၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားကာ အမျိုးသားရေးလှုပ်ရှားသူများ ကြီးစိုးထားသည့် မိတ္ထီလာနယ်တွင် ပြည်ခိုင်ဖြိုးပါတီအောင်ပွဲခံခဲ့သည် 

မိတ္ထီလာမြို့တွင် စက်တင်ဘာ ၁၆ ရက်ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွင်း သာသနာ့အလံ အသုံးပြုခဲ့သည်ကို တွေ့ရှိရစဉ်။ (ဓာတ်ပုံ - ပေးပို့) 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးလှုပ်ရှားသူများ ကြီးစိုးခဲ့ရာ မိတ္ထီလာမြို့တွင် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် သာသနာ့အလံအသုံးပြုခဲ့သဖြင့် တိုင်ကြားခံထားရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့ မဲဆွယ်စည်းရုံးရေးတွင် ရာနှင့်ချီသော စီတန်းလှည့်လည်သူများအနက် အချို့သောသူများက သာသနာ့အလံများ ကိုင်ဆောင်ခဲ့ခြင်း၊ အရက်သေစာသောက်စားထားခြင်း၊ အခြားပါတီအမှတ်တံဆိပ် အသုံးပြုထားသူများကို ရန်စနှောက်ယှက်ခြင်းများ ပြုခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသည်။

“ဒီလိုဖြစ်ပျက်နေတယ်။ ပါတီတွေအကြားမှာ ပဋိပက္ခဖြစ်စေနိုင်တယ်။ ဒီလိုပဋိပက္ခမဖြစ်အောင်လို့ နောက်တစ်ခုက သူတို့ဘက်က ရန်စတာရှိတယ်လို့တော့ သတင်းတွေတက်လာတယ်။ ဒါကြောင့် တိုင်းရွေးကောက်ပွဲကော်မရှင်ကို ပဋိပက္ခနဲ့အဓိကရုဏ်းတွေ မဖြစ်ပေါ်စေဖို့ အကြောင်းကြားတာပါ” ဟု NLD ပါတီ၏ မန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုက Myanmar Now ကို ပြောသည်။

မိတ္ထီလာမြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ စက်တင်ဘာ ၁၇ တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

NLD ပါတီ၏ တိုင်ကြားစာကို လက်ခံရရှိထားပြီး စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးရှိန်ဝင်းက ပြောသည်။ 

“သူ့ပါတီ အလံမဟုတ်ရင် ထောင်ခွင့်မရှိပါဘူး" ဟု ၎င်းက ပြောသော်လည်း မည်သို့ အရေးယူဆောင်ရွက်မည်ကိုမူ အတိအကျ မသိရသေးပေ။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင်မူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရုတ်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ ဘာသာရေးကို နိုင်ငံရေးကိစ္စအတွက် အလွဲသုံးစားပြုသောအဖွဲ့အစည်းမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခွင့်ပင် မရှိစေရဟုလည်း ထိုဥပဒေတွင် ကန့်သတ်ထားသည်။ 

ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင်လည်း နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ၊ အဖွဲ့အစည်းဝင်ဖြစ်သူများမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ၊ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။

အကယ်၍ ထိုသို့လုပ်ဆောင်ခဲ့ကြောင်း တိုင်ကြားမှုခံရလျှင် ရွေးကောက်ပွဲကော်မရှင်က စိစစ်သည့်အခါ ဟုတ်မှန်ကြောင်းပေါ်ပေါက်ပါက တရားမဲ့ပြုကျင့်မှုအဖြစ် သတ်မှတ်၍ ရွေးကောက်ခံပြီးဖြစ်သူကိုပင် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း အဆိုပါဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့က ဘာမှမသိတာ။ အပြင်အဖွဲ့က လုပ်သွားတဲ့အခါကျတော့ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က အဲဒီနေ့မှာ တနေ့လုံး ရုံးထဲမှာရှိနေတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာနေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က မေးမြန်းလာလျှင်လည်း ၎င်းတို့စီမံဆောင်ရွက်ခြင်းမဟုတ်သည်ကို ဖြေရှင်းမည်ဖြစ်ကြောင်းလည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောသည်။ 

တကျော့ပြန်ကိုဗစ်နိုင်တင်းကပ်ရောဂါ ကျရောက်နေသောကြောင့် လူအင်အားပြ မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် ပါတီဝင်များကို ညွှန်ကြားထားသည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက အဆိုပါစက်တင်ဘာ ၁၆ ရက်တွင် တစ်နိုင်ငံလုံးသို့ အွန်လိုင်းမှတဆင့် အသိပေးပြောကြားခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များ အပါအဝင် မိတ္ထီလာခရိုင် တစ်ခုလုံးတွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၄ ခုရှိပြီး နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၇၃ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်အတွင်းက လူမျိုးရေးနှင့် ဘာသာရေးအခြေခံသော ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးခဲ့ပြီး နောက်ပိုင်းတွင်လည်း အမျိုးသားရေးသမားများက မိတ္ထီလာနယ်ကို ဗဟိုချက်ထားလျက် ဘာသာရေးနှင့် လူမျိုးရေးလှုံ့ဆော်မှုများ ဖော်ဆောင်ခြင်းများ ရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရေးကာလတွင် မိတ္ထီလာသို့ ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သူ ဦးသိန်းစိန်လာရောက်ခဲ့ပြီး နောက်တစ်နေ့ထုတ် အစိုးရသတင်းစာမျက်နှာဖုံးများတွင် 'မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွှမ်းရမည်' ဟု ဖော်ပြခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရခဲ့သော်လည်း မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သည်။ ဇာတိမြေဖြစ်သည့် မိတ္ထီလာတွင် အပြတ်အသတ် ရှုံးခဲ့ရသည့်အတွက် ကြေကွဲရသည်ဟု ထိုစဉ်က NLD ပါတီဗဟိုအောင်နိုင်ရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က သူ၏ 'သံသရာတစ်ကွေ့' စာအုပ်တွင် တခုတ်တရ ထည့်သွင်းရေးသားထားသည်။ 

"ဘာကြောင့် ရှုံးရတယ်ဆိုတာကို ဆန်းစစ်တဲ့အခါ သူတို့ဘက်က စည်းရုံးရေးအပြတ်အသတ်လုပ်ခဲ့လို့လို့ ကောက်ချက်ချမိပါတယ်။ သမ္မတလုပ်နေတဲ့ မောင်သိန်းစိန်က မိတ္ထီလာမြို့ကို စည်းရုံးရေးကာလမှာ သုံးကြိမ်တောင် ရောက်ခဲ့ပါတယ်" ဟု ဦးဝင်းထိန်က ရေးသားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ခုနှစ်သိန်းကျော်ရှိသည့်အနက် တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော် ပါဝင်နေသည်။ ထို့ပြင် မဲရုံပေါင်း ၁၀၆၉ ရုံရှိသည့်အနက် သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များနှင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးပါတီက သောင်ပြိုကမ်းပြိုနိုင်ခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်းက ဆိုထားပြီး ပြိုင်ဆိုင်မှုပြင်းထန်မည့် ရွေးကောက်ပွဲဖြစ်ကာ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဟု မိတ္ထီလာမြို့နယ် NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသူ ဒေါက်တာဝင်းစိုးဦးက ပြောကြားထားသည်။

၎င်းတို့နှစ်ဦးသည် မိတ္ထီလာနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများဖြစ်ပြီး ပြည်ခိုင်ဖြိုးနှင့် NLD ပါတီ၏ အဓိကပြိုင်ဘက်များဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါက်တာဝင်းစိုးဦး ရှုံးနိမ့်ခဲ့သည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading