တရုတ်ကုမ္ပဏီက သန်းနှင့်ချီသော အရေးကြီးပုဂ္ဂိုလ်များ၏အချက်အလက်များစုဆောင်းရယူထား 

ဩစတြေးလျနိုင်ငံပိုင် ABC သတင်းဌာနအဆိုအရ Zhenhua Data ၏ မိခင်ကုမ္ပဏီမှာ တရုတ်အစိုးရပိုင် CETC ကုမ္ပဏီဖြစ်ဖွယ်ရှိပြီး CETC သည် နေပြည်တော်နှင့် ရန်ကုန်၌ ရုံးခွဲများဖွင့်လှစ်ထားသည် 

Published on Sep 14, 2020
လူမှုကွန်ရက် Facebook အမှတ်တံဆိပ်ရှေ့တွင် ကွန်ပျူတာအသုံးပြုနေသူနှစ်ဦးနှင့် သရုပ်ဖော်ရိုက်ကူးထားသည့်ပုံ (ဓာတ်ပုံ- Reuters)
လူမှုကွန်ရက် Facebook အမှတ်တံဆိပ်ရှေ့တွင် ကွန်ပျူတာအသုံးပြုနေသူနှစ်ဦးနှင့် သရုပ်ဖော်ရိုက်ကူးထားသည့်ပုံ (ဓာတ်ပုံ- Reuters)

ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ကျော်ကြားသူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ စစ်ဘက်အရာရှိများ နှင့်ဆိုင်သော အသေးစိတ်ကိုယ်ရေးအချက်အလက်များကို တရုတ်နည်းပညာကုမ္ပဏီတစ်ခုက ရယူစုဆောင်းခဲ့သည်ဟု ဩစတြေးလျအခြေစိုက် Australian Financial Review က ယနေ့ (စက်တင်ဘာ ၁၄) တွင် ရေးသားဖော်ထုတ်လိုက်သည်။ 

လူပေါင်း ၂ ဒသမ ၄ သန်းကျော်၏ Facebook, Instagram ၊ Twitter ၊ LinkedIn ၊ TikTok စသည့်လူမှုကွန်ရက်များပေါ်မှ အချက်အလက်များကို ကျန်းဟွာဒေတာ အမည်ရှိ တရုတ်နိုင်ငံ ရှန်ကျန်းအခြေစိုက် နည်းပညာကုမ္ပဏီက စုဆောင်းထားခြင်းဖြစ်ပြီး ထိုကုမ္ပဏီမှာ တရုတ်အစိုးရ၏ စစ်တပ်နှင့် ထောက်လှမ်းရေးကွန်ရက်များနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။ 

ခရစ်စတိုဖာဘိုးလ်ဒင်း (Christopher Balding) အမည်ရှိ အမေရိကန်ပညာရှင်တစ်ဦးထံ လူတစ်စုက လျှို့ဝှက်စွာပေးခဲ့သည့် အချက်အလက်များအရ ယင်းသို့စုဆောင်းနေခြင်းကို သိရပြီး ခရစ်စတိုဖာဘိုးလ်ဒင်းမှတစ်ဆင့် သတင်းမီဒီယာများထံ ထပ်မံဖွင့်ချခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအချက်အလက်များကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီတလီ၊ ဂျာမနီ၊ ဩစတြေးလျစသည့်နိုင်ငံများရှိ သတင်းဌာနများထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

၂ ဒသမ ၄ သန်းသော လူများ၏ ကိုယ်ရေးအချက်အလက်ဖိုင်များကို ဩစတြေးလျ ကန်ဘာရာမြို့အခြေစိုက် Internet 2.0  အမည်ရှိ ဆိုက်ဘာလုံခြုံရေးအကြံပေးကုမ္ပဏီက ခရစ်စတိုဖာဘိုးရင်းကို ကူညီ၍ ပြန်လည်ဆယ်ယူပေးခဲ့ရာ ၂ သိန်းခွဲသော ပုဂ္ဂိုလ်များ၏ အချက်အလက်များကိုသာ ပြန်လည်တွေ့ရှိခဲ့သည်ဟု သတင်းဌာနများ၏ ရေးသားမှုများအရ သိရသည်။ 

ထိုနှစ်သိန်းခွဲသော လူပုဂ္ဂိုလ်များတွင် အမေရိကန်နိုင်ငံသား ၅၂,၀၀၀ ၊ ဩစတြေးလျနိုင်ငံသား ၃၅,၀၀၀၊ အိန္ဒိယနိုင်ငံသား ၁၀,၀၀၀၊ ဗြိတိန်နိုင်ငံသား ၉,၇၀၀၊ ကနေဒါနိုင်ငံသား ၅,၀၀၀ ၊ အင်ဒိုနီးရှားနိုင်ငံသား ၂,၁၀၀၊ မလေးရှားနိုင်ငံသား ၁,၄၀၀ နှင့် ပါပူအာနယူးဂီနီနိုင်ငံသား ၁၃၈ ဦးတို့၏ အသေးစိတ်အချက်အလက်များ ပါဝင်သည်ဟု ဆိုသည်။ 

တရုတ်ကုမ္ပဏီက အချက်အလက် ရယူစုဆောင်းခဲ့သူများတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်၊ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်စသော နိုင်ငံရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တော်ဝင်မိသားစုဝင်များ၊ နာမည်ကျော်ကြားသူများနှင့် စစ်ဘက်အရာရှိကြီးများ ပါဝင်သည်ဟု သိရသည်။ 

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း သမ္မတ၊ ဝန်ကြီးချုပ်မိုဒီ၊ အစိုးရအဖွဲ့ဝင်များ၊ စစ်ဘက်အရာရှိကြီးများ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နှင့် နည်းပညာလုပ်ငန်းရှင်များအပါအဝင် လူပုဂ္ဂိုလ် ၁၀,၀၀၀ ခန့် တို့၏ ကိုယ်ရေးအချက်အလက်များ စုဆောင်းခံရကြောင်း Indian Express သတင်းဌာနက ရေးသားဖော်ပြထားသည်။

အချက်အလက်များစုဆောင်းနေသည့် ကျန်းဟွာဒေတာ ကုမ္ပဏီ၏ ဖောက်သည်များအနက် တရုတ်စစ်တပ်နှင့် တရုတ်ကွန်မြူနစ်ပါတီတို့ ပါဝင်နေသည့်အတွက် တရုတ်အစိုးရသည် အဆိုပါအချက်အလက်များကို ထောက်လှမ်းရေးအတွက် အသုံးပြုနေနိုင်သည်ဟု ဆိုက်ဘာလုံခြုံရေးပညာရှင်များကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြသည်။ 

ထိုစုဆောင်းထားသည့် အချက်အလက်များသည် ထောက်လှမ်းရေးအဖွဲ့အစည်းများအတွက် အင်မတန် အသုံးဝင်လိမ့်မည်ဟု ဆိုက်ဘာလုံခြုံရေးပညာရှင်များက ဆိုသော်လည်း ယင်းအချက်အလက်များကို စုဆောင်းရန် ကျန်းဟွာဒေတာကို တရုတ်စစ်တပ်နှင့် ထောက်လှမ်းရေးက ငှားရမ်းခြင်းဟုတ်မဟုတ်၊ သို့မဟုတ် အချက်အလက်များကို အသုံးပြုခြင်းရှိမရှိ အတည်ပြုထားသည်ကိုမူ မတွေ့ရှိရသေးပေ။ 

စုဆောင်းထားသည့် ကိုယ်ရေးရာဇဝင်အချက်အလက်များတွင် မွေးနေ့၊ လိပ်စာ၊ အိမ်ထောင်ရှိမရှိ၊ နိုင်ငံရေးဆက်နွယ်မှုများ၊ ဆွေမျိုးများ၊ လူမှုကွန်ရက်ပရိုဖိုင်းများသာမက မှုခင်းရာဇဝင်ရှိမရှိကိုလည်း ဓာတ်ပုံများနှင့်တကွ ပါရှိသည်ဟု ဆိုသည်။ 

အချက်အလက်အများစုမှာ အများပြည်သူအသုံးပြုနေသည့် လူမှုကွန်ရက်ပလက်ဖောင်းများမှ ရယူထားခြင်းဖြစ်သော်လည်း အချို့အချက်အလက်များမှာ ဘဏ်စာရင်းအချက်အလက်များ၊ အလုပ်လျှောက်လွှာများနှင့် စိတ်ပိုင်းဆိုင်ရာအချက်အလက်ရာဇဝင်များမှ ရယူထားသည်ကို တွေ့ရသည်ဟု ဆိုသည်။ 

အဆိုပါ စွပ်စွဲချက်များမှ မမှန်ကန်ကြောင်း ကျန်းဟွာဒေတာ၏ အရာရှိတစ်ဦးက ဂါးဒီးယန်း (Guardian) သတင်းစာကို ပြောသည်။

“ဒီရေးသားချက်တွေဟာ လုံးဝကို မမှန်ကန်ပါဘူး” ဟုသာ ယင်းအရာရှိက ဆိုပြီး နောက်မှသာ အသေးစိတ်တုံ့ပြန်မည်ဟု ဆိုသည်။

အချက်အလက်များကို လက်ခံရရှိခဲ့သည့် ခရစ်စတိုဖာဘိုးလ်ဒင်းသည် ၂၀၁၈ အထိ ဘေကျင်းတက္ကသိုလ်၌ အလုပ်လုပ်ခဲ့ပြီး လုံခြုံရေးစိုးရိမ်သဖြင့် တရုတ်နိုင်ငံမှ ထွက်ခွာလာသူဖြစ်သည်ဟု ရေးသားထားသည်။ 

ဗြိတိန်အခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ Cambridge Analytica မှတဆင့် Facebook လူမှုကွန်ရက် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရုရှားဟက်ကာများက ရယူပြီး ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုင်ငံရေးအရ စွက်ဖက်ခဲ့သည့် ဖြစ်ရပ်မှာ လူမှုကွန်ရက်အသုံးပြုသူများ၏ အချက်အလက်ပေါက်ကြားမှု ဥပမာတစ်ခု ဖြစ်သည်။ 

ကျန်းဟွာဒေတာကမူ အချက်အလက်များစုဆောင်းရာတွင် စစ်ဘက်ကဏ္ဍကို စိတ်ဝင်စားပုံရကြောင်း၊ စစ်ဘက်အရာရှိ အချို့၏ ရာထူးတိုးမှုအလားအလာနှင့် နိုင်ငံရေးဆက်နွယ်မှုတို့ကို ခြေရာကောက်စုံစမ်းထားကြောင်း တွေ့ရသည်ဟု ဆိုသည်။ 

ကျန်းဟွာဒေတာ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဝမ်ရှုးဖန်မှာ အမေရိကန်ကွန်ပျူတာကုမ္ပဏီ IBM ၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည်။ 

ကျန်းဟွာဒေတာ၏ မိခင်ကုမ္ပဏီမှာ တရုတ်အစိုးရပိုင် စစ်ဘက်ဆိုင်ရာ သုတေသနကုမ္ပဏီ China Electronic Technology (Group) Corporation (CETC) ဖြစ်သည်ဟု ယူဆရကြောင်း ဩစတြေးလျနိုင်ငံပိုင် ABC သတင်းဌာနက ရေးသားခဲ့သော်လည်း ခိုင်မာသည့် အထောက်အထားများ မတွေ့ရှိရသေးပေ။ 

ထို CETC ကုမ္ပဏီသည် CETC International Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲတစ်ခုရှိပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် စစ်ကိုင်းလမ်းနှင့် ရန်ကုန် မရမ်းကုန်းမြို့နယ် Time Square တာဝါတွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ၂၀၁၄ မတ်လကတည်းက မှတ်ပုံတင်ထားခဲ့ပြီး သိပ္ပံနှင့် နည်းပညာလုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၉၉ ခု လုပ်ကိုင်ကြောင်း DICA ဝက်ဆိုက်တွင် ဖော်ပြထားသည်။ 

CETC ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Xiong Qunli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်း ၂၀၁၉ ဇွန်လလယ်အတွင်းက တွေ့ဆုံခဲ့ကြသည်။ 

ထိုသို့တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ့တပ်မတော်၏ Electronic နည်းပညာရပ်ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ နည်းပညာရပ်ဆိုင်ရာ တရုတ်- မြန်မာ ပူးတွဲစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ 

ထို့နောက်၂၀၁၉ နိုဝင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကွေ့လင်မြို့ရှိ CETC ၏ သုတေသနဌာန (၃၄) သို့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း (ADMM-Plus) ၏ အရေးကြီးပုဂ္ဂိုလ်အစီအစဉ် (VIP Program) သို့ တက်ရောက်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော  မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့က CETC ၏ သုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ 

ထိုသို့လေ့လာခဲ့စဉ် စစ်ဘက်လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများဆိုင်ရာ ဆက်သွယ်ရေးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများအကြောင်း CETC ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်ကို တွေ့ရှိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် နည်းပညာအပေါ် လုံးလုံးမှီခိုနေသည့် အခြေအနေ မဟုတ်သေးသည့်အတွက် အစိုးရခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များ၏ အချက်အလက်ပေါက်ကြားနိုင်ခြေမှာ စိုးရိမ်ရသည့်အခြေအနေ မဟုတ်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ပြောသည်။  

“အင်တာနက်ကို ထဲထဲဝင်ဝင်နဲ့ လုံးဝမီခိုပြီးသုံးနေတဲ့ဟာကျ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကြောက်ဖို့ကောင်းတာပေါ့နော်။ ကျွန်တော်တို့နိုင်ငံကျတော့ Document (စာရွက်စာတမ်း) ကတစ်ပိုင်း (အင်တာနက်) က တစ်ပိုင်းဆိုတော့ ကျွန်တော်ထင်ပါတယ် တစ်ခြားနိုင်ငံတွေထက် ဒီဟာလည်း အားနည်းလို့ သိပ်တော့ မစိုးရိမ်ရဘူး” ဟု ဦးမျိုးဆွေက ပြောသည်။

တရုတ်နိုင်ငံဖြစ် နည်းပညာနှင့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတစ်ခုတည်းသာ မဟုတ်ဘဲ တကမ္ဘာလုံးနီးပါး မှီခိုနေရသည်မှာ ခေတ်ရေစီးကြောင်းပင် ဖြစ်သည်ဟု သတင်းအချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကလည်း ဆိုသည်။ 

“မူဝါဒပိုင်းဆိုင်ရာကတော့ လက်ရှိလည်း ဆိုက်ဘာလုံခြုံရေးဥပဒေကတော့ ရေးဆွဲဆဲဆိုတော့ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ဆန်းလောက်မှာ ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ အဲဒီနောက်ပိုင်းဆိုရင်တော့ ပိုပြီးတော့ ကျွန်တော်တို့ (ဆိုက်ဘာလုံခြုံရေးကို) ဆောင်ရွက်လာနိုင်ဖို့ရှိပါတယ်” ဟု ဦးရဲနိုင်မိုးက ပြောသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading