၂၀၁၅ မှ စတင်ကာ လက်နက်ကိုင်ပဋိပက္ခဒဏ် ခံလာရသည့်  ချင်းပြည်နယ် ပလက်ဝမြို့တွင် အရပ်သားများ၏ လုံခြုံရေးအပြင် လတ်တလော နိုင်ငံတစ်ဝန်း ကပ်ရောဂါကူးစက်မှုများ ရှိသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိသည်ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်

ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် (ဓာတ်ပုံ- Soe Htut/ Facebook) 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)  တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ပိတ်ဆို့ထားသည်များလည်းရှိသည်။ ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်တက်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်အတွက် ကပ်ရောဂါထိန်းချုပ် ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေရသည်။

သွားရေးလာရေးခက်ခဲသည့်အပြင် စစ်ပွဲနှင့် ကူးစက်မြန် ကိုဗစ်နိုင်တင်းကပ်ရောဂါတို့နှင့်ပါ နပန်းလုံးနေရသည့် ပလက်ဝဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်မှု အလားအလာနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ ဦးစိုးထက်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုကာ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မေး။      ။ ပလက်ဝမြို့ပေါ်က ဒေသခံတွေရဲ့ အခြေအနေဘယ်လိုရှိလဲခင်ဗျ။

ဖြေ။      ။ အခုတော့ ပုံမှန်သွားလာနေတယ်။ အရင်က ‌တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတာ။ အခုက မြို့ပေါ်မှာ မဖြစ်ဘူး။ ဒါပေမယ့် ကျောက်တော်ဘက်က ရေလမ်းတို့ ကုန်းလမ်းတို့ ပိတ်ထားတယ်။ မတူပီ၊ - ဆမီး - ပလက်ဝလမ်းပေါ့။ ဒီတစ်လမ်းပဲ သွားလို့လာလို့ ရတယ်။ အဲဒီလမ်းကြောင်းပေါ်မှာ ပိတ်ဆို့တာတွေက ခဏခဏ ဖြစ်တယ်။ ဒီလမ်းကြောင်းလေး ပွင့်ရင်တော့ ဒေသခံတွေ စားရေးသောက်ရေး အဆင်ပြေတာပေါ့။ အခုက ဆန်တစ်အိတ်ကို ပခုက္ကူဘက်မှာ ၂၅,၀၀၀ လောက်ဆိုရင် ပလက်ဝမှာ ‌၆၅,၀၀၀ လောက်ရှိတယ်။ ဘိလပ်မြေတစ်အိတ်က ပုခုက္ကူမှာ ၄,၅၀၀ ဆိုရင် ပလက်ဝမှာ ၂၅, ၀၀၀။ ဆယ်ဆလောက်ကို စျေးမြင့်နေတယ်။

ကုန်စျေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူလူထုကပဲ ခံရတယ်။ ပိုက်ဆံလည်း ရှာလို့မရဘူး။ စားစရာလည်း မရှိဘူးဖြစ်နေတယ်။ ပြောရမယ်ဆိုရင် ဒီလမ်းကြောင်းကို ပိတ်ဆို့နေခြင်းဟာ လူထုကိုနှိပ်စက်နေတာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီလမ်းကြောင်းတစ်ကြောင်းကတော့ ပြည်သူလူထုရဲ့ အသက်သွေးကြောလမ်းကြောင်း ဖြစ်နေတဲ့အတွက် ဒီနေရာကတော့ စစ်မက်မဖြစ်ပွားအောင် ရှောင်သင့်ပါတယ်။

မေး။       ။ကိုဗစ်နိုင်တင်းရောဂါ ပြန့်ပွားနေတဲ့ကာလမှ ရွေးကောက်ပွဲလည်း နီးလာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဘာပြောချင်ပါသလဲ။ 

ဖြေ။     ။ အဓိကက ကမ္ဘာကရော၊ မြန်မာတစ်နိုင်ငံလုံးကရော ဒီကိစ္စကြီးက အရေးကြီးလို့ တစ်နိုင်ငံလုံးမှာလည်း (တိုက်ပွဲတွေ) ရပ်တန့်နေကြတာပေါ့လေ။ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝ၊  ဒီနေရာလေးတွေမှာပဲ ဖြစ်နေတယ် ထင်တယ်။ အခြားဒေသမှာတော့ တစ်ဖက်သတ် ရပ်စဲတာတို့ ဘာတို့ လုပ်နေကြတော့ ဒီကာလမှာ တိုက်ပွဲတွေဖြစ်သံ မကြားရဘူး။ 

အဲဒီလိုပဲ အခြား‌‌ဒေသတွေမှာလည်း အဲဒီလိုရပ်စဲတာမျိုး ရှိနိုင်ရင်တော့ ကောင်းတာပေါ့။ ရှိဖို့လည်း ကောင်းပါပြီ။ ဘာလို့ဆိုရင် လူထုက တော်တော်ကို ဒုက္ခရောက်နေကြပြီ။ စားဝတ်နေရေးခက်ခဲပြီး အထိတ်တလန့်နဲ့ နေနေရတာက ဒီနေရာလေးပဲ ကျန်တော့တာလေ။ အဲဒါကြောင့် တိုက်ပွဲတွေ ရပ်တန့်ဖို့ ကောင်းတာပေါ့။

ပလက်ဝရဲ့ အနေအထားက ၂၀၁၅ ကနေစပြီး တဖြည်းဖြည်း အ‌ခြေအနေ ဆိုးဆိုးလာတာပေါ့။ ၂၀၁၉ နှောင်းပိုင်းနဲ့ ၂၀၂၀ အစောပိုင်းကတော့ အခြေအနေ အဆိုးဆုံးပါပဲ။ ကျွန်တော်တို့ ပလက်ဝဒေသက လူမျိုးစုတော်တော်များက ချင်းတစ်ခုတည်း ရှိတာမဟုတ်ပါဘူး၊ ရခိုင်တစ်ခုတည်း နေတာမဟုတ်ပါဘူး။ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ဗမာ၊ မွန်၊ ကရင်နဲ့ ချင်းထဲမှာတောင် မျိုးနွယ်စုတွေ အများကြီးရှိတော့ ဒီဒေသအေးချမ်းဖို့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့တော့ အားလုံးက မျှော်လင့်နေပါတယ်။

မေး။     ။အခြားတိုင်းဒေသကြီးအချို့မှာ ကိုဗစ်နိုင်တင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့က မဲဆွယ်စည်းရုံးမှု ယာယီရပ်ထားမယ်လို့ ပြောနေတာရှိတယ်။ ပလက်ဝမှာရော ဒီလိုမျိုး ရှိလာနိုင်လား။

ဖြေ။      ။ လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဘက်ကို နယ်မြေကန့်သတ်ချက်ကြောင့် လာလို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော်တို့ဒေသကလည်း တစ်နေရာနဲ့တစ်နေရာ သွားလို့လာလို့ မရတဲ့အတွက် ကိုဗစ်ကလည်း ထိန်းချုပ်ပြီးသားလို ဖြစ်လိမ့်မယ်ထင်တယ်။ ရောဂါလည်း ဒီမှာတော့ လောလောဆယ်တော့ မတွေ့ဘူး‌ပေါ့။

မဲဆွယ်စည်းရုံးတာကတော့ ပြည်မလိုတော့ ဒီဘက်မှာ ကောင်းကောင်း လာလို့၊ သွားလို့ မရနိုင်ဘူး။ ကိုဗစ်ဆိုတာကလည်း တမျိုး၊ ပုံမှန်စစ်ဆင်ရေး၊ လုံခြုံ‌ရေးကိစ္စလေးတွေလည်း နည်းနည်းရှိတာပေါ့လေ။ လောလောဆယ် မဲဆွယ်စည်းရုံးတာကို ရပ်ထားဖို့တော့ မရှိနိုင်သေးဘူး။ ရွေးကောက်ပွဲအတွက် နိုင်ငံတော်က ကြေညာထားပြီးတဲ့အတိုင်းပဲ ပုံမှန်လုပ်နိုင်ရင် ဒီမှာတော့ အဆင်ပြေမှာပါ။ 

အခု လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဆင်းနေတာတွေ ရှိတယ်။ လုပ်လို့၊ သွားလို့ရတဲ့ နေရာတွေမှာပေါ့နော်။ ကျွန်တော်တို့ ဆမီးဘက်ခြမ်း၊ ကန်ပက်လက်နယ်စပ်၊ မတူပီနယ်စပ် နောက် မင်းတပ်နယ်စပ်ပေါ့နော်။ အဲဒီလို နယ်စပ်ကျေးရွာတွေကတော့ နယ်မြေလည်း အေးချမ်းတယ်။ နောက် ပလက်ဝဆိုရင်လည်း ကျွန်တော်တို့ ရောက်နေတယ်ဆိုတော့ တချို့နေရာတွေမှာ ပြောသင့်တာတွေ ပြောဆိုပြီးတော့ လုပ်နေပါတယ်။ 

မေး။      ။ ပလက်ဝမှာ မဲဆွယ်စည်းရုံးမယ်ဆိုရင် လုံခြုံရေးအရ ဘယ်လောက်အထိ သွားလို့ရနိုင်လဲ။

ဖြေ။       ။ အဓိကကတော့ မြို့ဝန်းကျင်ရယ်၊ နောက် နယ်မြေအရတော့ ကျွန်တော်တို့ ၆၅ ရာခိုင်နှုန်းအထက်ပေါ့ လုပ်ရင် ဖြစ်ပါတယ်။ လောလောဆယ်ကတော့ တစ်ဖက်နဲ့တစ်ဖက် လှုပ်ရှားမှုတွေကတော့ ရှိနေတာပေါ့လေ။ ဒါပေမဲ့ နှစ်လလောက်အတွင်းမှာပဲ အမျိုးမျိုးပြောင်းလဲနိုင်တာပေါ့လေ။ ခေါင်းဆောင်ပိုင်းတွေရဲ့ သဘောထားပါပဲ။ ဆမီးနဲ့ ပလက်ဝလမ်းကြောင်းမှာတော့ မကြာမကြာ ပစ်တာခတ်တာတွေ ရှိတယ်။ ကျန်ခဲ့တဲ့ ၁၂ ရက်နဲ့ ၁၃ ရက်ကလည်း ပစ်ကြသေးတယ်။ ရွာသားတွေ ထွက်ပြေးကြတာတော့ မရှိဘူး။

 မေး။      ။ ပလက်ဝမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကရော လုံခြုံရေးအပေါ်မှာ ဘယ်လိုအမြင်ရှိကြလဲ။

ဖြေ။      ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ကလည်း ဒီနယ်မြေထဲ (ပလက်ဝ) ရောက်နေတာ။ တချို့ကလည်း နယ်မြေပြင်ပ ရောက်နေတယ်။ လုံခြုံရေးအရ အဲဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်တော့ စည်းရုံးရေးလုပ်နေတာပေါ့။ အားလုံးကတော့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ နယ်မြေအလိုက် ဆင်းနေကြတယ်။ ဒါပေမဲ့ ပြည်မလို ကျယ်ကျယ်ဝန်းဝန်းနဲ့၊ ကားနဲ့ဘာနဲ့ လုပ်လို့ရတဲ့အနေအထားမျိုး မဟုတ်ဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပရင် အဖြေတစ်ခု ထွက်လာမှာပဲ။ အဖြေထွက်လာမှ ကျွန်တော်တို့က အလုပ်ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ 

မလုံခြုံတဲ့အပေါ်မှာ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့် သွားလာနေရတာမျိုး ဖြစ်တဲ့အတွက်၊ ဥပမာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အောက်တိုဘာ ၁၅ ရက်ကစပြီး ရေကြောင်းဖြစ်ဖြစ် ကုန်းကြောင်းဖြစ်ဖြစ် ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွေးကောက်ပွဲတော့ လုပ်လို့ရပါပြီ။

 မေး။      ။ ပြီးခဲ့တဲ့ရက် အနည်းငယ်က ဝန်ကြီးကိုယ်တိုင် ပစ်ခတ်တိုက်ခိုက်ခံရတာမျိုး ကြုံခဲ့တယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဒါမျိုးတွေ ထပ်ဖြစ်လာနိုင်သလား။

ဖြေ။      ။ ကြုံလာနိုင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ယုံကြည်ချက်နဲ့ ကျွန်တော်တို့ သွားနေကြတာဖြစ်တယ်။ သူတို့ (AA ) လည်း သူတို့ယုံကြည်ချက်နဲ့ သူတို့လုပ်နေကြတာ ဖြစ်မှာပေါ့လေ။ သူတို့မှာ အိမ်မက်ရှိသလို ကျွန်တော်တို့မှာလည်း အိမ်မက်ရှိတယ်။ အဲဒါတွေက တူညီမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ သူတို့ကို ဘယ်တော့မှလည်း မ‌နှောင့်ယှက်ဘူး။ သူတို့ နှောင့်ယှက်မှုကတော့ ရှိခဲ့တယ်။ နောက်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး။      ။ လာမယ့်ရွေးကောက်ပွဲကာလက အဆင်ပြေပြေ ပြီးသွားနိုင်မယ်လို့ ထင်လား။

ဖြေ။     ။ ပြီးသွားမယ်ထင်ပါတယ်ခင်ဗျ။ အဆင်ပြေလိမ့်မယ် ထင်တယ်။ ဒါက အားလုံးရဲ့ မျှော်လင့်ချက်ပဲလေ။ ရွေးကောက်ပွဲကလည်း ငါးနှစ်မှတစ်ကြိမ် လုပ်တာဆိုတော့ လူတွေကလည်း ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက်၊ ကိုယ့်ဒေသတိုးတက်ဖို့အတွက် လူတိုင်းက ဆန္ဒရှိကြတယ်။ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့က လူတိုင်းမှာလည်း တာဝန်ရှိတာပေါ့။

မေး။      ။ တကယ်လို့ ပလက်ဝမှာ ဒီအတိုင်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရွေးကောက်ပွဲကျင်းပဖို့လည်း ခက်ခဲနေမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲ ခင်ဗျ။ 

ဖြေ။      ။ ကျွန်တော်တို့ကတော့ အဲဒီလိုမယုံကြည်ဘူး။ နိုင်ငံတော်ကလည်း ရွေးကောက်ပွဲလုပ်မယ်လို့ သတ်မှတ်ပြီးသားဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အခု ပလက်ဝမှာ ရောက်နေပြီးတော့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခြေအနေကို ကျွန်တော်တို့ သုံးသပ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆမီး-ပလက်ဝ ဧရိယာထဲမှာ စည်းရုံးရေးလုပ်ရင်းနဲ့ ဆွေး‌နွေးပြီးတော့ သုံးသပ်နေကြတယ်။ 

လူမျိုးစုံနေတဲ့ ‌ဒေသလည်းဖြစ်တယ်။ ပါတီစုံရှိတဲ့ ဒေသလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံးမှာလည်း ဒီလိုပဋိပက္ခတွေတော့ ဖြစ်ကြပါတယ်။ နေရာတိုင်းမှာဖြစ်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့၊ မကျင်းပဖို့ကတော့ အစိုးရနဲ့ပဲ ဆိုင်ပြီးတော့ ဒေသခံ‌တွေအားလုံးကလည်း ရွေးကောက်ပွဲ ဖြစ်စေချင်ပြီးတော့ ကိုယ့်ဒေသကို အကောင်းဆုံးဖြစ်စေချင်တဲ့အတွက် မလွဲမသွေဖြစ်မယ်လို့ ထင်ပါတယ်။ မဖြစ်ဘူးဆိုတာထက် ဖြစ်ဖို့ကိုပဲ ဦးတည်ပြီးတော့ အားလုံးက လုပ်နေကြပါတယ်။ 

မဖြစ်ဘူးဆိုရင်တော့ ကျွန်တော်တို့ဒေသမှာ အခွင့်အရေးတွေ အရမ်းကို ဆုံးရှုံးသွားမှာပေါ့။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ယောက်ရှိတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရှိတယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ဆိုတော့ ငါးယောက်။ အခြားဒေသမှာဆိုရင် လေးယောက်ပဲရှိတယ်။ ကျွန်တော်တို့ဆီကနေ ကိုယ့်ဒေသအကျိုးကို ပြည်‌ထောင်စုလွှတ်တော်မှာ တင်ပြဖို့၊ ပြည်နယ်လွှတ်တော်မှာ တင်ပြဖို့ ဆိုတဲ့ လူမရှိရင် ပိုဆိုးသွားမှာပေါ့။ 

မေး။       ။ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်ပြီးရွေးချယ်ခံရရင် ဘာအရင်ဆုံး လုပ်မလဲ။

‌ဖြေ။       ။ နယ်မြေအေးချမ်းဖို့ကိုပဲ အရင်စဉ်းစားရမယ်။ နယ်မြေအေးချမ်းမှ တခြားအရာတွေက လုပ်လို့ရမှာ ဖြစ်တဲ့အတွက် နယ်မြေအေးချမ်းဖို့ကို နည်းမျိုးစုံနဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိတဲ့သူတွေကို တင်ပြပြီးတော့မှ နယ်မြေအေးချမ်းဖို့၊ လူမှုဘဝ ဖူလုံဖို့ လုပ်ရမယ်။ အခုလည်း ဒေသဖွံ့ဖြိုးရေးကို မအေးချမ်းတဲ့ ကြားကနေ ကျွန်တော်တို့ လုပ်နေတယ်။ ဒုက္ခသည်တွေရဲ့ စားရေးရိက္ခာ ရနိုင်အောင်လို့ ကျွန်တော်တို့ လုပ်နေတယ်။ ဒါထက်တော့ ဆိုးစရာ မရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်။ အဆိုးဆုံးအခြေအနေကို ဖြတ်သန်းလာခဲ့ပြီးပြီပေါ့။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading