ရွေးကောက်ပွဲ

ကချင်တွင် ပြောင်းရွှေ့တပ်ရင်းများကြောင့် ရွေးကောက်ပွဲရလဒ်ထိခိုက်မည်ကို စိုးရိမ်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁,၈၆၂ ဦးအနက် ဩဂုတ်လဆန်းပိုင်းက ပြောင်းရွှေ့လာသူ တပ်မတော်သား ၄၀၀ ကျော်ပါဝင်နေကြောင်း ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများထံမှ ယနေ့ (စက်တင်ဘာ ၁၇) တွင် သိရှိရသည်။

ရွေးကောက်ပွဲဥပဒေအရ ဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေထိုင်ပြီးမှသာ ထိုဒေသ၌ မဲစာရင်းတင်သွင်းနိုင်မည်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းတွင် ရုတ်တရက်ရွှေ့ပြောင်းလာသော တပ်မတော်သားများ ပါဝင်နေခြင်းအပေါ် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများက စိုးရိမ်မှုရှိနေပြီး ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားသည်။  

“အခု ကျွန်တော့်မဲဆန္ဒနယ်မှာ စစ်သားတွေ မဲပေးဖို့ စောင့်နေကြတယ်။ သူတို့က အဆင်သင့်ဖြစ်နေပြီ။ ၂၀၁၅ တုန်းကလည်း ဒီလိုမျိုးစောင့်နေတဲ့ပုံစံမျိုး မရှိခဲ့ဘူး။ သူတို့ထည့်မယ့်ဘက်က မဲနိုင်သွားဖို့တော့ ရှိတယ်။ စစ်တပ်မဲနဲ့ပဲ အရေးနိမ့်လာမလား စိုးရိမ်တာပေါ့နော်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဦးကွမ်ဂေါင်အောင်ခမ်းသည် ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဆွမ်ပရာဘွမ်မြို့နယ်တွင် ကချင်တိုင်းရင်းသားပါတီများဖြစ်သည့် KSPP နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ တို့အပြင် နှင်းဆီပါတီဟု ခေါ်ဝေါ်ကြသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ရက်ပေါင်း ၉၀ နေထိုင်ခြင်းမရှိဘဲ မဲစာရင်း၌ တပ်မတော်သားများပါဝင်နေခြင်းနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားဆဲဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နယ်မှ NLD ပါတီဝင် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ပြောသည်။ 

ဆွမ်ပရာဘွမ်မြို့နယ်အခြေချ တပ်မတော်စခန်းများမရှိသော်လည်း ရှေ့တန်းရောက် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများက ရွေးကောက်ပွဲအတွက် ပုံစံ ၃ ဖြင့် လျှောက်ထားလာသောကြောင့် လက်ခံထားခြင်းဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“အခုကတော့ စာရွက်စာတမ်းတွေ ပို့ထားတာရှိတယ်။ အချက်အလက်တွေကို စိစစ်ဆဲပါ။ လိုအပ်တဲ့ အချက်အလက်၊ အထောက်အထားတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

လုံခြုံရေးနှင့်သက်ဆိုင်သောကြောင့် တပ်မတော်သားများ၏ မဲစာရင်းအတိအကျကို ပေး၍ မရသေးကြောင်း၊ သို့သော် ပုံစံ ၃ဖြင့် လျှောက်ထားလာသော တပ်မတော်သား ၄၀၀ ၏ အချက်အလက်များကို စက်တင်ဘာ ၁၇ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး အချက်အလက်ပြည့်စုံပါက လက်ခံမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း လစ်လပ်နေသည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂ တွင် KSPP ပါတီမှ ဦးကွမ်ဂေါင်အောင်ခမ်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ 

ထိုကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်အရ ဦးကွမ်ဂေါင်အောင်ခမ်းက NLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ရှုံးနိမ့်ရခြင်းမှာ တပ်မတော်သားများ၏ ကြိုတင်မဲကြောင့်ဟုဆိုကာ ဦးကွမ်ဂေါင်အောင်ခမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပုံစံ ၁၉ ဖြင့် ကန့်ကွက်ခဲ့သည်။ 

လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်သူဦးရေ ၁၈၀၀ ကျော်သာရှိသည့် ဆွမ်ပရာဘွမ်၌ မကြာခင်က ရွှေ့ပြောင်းလာသော တပ်မတော်သားများကြောင့် မဲကွဲနိုင်သည်ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။ 

“မဲတော့ ကွဲလာနိုင်ပါတယ်။ အဓိက ကျွန်တော်တို့ စိုးရိမ်တာတော့ NLD နဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ မဲကွဲသွားမယ့်ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။  

ဆွမ်ပရာဘွမ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်နယ်လွှတ်တော် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးလည်း ပါဝင်လျက်ရှိသည်။ 

ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဆွမ်ပရာဘွမ်မြို့နယ်အပြင် တနိုင်းနှင့် အင်ဂျန်းယန်မြို့နယ်များတွင်လည်း ရွှေ့ပြောင်းလာသည့် တပ်မတော်သားများရှိနေသည်ဟု NLD ပါတီ၏ ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဝင် ဦးဝင်းဗိုလ်က ပြောသည်။ 

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း မဲစာရင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ – ပြည်နယ်ရွေးကောက်ပွဲကော်မရှင်) 

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားပြောင်းရွှေ့မှု များနေသောကြောင့် ပါတီအောင်နိုင်ရေး အာရုံစိုက်လုပ်ဆောင်ရန် NLD ပါတီဝင်ဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သတိပေးထားကြောင်းလည်း ၎င်းက ပြောသည်။ 

“ဘယ်တပ်တွေ ရွှေ့နေတယ်ဆိုတာ သိအောင်ပြောတာပေါ့။ ကျွန်တော်တို့ဘက်က ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲ။ ဘယ်လိုစည်းရုံးကြမလဲဆိုတာ စဉ်းစားထားဖို့ ပြောပြတယ်။ တပ်တွေ ဘယ်လိုပဲချချ ကျွန်တော်တို့အောင်နိုင်ရေးကို  သမာသမတ်ကျကျလုပ်ရမှာပေါ့။ အတတ်နိုင်ဆုံးကြိုးစားရမှာပေါ့” ဟု ဦးဝင်းဗိုလ်က ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက အတည်မပြုသော်လည်း NLD ပါတီ၏ ပြည်နယ်အောင်နိုင်ရေးကော်မတီ၏ စာရင်းအရ ဆွမ်ပရာဘွမ်မြို့နယ်တွင် တပ်မတော်သား ၅၀၀ ခန့်နှင့် အင်ဂျန်းယန်မြို့နယ်တွင် ၄၀၀ ခန့်သည် ဩဂုတ်လအတွင်း ရွှေ့ပြောင်းလာကြသည်ဟု ဆိုသည်။ 

တနိုင်းမြို့နယ်တွင် နှစ်ဆန်းပိုင်းကတည်းက မိုးကောင်းမြို့နယ်မှ တပ်မတော်တပ်ရင်းများ ပြောင်းရွှေ့ခဲ့သည်ဟု ဦးဝင်းဗိုလ်က ပြောသည်။

တနိုင်းမြို့နယ်တွင် တပ်ရင်းလေးခု အသစ်တိုးလာသည်ကို ပုံစံ ၃(က) လျှောက်ထားသော စာရင်းများအရ သိရှိရသော်လည်း မည်သည့်ကာလက ရောက်ရှိလာသည်ကို မသိရသောကြောင့် တနိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းထားကြောင်း NLD ပါတီ၏ လက်ရှိ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။ 

“တပ်ရင်းတွေပြောင်းရွှေ့လာတဲ့အနေအထားက ကျွန်တော်တို့အများကြီးရုန်းရမှာပေါ့ဗျာ။ အဓိကတော့ ပြည်သူတွေ မဲရုံကို လာပေးကြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်နှင့် ဦးလင်းလင်းဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ NLD ကိုယ်စားလှယ် ဦးလင်းလင်းဦးက မဲအရေအတွက် ၁၈၉ မဲအသာဖြင့်သာ အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ရာဂဏန်းမျှသော မဲကွာဟချက်ဖြင့်သာ အနိုင်ရခဲ့သောကြောင့် တနိုင်းမြို့နယ်သို့ တပ်ရင်းအသစ်များ ပြောင်းရွှေ့အခြေစိုက်လာသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရုန်းကန်ရမည့်အနေအထားဖြစ်ကြောင်း ဦးလင်းလင်းဦးက ဆိုသည်။ 

တပ်မတော်သားများ၏ မဲစာရင်းနှင့်ပတ်သက်၍ ဒုတိယအကြိမ် မဲစာရင်းကြေညာသည့်အခါ ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပုံစံ ၃ ဖြင့် လျှောက်ထားသော တပ်မတော်သားမဲစာရင်းများကို စိစစ်ဆဲဖြစ်သည်ဟု တနိုင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်သက်ပိုင်က ပြောသည်။ 

“တပ်ရင်းတွေ ဗိုလ်တွေဆီက တရားဝင် လက်မှတ်ထိုးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပေးပို့လာတဲ့ စာရင်းတွေကို စိစစ်ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။ 

တနိုင်းမြို့နယ်၌ မဲဆန္ဒမဲပေးခွင့်ရှိသူ ၃၂,၂၉၈ ယောက်ရှိပြီး ပုံစံ ၃ ဖြင့် လျှောက်ထားသည့် တပ်မတော်သားအရေအတွက်ကိုမူ ပြောပြ၍ မရကြောင်းလည်း ဦးကျော်သက်ပိုင်က ပြောသည်။ 

ကချင်ပြည်နယ်အတွင်း မကြာခင်က ရွှေ့ပြောင်းလာသည့် တပ်မတော်သားများ၏ မဲစာရင်းနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

Show More

Related Articles

Back to top button