ရွေးကောက်ပွဲ

ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်သည့် အခြေအနေမဟုတ်သေးဟု NLD သုံးသပ်ထား

တစ်ကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်သော်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းလောက်သည်အထိ အခြေအနေမဆိုးသေးဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယူဆထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များအကြား ဆွေးနွေးမှုများရှိနေပြီး လတ်တလောတွင် အထက်ပါအတိုင်းသုံးသပ်ထားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ယနေ့ (စက်တင်ဘာ ၁၅) ညနေပိုင်းတွင် ပြောသည်။

“လောလောဆယ် ကျွန်တော်တို့သဘောထားကတော့ ရွှေ့ဖို့လုံလောက်တဲ့အကြောင်းအချက် မရှိသေးဘူးလို့ပဲ သုံးသပ်ပါတယ်။ အခြေအနေပြောင်းတဲ့အခါကျတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆုံးဖြတ်တာကို လိုက်နာမှာပါ” ဟု ၎င်းက ပြောသည်။ 

သို့သော် မည်သည့်နေ့ရက်တွင် ပါတီခေါင်းဆောင်များဆွေးနွေးခဲ့ပြီး ထိုသို့ဆုံးဖြတ်ခဲ့သည်ကိုမူ ဒေါက်တာမျိုးညွန့်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

သို့သော် ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားမှုရှိနေသည့် နေရာအချို့တွင် NLD ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ပါတီဗဟိုအောင်နိုင်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည့် ၎င်းက အသိပေးသည်။

ထိုသို့ရပ်ဆိုင်းရန် ညွှန်ကြားထားသည့် ဒေသများမှာ Stay at Home (နေအိမ်တွင်သာ နေထိုင်ရန် ညွှန်ကြားချက်) ကန့်သတ်ချက်အတွင်း အကျုံးဝင်နေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအပြင် အခြားနေရာ ၃ ခုခန့်ရှိသည်ဟုဆိုသော်လည်း ဒေါက်တာမျိုးညွန့်က အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

“သုံးရက်၊ ငါးရက်တန်သည် ခေတ္တရပ်ဆိုင်းတာပါ။ လုံးဝနားလိုက်တာမဟုတ်ပါဘူး” ဟုသာ ၎င်းက ပြောသည်။ 

လက်ရှိတွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီ စသည့်တိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် မဲဆွယ်လှုပ်ရှားမှုများ ခေတ္တရပ်ဆိုင်းထားကြောင်း NLD ပါတီ၏ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။ 

“မနေ့က စရပ်လိုက်တာပါ။ ဘာလို့ရပ်လိုက်တာလည်းဆိုတော့ ကျနော်တို့ ဝန်းသိုမြို့နယ်ကပ်လျက် နှစ်မြို့မှာ အတည်ပြုလူနာ တွေ့သွားတယ်ဗျ။ ကျနော်တို့ မဲဆွယ်စည်းရုံးတာက အရေးကြီးတာ မှန်တယ်ဆိုပေမဲ့လည်း အများပြည်သူနဲ့ဆိုင်တဲ့ ကျန်းမာရေးကိစ္စဆိုလို့ ဆင်ခြင်ရမယ်ဆိုပြီး ခဏ ရပ်ထားလိုက်တာပါဗျ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေစိုးအောင်က ပြောသည်။ 

ပဲခူးတိုင်း၊ အုတ်ဖြိုမြို့နယ်တွင် လွန်ခဲ့သည့် နှစ်ရက်ကတည်းကစ၍ လူအုပ်စုနှင့် မဲဆွယ်မှုများကို ရပ်နားထားကြောင်း အဆိုပါမြို့နယ်တွင် NLD ပါတီကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် ဦးဇော်မင်းက ပြောသည်။

“အခုကတော့ ကျနော်တို့က အွန်လိုင်းကနေ လုပ်တယ်။ နောက် စတစ်ကာကမ်ပိန်းပေါ့။ လူအများကြီး မပါဘူး။ သုံးလေးယောက်လောက်ပဲ သွားတယ်။ အိမ်တိုင်ရာရောက်သွားတယ်။ သူတို့ ဆန္ဒရှိတယ်ဆိုရင် ကျနော်တို့က စတေကာကပ်တာတို့၊ အလံလေးတွေ ထောင်ထားတာတို့ လုပ်ပါတယ်ဗျ”ဟု ၎င်းက ဆိုသည်။

လက်ရှိအခြေအနေများအရ မဲဆွယ်စည်းရုံးမှုများအခက်အခဲရှိနေ၍ လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုနေသည့် နိုင်ငံရေးပါတီများလည်းရှိနေသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီများက ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် တောင်းဆိုထားပြီး အဆိုပါတောင်းဆိုမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာအရေအတွက် ၃၂၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၂ ဦးရှိသည်။ 

စက်တင်ဘာ ၁ ရက်နေ့မှစ၍ ၁၄ ရက်အတွင်း ဒေသအသီးသီးမှ ဓာတ်ခွဲနမူနာပေါင်း ၄၆,၀၀၀ ကျော်စစ်ဆေးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာ ၂၄၀၀ ကျော်တွေ့ရှိခဲ့ပြီး ၁၄ ရက်အတွင်း ၂၆ ဦးထပ်မံ သေဆုံးခဲ့သည်။ 

Show More

Related Articles

Back to top button