အလုပ်သမားထုကိုယ်စားပြု တစ်သီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း ၇ ဦးမှာ နိုဝင်ဘာရွေးကောက်ပွဲတွင် လှိုင်သာယာမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် 

အထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သူ မသဉ္ဇာထက်မှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည် (ဓာတ်ပုံ - ဖြိုးထက်အောင်/ Myanmar Now) 

တကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရှိလမ်းမများမှာ လူသွားလူလာကျဲကာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။ သို့သော်လည်း ရန်ကုန်တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်တွင် ရန်ကုန်နှင့်ဆန့်ကျင်လျက် လှုပ်လှုပ်ရှားရှားရှိနေသည်။ 

စက်တင်ဘာ နံနက်ခင်းတွင် စက်ရုံအလုပ်သမားများ၏ ရယ်မောသံများဖြင့် လှိုင်သာယာရှိလမ်းမများ အသက်ဝင်လျက်ရှိသည်။ အရောင်အသွေးစုံ တူညီဝတ်စုံများဖြင့် အမျိုးသမီးငယ်များသည် ကိုဗစ်နိုင်တင်းကို အမှုမထားနိုင်ဘဲ လုပ်ငန်းခွင်အချိန်မီရောက်ရှိရန် တက်သုတ်ရိုက်လျက်ရှိသည်။ 

ထိုအထဲတွင် အသက် ၃၆ နှစ်အရွယ် မသဉ္ဇာထက်ဆိုသူ အမျိုးသမီးလည်း အပါအဝင်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မသဉ္ဇာထက်မှာ မြန်မာပြည်အလယ်ပိုင်း ပွင့်ဖြူမြို့ ဇာတိဖြစ်သည်။ 

မသဉ္ဇာထက်၏ ငယ်ဘဝအိပ်မက်မှာ ရှေ့နေဖြစ်သော်လည်း အထက်တန်းကျောင်းသူဘဝတွင် ကျောင်းထွက်ခဲ့ရသည်။ လစာနည်းပါးသည့် စိုက်ပျိုးရေးဝန်ထမ်းဖြစ်သူ ဖခင်ကို အထောက်အကူဖြစ်စေရန်အလို့ငှာ ကျောင်းထွက်ပြီး ပွင့်ဖြူမြို့ရှိ စက်မှု (၁) ဝန်ကြီးဌာနပိုင် ယက္ကန်းစင်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

လစာ ၈၀၀၀ သာရသည့် စက်မှု (၁) ယက္ကန်းစင်အလုပ်ကို စွန့်လွှတ်ပြီး ၂၀၀၂ ခုနှစ်တွင် ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့သည်။ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ လက်ရှိလုပ်ကိုင်နေသည့် ချားမင်းအထည်ချုပ်စက်ရုံကို ၂၀၁၀ တွင် ရောက်ရှိခဲ့သည်။

လက်ရှိအချိန်တွင် မသဉ္ဇာထက်၏ လစာမှာ နှစ်သိန်းခွဲသာသာဖြစ်သည်။ အိမ်ထောင်မရှိသူ လူလွတ် အမျိုးသမီးတစ်ဦးအတွက် လောက်ငသည်ဟု ဆိုနိုင်ရုံသာ။ လှိုင်သာသာမြို့နယ်တွင် အထည်ချုပ် အလုပ်သမားအများစုနေထိုင်ရာ ရေအုတ်ကန်ရပ်တွင် ညီမဖြစ်သူ၊ မိဘနှစ်ပါးနှင့်အတူ မိသားစု လေးယောက် နေထိုင်ခဲ့ကြသည်။ 

ယခုအခါ သူ့ညီမဖွင့်လှစ်ထားသည့် ဘီယာဆိုင်ဘေးတွင် အခန်းယူပြီး ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၀ ပေအကျယ်အခန်းငယ်ပင်ဖြစ်သည်။ အလုပ်သွားသည့်အခါ စက်ရုံမှ ဖယ်ရီကားနှင့်ဖြစ်သည်။ 

အထည်ချုပ်အလုပ်သမားဘဝဖြင့် အလုပ်သမားအခွင့်အရေးတောင်းဆိုသည့် ဆန္ဒပြပွဲများတွင် မသဉ္ဇာထက် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် ဆက်သွယ်မိပြီး အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ လက်ရှိတွင် ချားမင်းအထည်ချုပ်စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဌ ဖြစ်သည်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သူ မသဉ္ဇာထက်မှာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁) တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲထည့်ခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ကိုယ့်ကိုကိုယ် မဲပြန်ပေးရတော့မည်ဖြစ်သည်။ 

ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အထည်ချုပ်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကပင် တိုက်တွန်းခဲ့ကြသည်။ အထည်ချုပ်စက်ရုံများတွင် ၁၀ နှစ်ကျော်လုပ်ကိုင်လာခဲ့သည့် အတွေ့အကြုံနှင့် အလုပ်သမားအရေးလှုပ်ရှားမှုများကြောင့် ထိုသို့တိုက်တွန်းသည်ထင်ကြောင်း မသဉ္ဇာထက်က ပြောသည်။ 

အဓိကအားဖြင့် ချိုးဖောက်ခံနေရသည့် အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိနိုင်ရန် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအနက် မမေ့နိုင်စရာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်များလည်းရှိနေသည်။ နေမကောင်းသဖြင့် ခွင့်တိုင်သည်ကို နောက်တစ်ရက် အလုပ်ဆင်းချိန်တွင် အလုပ်ပေးမလုပ်ဘဲ နေ့လယ်ထမင်းစားချိန်အထိ မတ်တပ်ရပ်စေပြီး ဒဏ်ပေးခံခဲ့ရခြင်းကို မသဉ္ဇာထက် အမှတ်အရဆုံးဖြစ်သည်။ 

အလုပ်သမား ၁၀၀ ကျော်ရှိ အထည်ချုပ်စက်ရုံလိုင်းတစ်လိုင်းတွင် အိမ်သာသွားခွင့်ကတ်ပြား ၃ ခုသာ ပေးထားခြင်း၊ ကျန်းမာရေးကိစ္စဖြစ်သည့် အိမ်သာသွားခြင်း (အပေါ့အလေးစွန့်ခြင်း) ကိုပင် စာရင်းမှတ်ထားပြီး အလုပ်လုပ်ခိုင်းသည့် ဆိုးရွားသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု ဆိုသည်။ 

ချိုးဖောက်ခံနေရသည့် အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိနိုင်ရန် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

"နောက်ပြီး ဥပဒေအရ အလုပ်သမားကို အနိုင်ပေးထားတဲ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘဲ အလုပ်သမား အလုပ်ပြန်မခန့်တာမျိုး ရှိတယ်။ လက်ရှိ အလုပ်သမားဥပဒေတွေကို ထိထိရောက်ရောက် ပြင်ဆင်နိုင်ခြင်း မရှိတာကြောင့် ဖြစ်ပါတယ်" ဟု မသဉ္ဇာထက်က ပြောသည်။ 

အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ ပြည်ထောင်စုအဆင့်ဖြစ်သည့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များ ထိရောက်ခြင်းမရှိသည်ကို မသဉ္ဇာထက်က ဆိုလိုခြင်းဖြစ်သည်။ 

အငြင်းပွားမှုဖြစ်သည့် အလုပ်သမားကို အလုပ်ပြန်မခန့်ခြင်းအပြင် အလုပ်ရှင်အများစုက ဒဏ်ငွေဆောင်ပြီး အငြင်းပွားမှု ပြီးမြောက်နိုင်ကြရာ ထိုဥပဒေတွင် ထောင်ဒဏ်ပါ ထည့်သွင်းရန် အလုပ်သမားများဘက်က ဆန္ဒရှိနေသည်။ 

ထို့ပြင် မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးစနစ်မှာ အားနည်းချက်များရှိနေပြီး နိုင်ငံတကာနှင့် တန်းတူညီမျှရှိသည့် လူမှုဖူလုံရေးစနစ်များကို ဘဝတူအလုပ်သမားများ ရရှိစေရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအနေနဲ့ ထိုင်အော်နေတာထက်စာရင် လွှတ်တော်မှာ ရွေးချယ်ခံရလို့ရှိရင် လွှတ်တော်မှာ စနစ်တကျနဲ့ ပြင်ဆင်ပြီးတော့ ဒီကိစ္စတွေကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခဲ့တာဖြစ်ပါတယ်” ဟု မသဉ္ဇာထက်က အားတက်သရောပြောသည်။

မသဉ္ဇာထက်ကဲ့သို့ပင် အလုပ်သမားဥပဒေပြင်ဆင်ရေးနှင့် အလုပ်သမားအခွင့်အရေးများ ရရှိရန် ရွေးကောက်ပွဲဝင်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦးအထိ ရှိနေသည်။ ၎င်းတို့အားလုံးမှာ လှိုင်သာယာ (အရှေ့) နှင့် (အနောက်) မြို့နယ်များမှ ဝင်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။

အလုပ်သမားထုကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအားလုံး၏ အမှတ်တံဆိပ်မှာ ဗေဒါပန်းဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များတွင် တွေ့မြင်ရသည့် ဗေဒါပန်းသည် လယ်သမား၊ အလုပ်သမားလူတန်းစားကို ကိုယ်စားပြုသည်ဟုယူဆကာ အသုံးပြုကြခြင်းဖြစ်သည်။ 

အလုပ်သမားထု လယ်သမားထုကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကြွေးကြော်သံမှာ “အလုပ်သမား၊ လယ်သမားဘဝကို မြှင့်တင်ဖို့ ဗေဒါကိုသာ မဲပေးစို့” ဖြစ်သည်။ 

သိန်းဂဏန်းရှိသော ရွှေ့ပြောင်းအလုပ်သမားများ၏ဆန္ဒမဲ 

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သူဦးရေ ၃၇ ဒသမ ၄၁ သန်းရှိပြီး လုပ်ငန်းခွင့်အသီးအသီးတွင် လုပ်ကိုင်နေသူ ၂၁ ဒသမ ၅၈ သန်းရှိသည်ဟု ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ နှစ်စဉ်လုပ်သားအင်အား စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

စီးပွားရေးမြို့တော် ရန်ကုန်ကို ဝိုင်းရံလျက်ရှိသည့် စက်မှုဇုန် ၂၉ ခုတွင် အလုပ်သမား ရှစ်သိန်းကျော် လုပ်ကိုင်နေပြီး အများစုမှာ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ အဆိုပါ ကိန်းဂဏန်းမှာ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနက ကောက်ခံထားသည့် စာရင်းဖြစ်သည်။ 

ရွေးကောက်ပွဲဆန္ဒမဲပေးပိုင်ခွင့်သည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်သည်။ မဲပေးခြင်းသည် သိန်းနှင့်ချီသော ထိုရွှေ့ပြောင်းအလုပ်သမားအတွက် အရေးပါနေသလို ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအတွက်လည်း အရေးပါလျက်ရှိသည်။ 

လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စသည့် ကြီးမားသောစက်မှုဇုန်ကြီးများမှာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းပါရှိသည်။ မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုလိုနီခေတ်လက်ကျန် အစိုးရရုံးဟောင်းဖြစ်သည်။ 

ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး၏ မြေညီထပ်တွင် ခုံတန်းရှည်ကြီးများက မညီမညာရှိနေသည်။ ရုံးသုံးစားပွဲအဖြစ် အသုံးပြုရန်ထားရှိသည့် ထိုခုံတန်းရှည်ကြီးများကြား၌ မြောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမွှေးတစ်ယောက် အလုပ်များလျက်ရှိသည်။ စက်တင်ဘာ ၂၀ တွင် ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းများ ပြုစုနေခြင်းဖြစ်သည်။ 

“နိုင်ငံသားမှန်တယ်။ ရက် ၉၀ အထက် နေထိုင်သူဖြစ်ရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံမယ်။ လုပ်ငန်းရှင်တွေက ထောက်ခံချက်ပေးရမယ်။ လဝက (လူဝင်မှုကြီးကြပ်ရေး) ကနေပြီး နိုင်ငံသားဖြစ်တယ် စိစစ်လို့ရှိရင် ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးပါဘူး” ဟု လုပ်လက်စအလုပ်များ လက်စသတ်ရင်း ဦးမွှေးက ရှင်းပြသည်။ 

အဓိကစက်မှုဇုန်ကြီးများတည်ရှိရာ ရန်ကုန်မြောက်ပိုင်းအတွင်း မြို့နယ် ၉ မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၂ ဒသမ ၁ သန်းကျော်ရှိသည်ဟု ဆိုသည်။ လှိုင်သာယာ (အရှေ့) မြို့နယ်တွင် မဲဆန္ဒရှင် သုံးသိန်းကျော် ၊ လှိုင်သာယာ (အနောက်) မြို့နယ်တွင် မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်နှင့် ရွှေပြည်သာတွင် သုံးသိန်းနီးပါး ရှိသည်ဟု ဦးမွှေးက ပြောသည်။ 

သို့သော် ရွှေ့ပြောင်းအလုပ်သမားအတွက် မဲစာရင်းတွင်ပါဝင်ရေး အခက်အခဲများလည်းရှိနေသည်။ ဧည့်စာရင်းတိုင်ကြားသည့်စနစ် ဖျက်သိမ်းပြီးနောက် အလုပ်သမားအများစုသည်လည်း ဧည့်စာရင်းတိုင်ကြားခဲ့ခြင်း မရှိကြတော့ပေ။

ထို့ကြောင့် ရက်ပေါင်း ၉၀ နေထိုင်ခဲ့ကြောင်း အထောက်အထားရရှိရန် ခက်ခဲနေသည်ဟု အလုပ်သမားရေးရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောသည်။

အလုပ်သမားများ လုပ်ငန်းခွင်မှ ပြန်လာချိန်တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးများ ပိတ်သည့် အချိန်နှင့် တိုက်ဆိုင်နေ၍ မဲစာရင်းစစ်ရန်လည်း ခက်ခဲနေသည်ဟု ၎င်းက ဆိုသည်။ 

“မဲပေးမယ့် မဲဆန္ဒရှင်က ဒါကို ဂရုတစိုက် မလုပ်နိုင်ဘူး။ မဲလိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်က ဒါတွေလုပ်ပေးဖို့ လိုပါတယ်။ ဒါဟာလည်း မဲဆွယ်နည်းတစ်မျိုးပါပဲ” ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

ဒဂုံဆိပ်ကမ်း (ခ) သူပုန်ဆိပ်ကမ်း 

အလုပ်သမားအခွင့်အရေးရရှိရန် ရွေးကောက်ပွဲဝင်ပြိုင်လိုသူများရှိသကဲ့သို့ လွှတ်တော်ပြင်ပတွင် အလုပ်သမားသပိတ်များ ဆင်နွှဲမှသာ အလုပ်သမားအခွင့်အရေးရရှိနိုင်မည်ဟု ယုံကြည်နေသူများလည်းရှိနေသည်။ 

ရန်ကုန်မြို့တော်ကို ဝိုင်းရံတည်ရှိနေသည့် စက်မှုဇုန် ၂၉ ခုအနက် ရန်ကုန်အရှေ့ခြမ်းရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 'သူပုန်ဆိပ်ကမ်းစက်မှုဇုန်' ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက အမည်ပေးထားကြသည်။ 

အလုပ်သမားသမဂ္ဂမျိုးစုံ စိုးမိုးထားသည့် ထိုဆိပ်ကမ်းစက်မှုဇုန်တွင် မကြာခဏဆိုသလို အလုပ်သမားပြဿနာများ၊ အလုပ်သမားအရေးဆန္ဒပြုမှုများ ပေါ်ပေါက်တတ်သောကြောင့် ထိုသို့ အမည်ပေးခေါ်ဝေါ်ကြခြင်းဖြစ်သည်။ 

အလုပ်ရုံ ပိတ်ဆို့ဆန္ဒပြမှုများ၊ ရက်ရှည်ထိုင်သပိတ်ဖြင့် တောင်းဆိုမှုများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထိ ချီတက်တောင်းဆိုမှုများကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရမှုလည်း ရှိနေသည်။ 

ထိုအလုပ်သမားသပိတ်များအနက် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖုယွမ်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ ထင်ရှားသည်။ သုံးလတိုင် သပိတ်စခန်းဖွင့်လှစ်တောင်းဆိုခဲ့မှုကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးခဲ့ရသည့် အလုပ်သမားသပိတ် ဖြစ်သည်။ 

ဖုယွမ်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌမှာ အသက် ၂၅ နှစ်အရွယ် မသက်ထားဆွေဆိုသူဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းဇာတိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည်။ ၂၀၁၁ တွင် အထက်တန်းအောင်မြင်ပြီးနောက် အလုပ်လုပ်ရင်း အဝေးသင်တက္ကသိုလ်တက်ရောက်ရန် ရန်ကုန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

ထိုအချိန်တွင် မိသားစုစီးပွားရေးအခြေအနေကြောင့် အဝေးသင်ဆက်မတက်ဖြစ်ဘဲ အထည်ချုပ်စက်ရုံတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွမ်အထည်ချုပ်စက်ရုံဖြစ်သည်။ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ရင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် ချိတ်ဆက်မိရာမှ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။

မသက်ထားဆွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မယုံကြည်သူဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးရန်စိတ်ကူးမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနိုင်မှသာ အလုပ်သမားအရေး အပြောင်းအလဲဖော်ဆောင်နိုင်မည်ဟု ယုံကြည်သူလည်းဖြစ်သည်။ 

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လွှတ်တော်ဟာ လုပ်ငန်းရှင်တွေကိုသာ ကိုယ်စားပြုပြီး အလုပ်သမားလူတန်းစားအတွက် တရားမျှတမှု ဖန်တီးပေးနိုင်မယ်လို့ မယုံကြည်ပါဘူး” ဟု  မသက်ထားဆွေက ပြတ်ပြတ်သားသားဆိုသည်။ 

အလုပ်သမား၊ လယ်သမားထုအတွက် ရပ်တည်ဖြေရှင်းပေးမည်ဟု ကြွေးကြော်ရင်း လွှတ်တော်ထဲ ရောက်ရှိသွားပါကလည်း မျှော်လင့်ချက်မရှိနိုင်ကြောင်းလည်း သူက ဆိုသည်။ 

"ကျွန်မတို့အနေနဲ့က မျှော်လင့်ချက် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အရွေးချယ်ခံမယ့်သူတွေဟာ ၂၀၀၈ ခြေဥအောက်ကနေပဲ လွှတ်တော်ထဲရောက်မှာဖြစ်တဲ့အတွက် မျှော်လင့်ချက်မရှိတာ ဖြစ်တယ်" ဟု မသက်ထားဆွေက ပြောသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးထားချက်အရ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် လွှတ်တော်ကို အယုံအကြည်မရှိသည့် မသက်ထားဆွေကဲ့သို့သော အလုပ်သမားခေါင်းဆောင်များရှိသည့်နည်းတူ အလုပ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမှာ အင်အားနည်းပါးသောကြောင့် လွှတ်တော်တွင်း ခြေမပေါ်မည်ကို စိုးရိမ်နေသူများလည်း ရှိနေသည်။ 

“အာဏာရပါတီရဲ့ ပေါ်လစီ (မူဝါဒ) အရ သူတင်ချင်တဲ့ဟာကိုတင်ပြီးတော့ သူတို့ထောက်ခံပါဆိုတဲ့ ဟာတွေကို ထောက်ခံနေတဲ့အချိန်မှာ လွှတ်တော်ထဲမှာ တစ်ယောက်တည်းသွားပြီးတော့ ကျွန်မတို့ တင်တဲ့ဥပဒေတွေ၊ အဆိုတွေဟာ အောင်မြင်နိုင်ပါ့မလား” ဟု STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

အလုပ်သမားအရေး လွှတ်တော်အိမ်မက် 

အလုပ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ၊ ဒို့မြေကွန်ရက် စသည့် အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများမှာ ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ရာ ကော့မှူး၊ လှိုင်သာယာ၊ ထန်းတစ်ပင် စသည့်မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  

“လွှတ်တော်ထဲကို လယ်သမားအသံ၊ အလုပ်သမားအသံတွေ သယ်ဆောင်သွားဖို့ ကျွန်တော်တို့က အခြားနိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အသိပေးဖို့၊ ဆွေးနွေးဖို့ပါ” ဟု လှိုင်သာယာ (အရှေ့) မြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံမည့် အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးဌေးက ပြောသည်။ 

ပြည်ထောင်စုအဆင့် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီအဖွဲ့ဝင် (အလုပ်သမားကိုယ်စားလှယ်) ဦးရဲကျော်သူမှာ လှိုင်သာယာမြို့နယ် (အနောက်) မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများတွင် အလုပ်ရှင်များက ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့်အတွက် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် ငွေဒဏ်အပြင် ထောင်ဒဏ်ပါထည့်သွင်းရန် ပြင်ဆင်လိုသည်ဟု ဆိုသည်။ 

"အလုပ်သမားဥပဒေတွေကို ပြင်ဆင်ပြောင်းလဲချင်တာပေါ့။ အဓိကအချက်ကတော့ ဒါပါပဲ။ လွှတ်တော် သက်တမ်းနှစ်ခုမှာ အလုပ်သမားဥပဒေတွေကို အားမရတာရှိတယ်" ဟု ရွေးကောက်ပွဲဝင်ပြိုင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဦးရဲကျော်သူက ပြောသည်။ 

တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် လွှတ်တော်၌ အင်အားနည်းနေမည်ဖြစ်သော်လည်း အလုပ်သမားအရေးစိတ်ဝင်စားသူ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ 

လွှတ်တော်တွင်း၌ အလုပ်သမားရေးဖော်ဆောင်နိုင်ရန် အလုပ်သမားကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်များရှိသလို အလုပ်သမားမဲဆန္ဒရှင်များ၏ အင်အားကို ပြသလိုသူများလည်း ရှိနေသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၇ သန်းရှိသည့်အနက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးနိုင်သည့် အလုပ်သမားအင်အားမှာ ၂၂ သန်းကျော်ရှိနေခြင်းကြောင့် အလုပ်သမားများ၏ အနာဂတ်ဘဝကို အာမခံချက်ပေးနိုင်သည့်သူများသာ အစိုးရဖြစ်နိုင်မည်ဟု CCTU အတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။

ထို့ကြောင့် အလုပ်သမားသမဂ္ဂများ၏ ဦးဆောင်မှုဖြင့် အလုပ်သမားမဲဆန္ဒရှင်များအနေဖြင့် စက်ရုံ၊ အလုပ်ရုံယူနီဖောင်းများ ဝတ်ဆင်ကာ မဲပေးနိုင်ရေး လှုံ့ဆော်စည်းရုံးနေကြောင်း ၎င်းက ပြောသည်။

“အလုပ်သမားတွေရဲ့ မဲ (ဆန္ဒမဲ) ဟာ ဘယ်လောက်အရေးပါသလဲသိသွားအောင် တူညီဝတ်စုံနဲ့ မဲပေးသွားမယ်” ဟု ဦးရဲနိုင်ဝင်း၏ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်အကြောင်း ပြောပြသည်။ 

အလုပ်သမားထုကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ လွှတ်တော်ပြင်ပလမ်းကြောင်းဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ ဆန္ဒမဲအားဖြင့် အင်အားပြ၍ဖြစ်စေ အလုပ်သမားထုအသံ လွှတ်တော်တွင်းရောက်ရေးမှာ အလုပ်သမားသမားအားလုံး၏ ပဓာနရည်မှန်းချက်ဖြစ်သည်။ 

ခေတ်အဆက်ဆက်တွင် ရပိုင်ခွင့်ဆုံးရှုံးနေရသည်ဆိုသော အလုပ်သမားထု၏ ညည်းတွားသံများ လွှတ်တော်တွင်း လွင့်ပျံနိုင်မလားဆိုသည်ကို ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် လွှတ်တော်အသီးသီးကို စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading