မဲပေးခွင့်ရှိသူ ၁၈၀၀ ကျော်သာရှိသည့် ဆွမ်ပရာဘွမ်မြို့နယ်တွင် ရုတ်တရက်ရွှေ့ပြောင်းလာသည့် တပ်မတော်သား ၄၀၀ ကျော်ပါဝင်နေပြီး တနိုင်းနှင့် အင်ဂျန်းယန်တွင်လည်း ပြောင်းရွှေ့လာသည့် တပ်ရင်းများရှိနေ 

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၏ မဲဆွယ်စည်းရေးလှုပ်ရှားမှု  (ဓာတ်ပုံ - KSPP)

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁,၈၆၂ ဦးအနက် ဩဂုတ်လဆန်းပိုင်းက ပြောင်းရွှေ့လာသူ တပ်မတော်သား ၄၀၀ ကျော်ပါဝင်နေကြောင်း ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများထံမှ ယနေ့ (စက်တင်ဘာ ၁၇) တွင် သိရှိရသည်။

ရွေးကောက်ပွဲဥပဒေအရ ဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေထိုင်ပြီးမှသာ ထိုဒေသ၌ မဲစာရင်းတင်သွင်းနိုင်မည်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းတွင် ရုတ်တရက်ရွှေ့ပြောင်းလာသော တပ်မတော်သားများ ပါဝင်နေခြင်းအပေါ် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများက စိုးရိမ်မှုရှိနေပြီး ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားသည်။  

“အခု ကျွန်တော့်မဲဆန္ဒနယ်မှာ စစ်သားတွေ မဲပေးဖို့ စောင့်နေကြတယ်။ သူတို့က အဆင်သင့်ဖြစ်နေပြီ။ ၂၀၁၅ တုန်းကလည်း ဒီလိုမျိုးစောင့်နေတဲ့ပုံစံမျိုး မရှိခဲ့ဘူး။ သူတို့ထည့်မယ့်ဘက်က မဲနိုင်သွားဖို့တော့ ရှိတယ်။ စစ်တပ်မဲနဲ့ပဲ အရေးနိမ့်လာမလား စိုးရိမ်တာပေါ့နော်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဦးကွမ်ဂေါင်အောင်ခမ်းသည် ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဆွမ်ပရာဘွမ်မြို့နယ်တွင် ကချင်တိုင်းရင်းသားပါတီများဖြစ်သည့် KSPP နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ တို့အပြင် နှင်းဆီပါတီဟု ခေါ်ဝေါ်ကြသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ရက်ပေါင်း ၉၀ နေထိုင်ခြင်းမရှိဘဲ မဲစာရင်း၌ တပ်မတော်သားများပါဝင်နေခြင်းနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားဆဲဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နယ်မှ NLD ပါတီဝင် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ပြောသည်။ 

ဆွမ်ပရာဘွမ်မြို့နယ်အခြေချ တပ်မတော်စခန်းများမရှိသော်လည်း ရှေ့တန်းရောက် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများက ရွေးကောက်ပွဲအတွက် ပုံစံ ၃ ဖြင့် လျှောက်ထားလာသောကြောင့် လက်ခံထားခြင်းဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“အခုကတော့ စာရွက်စာတမ်းတွေ ပို့ထားတာရှိတယ်။ အချက်အလက်တွေကို စိစစ်ဆဲပါ။ လိုအပ်တဲ့ အချက်အလက်၊ အထောက်အထားတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

လုံခြုံရေးနှင့်သက်ဆိုင်သောကြောင့် တပ်မတော်သားများ၏ မဲစာရင်းအတိအကျကို ပေး၍ မရသေးကြောင်း၊ သို့သော် ပုံစံ ၃ဖြင့် လျှောက်ထားလာသော တပ်မတော်သား ၄၀၀ ၏ အချက်အလက်များကို စက်တင်ဘာ ၁၇ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး အချက်အလက်ပြည့်စုံပါက လက်ခံမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း လစ်လပ်နေသည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂ တွင် KSPP ပါတီမှ ဦးကွမ်ဂေါင်အောင်ခမ်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ 

ထိုကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်အရ ဦးကွမ်ဂေါင်အောင်ခမ်းက NLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ရှုံးနိမ့်ရခြင်းမှာ တပ်မတော်သားများ၏ ကြိုတင်မဲကြောင့်ဟုဆိုကာ ဦးကွမ်ဂေါင်အောင်ခမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပုံစံ ၁၉ ဖြင့် ကန့်ကွက်ခဲ့သည်။ 

လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်သူဦးရေ ၁၈၀၀ ကျော်သာရှိသည့် ဆွမ်ပရာဘွမ်၌ မကြာခင်က ရွှေ့ပြောင်းလာသော တပ်မတော်သားများကြောင့် မဲကွဲနိုင်သည်ဟု KSPP ပါတီဒုတိယဥက္ကဌလည်းဖြစ်သည့် ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။ 

“မဲတော့ ကွဲလာနိုင်ပါတယ်။ အဓိက ကျွန်တော်တို့ စိုးရိမ်တာတော့ NLD နဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ မဲကွဲသွားမယ့်ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။  

ဆွမ်ပရာဘွမ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်နယ်လွှတ်တော် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးလည်း ပါဝင်လျက်ရှိသည်။ 

ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဆွမ်ပရာဘွမ်မြို့နယ်အပြင် တနိုင်းနှင့် အင်ဂျန်းယန်မြို့နယ်များတွင်လည်း ရွှေ့ပြောင်းလာသည့် တပ်မတော်သားများရှိနေသည်ဟု NLD ပါတီ၏ ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဝင် ဦးဝင်းဗိုလ်က ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားပြောင်းရွေ့မှု များနေသောကြောင့် ပါတီအောင်နိုင်ရေး အာရုံစိုက်လုပ်ဆောင်ရန် NLD ပါတီဝင်ဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သတိပေးထားကြောင်းလည်း ၎င်းက ပြောသည်။ 

“ဘယ်တပ်တွေ ရွှေ့နေတယ်ဆိုတာ သိအောင်ပြောတာပေါ့။ ကျွန်တော်တို့ဘက်က ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲ။ ဘယ်လိုစည်းရုံးကြမလဲဆိုတာ စဉ်းစားထားဖို့ ပြောပြတယ်။ တပ်တွေ ဘယ်လိုပဲချချ ကျွန်တော်တို့အောင်နိုင်ရေးကို  သမာသမတ်ကျကျလုပ်ရမှာပေါ့။ အတတ်နိုင်ဆုံးကြိုးစားရမှာပေါ့” ဟု ဦးဝင်းဗိုလ်က ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက အတည်မပြုသော်လည်း NLD ပါတီ၏ ပြည်နယ်အောင်နိုင်ရေးကော်မတီ၏ စာရင်းအရ ဆွမ်ပရာဘွမ်မြို့နယ်တွင် တပ်မတော်သား ၅၀၀ ခန့်နှင့် အင်ဂျန်းယန်မြို့နယ်တွင် ၄၀၀ ခန့်သည် ဩဂုတ်လအတွင်း ရွှေ့ပြောင်းလာကြသည်ဟု ဆိုသည်။ 

တနိုင်းမြို့နယ်တွင် နှစ်ဆန်းပိုင်းကတည်းက မိုးကောင်းမြို့နယ်မှ တပ်မတော်တပ်ရင်းများ ပြောင်းရွှေ့ခဲ့သည်ဟု ဦးဝင်းဗိုလ်က ပြောသည်။

တနိုင်းမြို့နယ်တွင် တပ်ရင်းလေးခု အသစ်တိုးလာသည်ကို ပုံစံ ၃(က) လျှောက်ထားသော စာရင်းများအရ သိရှိရသော်လည်း မည်သည့်ကာလက ရောက်ရှိလာသည်ကို မသိရသောကြောင့် တနိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားကြောင်း NLD ပါတီ၏ လက်ရှိ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။ 

“တပ်ရင်းတွေပြောင်းရွှေ့လာတဲ့အနေအထားက ကျွန်တော်တို့အများကြီးရုန်းရမှာပေါ့ဗျာ။ အဓိကတော့ ပြည်သူတွေ မဲရုံကို လာပေးကြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်နှင့် ဦးလင်းလင်းဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ NLD ကိုယ်စားလှယ် ဦးလင်းလင်းဦးက မဲအရေအတွက် ၁၈၉ မဲအသာဖြင့်သာ အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရာဂဏန်းမျှသော မဲကွာဟချက်ဖြင့်သာ အနိုင်ရခဲ့သောကြောင့် တနိုင်းမြို့နယ်သို့ တပ်ရင်းအသစ်များ ပြောင်းရွှေ့အခြေစိုက်လာသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရုန်းကန်ရမည့်အနေအထားဖြစ်ကြောင်း ဦးလင်းလင်းဦးက ဆိုသည်။ 

တပ်မတော်သားများ၏ မဲစာရင်းနှင့်ပတ်သက်၍ ဒုတိယအကြိမ် မဲစာရင်းကြေညာသည့်အခါ ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပုံစံ ၃ ဖြင့် လျှောက်ထားသော တပ်မတော်သားမဲစာရင်းများကို စိစစ်ဆဲဖြစ်သည်ဟု တနိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်သက်ပိုင်က ပြောသည်။ 

"တပ်ရင်းတွေ ဗိုလ်တွေဆီက တရားဝင် လက်မှတ်ထိုးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပေးပို့လာတဲ့ စာရင်းတွေကို စိစစ်ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။ 

တနိုင်းမြို့နယ်၌ မဲဆန္ဒမဲပေးခွင့်ရှိသူ ၃၂,၂၉၈ ယောက်ရှိပြီး ပုံစံ ၃ ဖြင့် လျှောက်ထားသည့် တပ်မတော်သားအရေအတွက်ကိုမူ ပြောပြ၍ မရကြောင်းလည်း ဦးကျော်သက်ပိုင်က ပြောသည်။ 

ကချင်ပြည်နယ်အတွင်း မကြာခင်က ရွှေ့ပြောင်းလာသည့် တပ်မတော်သားများ၏ မဲစာရင်းနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading