နေပြည်တော်အမြန်လမ်းပေါ်တွင် FDA ငါးကြီးကို ဖမ်းမိခြင်း

အကြီးအကျယ် လာဘ်စားသည်ဟု စွပ်စွဲခံရသူ FDA ညွှန်ချုပ်ကို အရေးယူနိုင်မှုသည် တာဝန်သိ အရပ်သားတစ်ဦးနှင့် စွန့်စားသည့်အမတ်တစ်ဦး အဝေးပြေးကားပေါ်တွင် ဘေးချင်းယှဉ်ထိုင်မိရာမှ အစပြုခဲ့သည်။

Published on Dec 16, 2018
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း

နေပြည်တော်ရှိ လွှတ်တော်အမတ်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြားအဖို့ သောကြာနေ့ညဆိုသည်မှာ ခရီးထွက်သည့်ည ဖြစ်သည်။ ပျင်းရိဖွယ်ကောင်းသည့် နေပြည်တော်မှ ထွက်ပြီး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မိမိတို့မြို့ထံ ပြန်သူပြန်ကြ။ ဝေးလံသောအရပ်များမှ လာရောက်သူများပင် အိမ်သို့ မပြန်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့တစ်မြို့သို့ သွားပြီး တနင်္လာမနက် အလုပ်ချိန်မီရန် တနင်္ဂနွေညဘက် နေပြည်တော်သို့ ပြန်လာကြသည်။

၂ဝ၁၇ သြဂုတ်လ ၁၁ ရက် သောကြာညနေ လွှတ်တော်အမတ်တစ်ဦး၏ နေပြည်တော်-ရန်ကုန် အမြန်လမ်း ခရီးစဉ်တစ်ခုတွင် အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့က အရေးယူခဲ့သည့် ပထမဆုံး“ငါးကြီးကြီး” သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူး ဒေါက်တာသန်းထွဋ်ကို ကျပ်သိန်းထောင်ချီ ခြစားမှု စွပ်စွဲချက်ဖြင့် တရားစွဲနိုင်ရန် အကြောင်းဖန်ခဲ့သည်။

ထိုလွှတ်တော်အမတ်မှာ အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ပအိုဝ်းတိုင်းရင်းသား၊ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာခွန်ဝင်းသောင်း ဖြစ်သည်။

“ဒါမျိုးတွေ ဌာနဆိုင်ရာတွေမှာ ရှိနေသေးတယ်။ ဒီထက်ဆိုးတာတွေလည်း အများကြီးပဲ ရှိနေတယ်။ ပြောချင်တာက နာလန်မထူပါဘူးဆိုမှ ခိုးတုန်းပဲ” ဟု

မိုးမောက်မြို့နယ်တွင် နေထိုင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုသည့် ၆၂ နှစ်အရွယ် လွှတ်တော်အမတ်က ဆိုသည်။

FDA တစ်ရုံး၊ ညွှန်ချုပ်အတွက် အိမ်တစ်လုံး

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများကို ပြည်သူများကြား ကျားကုတ်ကျားခဲ လေ့လာပြီး လွှတ်တော်တွင် အဆိုတင်သွင်းတတ်သူပီပီ ထိုညက အဝေးပြေးကားထဲတွင် ဘေးချင်းယှဉ်လိုက်ပါလာသော ကိုင်ရိုဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူနှင့် စကားပြောပြီး ပြည်သူတို့၏ အခြေအနေများကို စနည်းနာရာမှ FDA ဌာနအတွင်း ခြစားသည့် ကိစ္စရပ်များ ကြားသိခဲ့ရသည်။

ကိုင်ရိုကုမ္ပဏီဝန်ထမ်းမှာ ရန်ကုန်တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ ၄င်းက ကုမ္ပဏီသည် FDA ဌာနအတွက် နေပြည်တော်နှင့် အခြားမြို့များတွင် ရုံး ၁၈ လုံး ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်က အဆောက်အအုံတစ်လုံးအတွက် သိန်း ၁၈,ဝဝဝ နှုန်း ဌာနသို့ ချထားပေးသော်လည်း ရုံးတစ်ရုံးဆောက်တိုင်း FDA ညွှန်ချုပ်အတွက် သိန်း ၃,ဝဝဝ မှ ၄,ဝဝဝ တန် နေအိမ်တစ်လုံး ဆောက်လုပ်ပေးရကြောင်း ဒေါက်တာခွန်ဝင်းသောင်းကို ပြောကြားခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုတွင် ဘဏ္ဍာရေး၊ ဘတ်ဂျက် ကိစ္စရပ်များ ဆွေးနွေးဖူးသည်။ ထိုဆွေးနွေးမှုတွင် ပြည်သူ့ဆေးရုံများ အဆောက်အအုံအရည်အသွေး ညံ့ဖျင်းမှုအကြောင်းလည်း ပါရှိသည်။

ထို့ကြောင့် ခရီးသွားဖော်က ကျန်းမာရေးဝန်ကြီးဌာနအတွက် အဆောက်အအုံများဆောက်လုပ်သည်ကို သိရှိသွားသောအခါ သူက “အခုအစိုးရလက်ထက်မှာ ပညာရေး၊ ကျန်းမားရေးကိစ္စရပ်တွေမှာ ဘတ်ဂျက်ငွေတွေ ပိုချပေးနေတော့ ပြည်သူတွေ အမှန်တကယ် အကျိုးရှိမှာပေါ့” ဟု မေးခွန်းထုတ်လိုက်သည်။ ထိုမေးခွန်းကြောင့် ခရီးသွားဖော်က “ဆရာထင်သလား” ဟု အစချီပြီး သူ့ကုမ္ပဏီက FDA ညွှန်ချုပ်အတွက် ဆောက်လုပ်ခဲ့ရသည့် ကိစ္စရပ်များကို ဖွင့်ချ ပြောပြခဲ့ခြင်းဖြစ်သည်။

၄င်းဖွင့်ချသည့်အချက်များထဲတွင် ကိုင်ရိုကုမ္ပဏီက FDA ညွှန်ချုပ်အတွက် ရန်ကုန်တွင် တိုက်တစ်လုံး၊ နေပြည်တော် ရွာသစ်ရှိ ၄င်းပိုင်သော မြေ ကိုးဧကပေါ်တွင် သိန်း ၅,ဝဝဝ တန် အဆောက်အအုံတစ်လုံး၊ နေပြည်တော် ရွှေကြာပင်ရပ်ကွက်တွင်လည်း သိန်း ၃,ဝဝဝ တန် အိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့ကြောင်း ပါရှိသည်။

နေပြည်တော်မှ ရန်ကုန်သို့ မန္တလာမင်းဘတ်စ်ကားဖြင့် ည ၉ နာရီခွဲအချိန်တွင် ထွက်ခွာလာခဲ့ကြရာ ည ၁၁ နာရီခွဲခန့်တွင် အမြန်လမ်း ၁၁၅ မိုင် ရပ်နားစခန်းသို့ ရောက်ရှိသည့်အခါ ဒေါက်တာခွန်ဝင်းသောင်းက သူသည် လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်း၊ အဆောက်အအုံအရည်အသွေး အားနည်းမှုနှင့် ပတ်သက်ပြီး သူဆွေးနွေးဖူးသည့် လွှတ်တော် ရုပ်သံမှတ်တမ်းကို ဖုန်းတွင် ဖွင့်ပြလိုက်သည်။

အကျိုးဆက်အားဖြင့် ကုမ္ပဏီဝန်ထမ်းက အသေးစိတ်အချက်များကို သူ့ကို ထပ်မံပြောပြသည်။ ရွာသစ်ရှိ မြေ ကိုးဧကပေါ်တွင် နေအိမ်တစ်လုံးအပြင် ရေကူးကန်၊ အုတ်တံတိုင်း၊ ခြံစည်းရိုးတို့ကို ကုမ္ပဏီက ဆောက်ပေးခဲ့ရပြီး၊ ထိုအိမ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိ ညွှန်ချုပ်ပိုင်အိမ်များတွင် သိန်း ၇ဝ မှ ၈ဝ တန် ဧည့်ခန်းဆိုဖာခုံများ၊ မီးဖိုဆောင်သုံး အိုးခွက်ပန်းကန်များ၊ မျက်နှာပြင် လက်မ ၆ဝ ကျော် ရုပ်မြင်သံကြားစက်များ၊ အရက်ဘားကောင်တာများ ထည့်သွင်းပေးခဲ့ရကြောင်း ကုမ္ပဏီဝန်ထမ်းက ရှင်းပြခဲ့သည်။

FDA ရုံးများကို အရည်အသွေးလျှော့ပြီး ဆောက်လုပ်ရာမှ ပိုထွက်လာသည့် စရိတ်ဖြင့် သိန်းထောင်ချီ တန်ကြေးရှိသော နေအိမ်များ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒုဝန်ကြီးလောင်းလျာဟုဆို

အဝေးပြေးကားတွင် စကားလက်ဆုံကျပြီး လေးလခန့်အကြာ ယခုနှစ် ဇန်နဝါရီလတွင် ဒေါက်တာခွန်ဝင်းသောင်းနှင့် ကုမ္ပဏီဝန်ထမ်းတို့ နေပြည်တော်တွင် တွေ့ဆုံကြပြီး အရည်အသွေး လျှော့ဆောက်ထားသည် ဆိုသည့် FDA အဆောက်အအုံတို့ကို တိတ်တဆိတ် လိုက်လံကြည့်ရှုခဲ့ကြသည်။

သူတို့သွားခဲ့သောရုံးမှာ နေပြည်တော်စည်ပင်ရိပ်သာနှင့် မြို့မစျေးကြား အမျိုးသား ပရဆေးဥယျာဉ်အကျော် မီးပွိုင့်မှ ယာဘက်လမ်းအတိုင်း ချိုးဝင်ပြီး မိနစ်အနည်းငယ် ကားမောင်းလျှင် တွေ့ရသော FDA ရုံး ဖြစ်သည်။

“သူပြောပြတာတော့ မိုးထားတဲ့သွပ်ပြားတွေက ဂိတ်မပြည့်ဘူး၊ ပါးနေတယ်။ အမိုးဒိုင်းတွေက အမှန်တကယ် ထည့်ရမယ့် အရေအတွက်ထက် လျှော့ထည့်ထားတယ်၊ အဆောက်အအုံက နောက် နှစ်နှစ်ဆို အမိုးတွေ ပေါက်ပြဲလိမ့်မယ်။ အဆောက်အအုံ အမိုးပေါက်လာရင် အကြီးစားပြင်ဆင်ဖို့ အစိုးရဆီ စရိတ်တောင်းတင်မယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြန်ပြောင်းပြောပြသည်။

ကုမ္ပဏီဝန်ထမ်း၏ ပြောဆိုချက်များကို အသံဖမ်းပြီး ဒေါက်တာခွန်ဝင်းသောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုင်ကြားလိုက်သည်။ မတိုင်ကြားမီ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ကို အကြောင်းကြားခဲ့သည်ဟု သူက ပြောသည်။ တိုင်ကြားစာကို ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ယခု သမ္မတဖြစ်လာပြီး ထိုအချိန်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ မိတ္တူပေးပို့ခဲ့သည်။

ဒေါက်တာသန်းထွဋ်သည် ထိပ်တန်းရာထူးတစ်ခုအတွက် လျာထားခံရဖူးသူဖြစ်သည်ဟု သိရကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

“တကယ်တော့ လူကြီးတွေက ဒေါက်တာသန်းထွဋ်ဟာ အလုပ်အကိုင် ထက်မြက်လို့ဆိုပြီး သူ့ကို ကျန်းမာရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးနေရာပေးဖို့ စဉ်းစားခဲ့တာတောင် ရှိပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆိုသည်။

ကော်မရှင်က ဒေါက်တာသန်းထွဋ်သည် ၄င်း၏လုပ်ပိုင်ခွင့်ကို သုံးစွဲပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီအား ကျပ်သိန်း ၁၅ဝဝ ခန့် တန်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် တောင်းခံရယူသဖြင့် ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့သည်ဟု ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုင်စာရပြီး ချက်ချင်းဖမ်းဆီးခြင်း မဟုတ်ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုအတွက် ရက်ပေါင်း ၃ဝ ကျော်အတွင်း နေပြည်တော်၊ ရန်ကုန်တို့တွင် ၁၈ ဦးကို စစ်ဆေးမေးမြန်းပြီး အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့်သာ အမှုဖွင့်ခြင်းဖြစ်သည်ဟုလည်း ကော်မရှင်က ဇွန် ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

တိုင်ကြားချက်တွင် ကိုင်ရိုကုမ္ပဏီ ဆောက်လုပ်ခွင့်ရသော ရန်ကုန် နှလုံးအထူးကုဆေးရုံအကြောင်း ပါရှိသော်လည်း ကော်မရှင်က ထိုကိစ္စရပ်နှင့် ပတ်သက်၍ အထောက်အထား မတွေ့ရဟုဆိုကာ တရားစွဲသည့်အခါ ထိုအချက်ကို မထည့်ခဲ့ပေ။

ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းဇော်ဝင်းက နေပြည်တော် ရွာသစ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိ ဒေါက်တာသန်းထွဋ်ပိုင် မြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် ပတ်သက်သည်တို့ကိုသာ တရားစွဲချက်တွင် ထည့်ထားကြောင်း၊ အမှုတွင် ကိုင်ရိုဝန်ထမ်းတချို့ကို တရားလိုသက်သေများအဖြစ် ခေါ်ယူခဲ့ကြောင်း၊ ကုမ္ပဏီကို အရေးယူထားခြင်း မရှိကြောင်း ပြောကြားသည်။

“စစ်ဆေးတွေ့ရှိချက်အရ ကော်မရှင်ရဲ့ အဆုံးအဖြတ်နဲ့ ကျွန်တော်တို့က စွဲတာပေါ့။ ကျန်တဲ့ ဟာတွေမှာက တိုင်ကြားခြင်း မရှိဘူး၊ ပြီးတော့ ကျွန်တော်တို့မှာလည်း အထောက်အထား မရှိဘူး” ဟု သူက ဆိုသည်။

စွပ်စွဲခံရသူ၏ ငြင်းဆိုမှု

ညွှန်ကြားမှူးချုပ် ဒေါက်တာသန်းထွဋ်သည် အဂတိတိုက်ဖျက်ရေးကော်မရှင်က အရေးယူခဲ့သမျှတွင် ရာထူးအမြင့်ဆုံး အရာရှိ ဖြစ်ခဲ့သည်။ သူ့နောက်တွင်မှ ဟာသ သရုပ်ဆောင် အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားသည် ဟူသော စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး စက်တင်ဘာလတွင် အရေးယူခံရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်တွင် ကော်မရှင်က ဒေါက်တာသန်းထွဋ်အား တရားစွဲဆိုထားသော အမှုရုံးချိန်းတွင် ဒေါက်တာခွန်ဝင်းသောင်းက တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

“FDA ဌာနအတွက် သိန်း ၁၈,ဝဝဝ တန် အဆောက်အအုံတစ်ခုကို တင်ဒါရတဲ့ကုမ္ပဏီက ဆောက်ရင် အရည်အသွေးကို လျှော့ပြီး ညွှန်ချုပ်ကို သိန်းထောင်ချီတန် တိုက်တစ်လုံး၊ အိမ်တစ်လုံး ဆောက်ပေးရတယ်ဆိုတာ ထွက်ဆိုခဲ့ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

ထိုနေ့တွင် မန္တလေးအိုးဘိုထောင်မှ တရားရုံးသို့ လက်ထိပ်ဖြင့် ရောက်ရှိလာသော ဒေါက်တာသန်းထွဋ်ကမူ ၄င်းသည် မတော်မတရား စွပ်စွဲခံရထားခြင်းဖြစ်ကြောင်း၊ စွပ်စွဲမှုကို ပြန်လည်ဖြေရှင်းမည် ဖြစ်ကြောင်း တရားခွင်အထွက်တွင် ပြောကြားသည်။ ယခင်ကလည်း အလားတူ ပြောဆိုခဲ့ပြီးဖြစ်သည်။

အမှုကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားသူကြီးက ချိန်းဆိုလိုက်သည်။

တိုင်စာရပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးသည့်အခါ တိုင်ကြားချက်ပါ အချက်အလက်များ မှန်ကန်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က သမ္မတသစ်ဖြစ်လာသည့် ဦးဝင်းမြင့်ကို တင်ပြရာ သမ္မတက အမြန်ဆုံးအမှုဖွင့်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading