောင့် ရန်ကုန်သို့ ခေါ်ထားရသည်။ မိသားစုငါးဦး၏ စားဝတ်နေရေးအတွက် မဝါဝါနိုင်တို့ ဇနီးမောင်နှံ ရတက်မအေးရှိလှသည်။ ကိုဗစ်ကာလတွင် အစိုးရက ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ကြေးပေးသော်လည်း သူတို့မိသားစုမပါဝင်ပေ။ အစိုးရထောက်ပံ့ကြေးအတွက် မဝါဝါနိုင်တို့မိသားစုတွင် သန်းခေါင်စာရင်းမရှိပေ။
ရွှေပြည်သာရှိ ဆွေမျိုးများနေအိမ်တွင် မိသားစုလိုက် ခိုကပ်နေရခြင်းဖြစ်သည်။ မိသားစုစားဝတ်နေရေးအတွက် အရေးတကြီးလိုအပ်နေသည်မှာ အလုပ်အကိုင်ဖြစ်ကြောင်း မဝါဝါနိုင်တို့ ဇနီးမောင်နှံ နားလည်သဘောပေါက်ထားသည်။
သို့သော် နိုင်ငံရပ်ခြားသွားရောက်လုပ်ကိုင်ရန် စိတ်မကူးရဲတော့ပေ။ နေရပ်ဇာတိ၌လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည်။ ကျန်ရှိနေသူများပင် အသက်လုကာ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ရွှေပြည်သာတွင်လည်း အလုပ်အကိုင်ရှားပါးလျက် ရှိသည်။
"ရတဲ့အလုပ်ကို လုပ်မယ်။ အခုထိ အလုပ်မရသေးဘူး။ ရခိုင်မှာ ဘာအလုပ်မှ မရှိဘူး။ စစ်ပွဲတွေ ဖြစ်နေတာလေ။ နေစရာလည်း မရှိဘူး။ အဲဒါကြောင့် ရန်ကုန်ကိုလာတယ်" ဟု ယိုင်နဲ့နဲ့ အိမ်အတွင်းမှ အပြင်ကိုလှမ်းမျှော်ကြည့်ရင်း ပြောလိုက်သည့် မဝါဝါနိုင်၏ အသံက အားပျော့လျက်ရှိသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။


















