နိုင်သူလတ်ဆိုသူမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါက်တာနေဇင်လတ်၏ပါတီကိုယ်စားပြုဝင်ပြိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်သက်သက်ခိုင်၏ပါတီကိုယ်စားပြုကာ အင်းစိန်မြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည် 

PPP ပါတီကိုယ်စားလှယ်လောင်းမှာ တရားမဝင်အသင်းအဖြစ် ဖျက်သိမ်းခံခဲ့ရသော မဘသအဖွဲ့၏ လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။ (ဓာတ်ပုံ - Myanmar Now)

၂၀၁၈ ခုနှစ် မေလ ညနေခင်းတစ်ခု၌ ရန်ကုန် တာမွေမြို့နယ်ရှိ အိုးရှင်းဈေးဝယ်စင်တာရှေ့တွင် စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်ရန် စုဝေးနေသောလူတစ်စုနှင့် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ 

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ပိတ်မိနေသော အရပ်သားငါးထောင်ကျော် လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများဦးဆောင်ကာ ဆန္ဒဖော်ထုတ်ရန် တာမွေ အိုးရှင်းစင်တာရှေ့ ခုံးကျော်တံတားအနီးတွင် စုဝေးနေကြခြင်းဖြစ်သည်။ 

ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့ဝင်များက တန်းစီစောင့်ဆိုင်းကာ တားဆီးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ အနီးရှိ လူ့တချို့ကလည်း ဆန္ဒပြသူများကို ဆဲဆိုကြိမ်းမောင်းကာ တန်ပြန်ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြသူများကို ဆဲဆိုကြိမ်းမောင်းနေသူများအနက် တစ်ဦးက ရဲတပ်ဖွဲ့ဝင်များ နောက်ကွယ်နေ၍ "စောက်ကျက်သရေ မရှိတာတွေ၊ ဘာလဲကွာ လာပြီးတော့ ဒုက္ခပေးနေတာ။ ဘာရလို့ ဒုက္ခပေးနေတာလဲ။ ဘာတွေ ရလို့ ဒုက္ခပေးနေတာလဲ။ လာပြီးတော့ အရည်မရ အဖတ်မရတွေ။ အရပ်သားတွေ သေကုန်ပြီ။ စောက်လုပ်ကိုရှုပ်တယ်။ ဘာလဲကွာ မြန်မြန်ဖမ်းပေးတော့ အဲကောင်တွေ။ ဘာရလို့ အော်နေတာလဲ" ဟု အော်ဟစ် ဆူပူကြိမ်းမောင်းခဲ့သည်။ 

ရှမ်းတိုင်းရင်းသားအင်္ကျီနှင့် ဘောင်းဘီဝတ်ဆင်ထားသည့် ထိုသူက အထက်ပါအတိုင်း အော်ဟစ်နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ ဆန္ဒပြပွဲတစ်ခုလုံးကို အစအဆုံးစောင့်ကြည့်လေ့လာပြီးနောက် ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် ၎င်းက "ဆရာတို့ ဝင်မချဘူးလား။ ကျွန်တော်တို့ ရှင်းလိုက်ရမလား။ ဖယ်ပေးပါ။ မအေ-ိုးတွေ ကိုယ်မေကိုယ် -ိုးတွေ အကုန်ရှင်းပစ်လိုက်ရမလား" ဟုလည်း အော်ဟစ်ဆဲဆိုခဲ့သည်။ 

ထိုသူအော်ဟစ်ပြီး မကြာမီ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြလူစုကို ဝင်ရောက်ဖမ်းဆီးကြသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရှိနေသည့် အမျိုးသားရေးသမားဆိုသူ အရပ်ဝတ်များကလည်း ဆန္ဒပြုသူများကို လည်ပင်းဝင်ညှစ်သူကညှစ်၊ ခြေထောက်ဆွဲသူကဆွဲဖြင့် ကိုယ်ထိလက်ရောက် ပြုမူခဲ့ကြသည်။ စစ်အာဏာရှင်ခေတ်က စွမ်းအားရှင်ဆိုသူများနည်းတူ ပြုမူခဲ့ကြခြင်းဖြစ်သည်။ 

ရှမ်းတိုင်းရင်းသားဝတ်စုံဖြင့် အော်ဟစ်ခဲ့သူမှာမူ ထိုသို့ဝင်ရောက်ဖမ်းဆီးမှုတွင် ဝင်ပါခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှနေ၍ အခြေအနေအကဲခတ်နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်။ 

အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြုသူများအပေါ် ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကလည်း စစ်ဆေးခဲ့သည်။ 

စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူများကို ဝင်ရောက်ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များကို အထက်ပါအတိုင်း လှုံ့ဆော်အော်ဟစ်ခဲ့သူမှာ ယခုအခါ ပီသုံးလုံးပါတီဟု ခေါ်ဝေါ်ကြသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဖြစ်နေသည်။ 

အသက် ၄၁ နှစ်အရွယ် ဦးနိုင်သူလတ်ခေါ် သာထက်သည် လာမည့်ရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြုကာ အင်းစိန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ၌ ဝင်ရောက်အရွေးချယ်ခံမည့် ဦးနိုင်သူလတ်မှာ PPP ပါတီ၏ အင်းစိန်မြို့နယ်ဥက္ကဌလည်းဖြစ်သည်။ 

သူသည် တာမွေမြို့နယ် အိုးရှင်းစင်တာရှေ့ ရုတ်ရုတ်သဲသဲဖြစ်မှုတွင် ပါဝင်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့များကို ဝတ္တရားနှောက်ယှက်မှုဖြင့် ဗဟန်းမြို့နယ်တရားရုံး၌ နှစ်နှစ်နီးပါးကြာ အမှုရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဇူလိုင်တွင် ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးရန် ခေါ်ဆိုခဲ့ရာတွင် ၎င်းက သွားရောက်ခဲ့ခြင်း မရှိပေ။ 

PPP ပါတီ၏ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်လာပြီးနောက် ဦးနိုင်သူလတ်သည် စွမ်းအားရှင် လက်ကိုင်တုတ်တစ်ဦးဖြစ်ကြောင်း Facebook ပေါ်တွင် ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။ 

တာမွေမြို့နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုနေ့က ၎င်းမှာ သူငယ်ချင်းနှင့်တွေ့ဆုံရန်အသွား တာမွေအိုးရှင်းစင်တာ၌ လမ်းပိတ်နေ၍ ဆင်းကြည့်ခဲ့ပြီး ဆန္ဒပြုနေသူအုပ်စုအပေါ် မေးခွန်းအနည်းငယ်ထုတ်ခြင်း၊ ဆိုးဆိုးရွားရွားကားလမ်းပိတ်နေ၍ ရဲတပ်ဖွဲ့က အမြန်ဆုံးဖြေရှင်းရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ဦးနိုင်သူလတ်က Myanmar Now ကိုပြောသည်။ 

“ကျွန်တော်မှ တကယ်ပါဝင် ပတ်သက်ခဲ့ခြင်းမှ မရှိတာ။ အဲဒီတုန်းကတောင် ဘာမှ မဖြစ်ခဲ့ဘဲနဲ့ အခုကျမှ လက်ကိုင်တုတ်လို့ ဒီချိန်မှ ပေါ်လာရလဲ။ ဘာလို့ လက်ကိုင်တုတ်လို့ ပြောကြသလဲ။ စွမ်းအားရှင်လို့ ဘာလို့ ဒီချိန်မှ သတ်မှတ်ကြသလဲ။ ကျွန်တော် ရွေးကောက်ပွဲဝင်မှ ဘာလို့ အဲဒီလို ပြောကြသလဲ။ ဒါက ပါတီကို ထိုးနှက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ထင်မြင်တယ်လေ။ တခြားသော ယူဆစရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ 

ဦးနိုင်သူလတ်မှာ PPP ပါတီ ကိုယ်စားပြု အပြာရောင်ပုဆိုး၊ အပြာရောင်နှာခေါင်းစီး ဝတ်ဆင်ထားပြီး အင်းစိန်မြို့နယ်ရှိ ပါတီ၏ ရုံးခန်းတွင် Myanmar Now က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ 

မဘသနောက်ခံ

အိုးရှင်းစင်တာဖြစ်စဉ်မှာ 'လမ်းကြုံ' သွားစဉ် ဖြစ်ပွားခဲ့ခြင်းဟု ဦးနိုင်သူလတ်က ဆိုသော်လည်း ၎င်းမှာ အမျိုးသားရေးသမားများဟု သူတို့ကိုယ်တိုင်ကင်ပွန်းတပ်နေသောသူများနှင့် နှီးနွှယ်မှုများရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် သမ္မတဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ် ဦးဆောင်သော အမျိုးသားတိုးတက်ရေးဆိုသည့် ပါတီတစ်ခု ပေါ်ပေါက်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူကြိုက်များနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲမထည့်ချင်သူ အမျိုးသားရေးအင်အားစုများဆိုသူများ၏ မဲကိုရရှိရန် တက်သုတ်ရိုက်ထူထောင်ခဲ့သော ပါတီဖြစ်သည်။ 

ဒေါက်တာနေဇင်လတ်၏ပါတီက ကျေးလက်နေပြည်သူများကိုပါ အမျိုးသားရေးအင်အားစုဟု ရည်ညွှန်းကာ အမျိုးသားရေးအမာခံ ကိုယ်စားလှယ်လောင်းဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မှ အနိုင်မရရှိခဲ့ပေ။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ဘဲဥပင်မကွဲခဲ့သော ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားပြုကာ သင်္ဃကျွန်းမဲဆန္ဒနယ်-၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူမှာ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် (PPP) ပါတီကိုယ်စားလှယ်လောင်း ဦးနိုင်သူလတ်ပင်ဖြစ်သည်။ 

အမျိုးသားရေးသမားဆိုသူများ အင်အားကောင်းခဲ့သည့် ယခင်အစိုးရလက်ထက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) ၏လှုပ်ရှားမှုများတွင် ဦးနိုင်သူလတ်ပါဝင်ခဲ့သည်ကိုလည်း လူမှုကွန်ရက် Facebook ပေါ်ရှိ ဓာတ်ပုံများက ဖော်ပြနေသည်။  

လက်ရှိအစိုးရလက်ထက်တွင် တရားမဝင်အသင်းအဖြစ်သတ်မှတ်ကာ ဖျက်သိမ်းခံခဲ့ရသည့် မဘသအဖွဲ့က ဦးဆောင်ကျင်းပခဲ့သော သင်တန်းများတွင် ဦးနိုင်သူလတ်သည် နာမည်ကျော် မဘသရှေ့နေ ဦအေးပိုင်နှင့်အတူ သင်တန်းပို့ချခြင်းနှင့် အင်္ဂလိပ်စာဆရာအဖြစ် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ 

မကြာသေးမီရက်ပိုင်းအတွင်းကပင် မဘသအဖွဲ့ဥက္ကဌဖြစ်သည့် အင်းစိန်ရွာမဆရာတော် ဦးတိလောကဘိဝံသအား PPP ပါတီဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်ဦးဆောင်၍ သွားရောက်လှူဒါန်းရာတွင် ဦးနိုင်သူလတ်လည်း ပါဝင်ခဲ့သည်။ 

သို့သော် အများဝေဖန်နေကြသကဲ့သို့ သူသည် မဘသအဖွဲ့ဝင်တစ်ဦးမဟုတ်ကြောင်း ဦးနိုင်သူလတ်က ငြင်းဆိုသည်။  

မဘသဦးဆောင်သော လှုပ်ရှားမှုများတွင် ခေါင်းစဉ်ကြိုက်၍ ပါဝင်ခဲ့ဖူးခြင်းသာဖြစ်ပြီး မဘသအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့နေဦးအေးပိုင်နှင့်အတူ သင်တန်းပေးခြင်းများရှိသော်လည်း ထိုဆောင်ရွက်မှုများမှာ နိုင်ငံသားတစ်ဦးအနေဖြင့် ပရဟိတဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဦးနိုင်သူလတ်က ဆိုသည်။ 

“ကျွန်တော် သိထားတာက အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်တဲ့အလုပ်တွေက လူတွေက စကားလုံးအဖြစ် ပြောနေကြတာ။ ကိုယ့်ဘာသာရင်ထဲမှာ အဓိကက လုပ်ဆောင်နေရမယ့် တာဝန်။ ငွေကြေးနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်‌စေ၊ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်ရမယ့်ကိစ္စ” ဟု ဦးနိုင်သူလတ်က ဆိုသည်။ 

PPP ပါတီဝင်ကိုယ်စားလှယ်လောင်း ဦးနိုင်သူလတ်

ဒေါက်တာနေဇင်လတ်ဦးဆောင်သော အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်သက်သက်ခိုင်ဦးဆောင်သော PPP ပါတီသို့ ပြောင်းလဲခြင်းမှာ ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို ကြိုက်နှစ်သက်၍ ဖြစ်သည်ဟုလည်း ဆိုသည်။ 

PPP ပါတီ၏ ကိုယ်စားလှယ်လောင်းကြေညာချက်တွင် အသက် ၄၁ နှစ်အရွယ် ဦးနိုင်သူလတ်(ခ) သာထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် သတင်းဘာသာပြန်အဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ပြင်ပကုမ္ပဏီတစ်ခုတွင် စကားပြန်အဖြစ် ဆောင်ရွက်သူ၊ ဘုန်းကြီးကျောင်းများ၌ ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းများတွင် အ‌ခြေခံအင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ အင်္ဂလိပ်ဓမ္မသီချင်းများကို ရင်သွေးငယ်တို့အား ပို့ချသူအဖြစ် ဖော်ပြထားသည်။ 

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် ရခိုင်ပြည်မြောက်ပိုင်းရှိ မွတ်စလင်များအား လူမျိုးလိမ်များအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်ပြုလုပ်ခဲ့သော ကန့်ကွက်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် လျှပ်စစ်မီတာခ အဆမတန်တိုးလို့ကန့်ကွက်မှု စသဖြင့် တိုင်းရင်းသားပြည်သူ့အရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ယခုအခါ ဆရာသာထက် အမည်ဖြင့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အင်္ဂလိပ်စာ ပို့ချလျက်ရှိကြောင်း PPP ပါတီ၏ကိုယ်စားလှယ်လောင်းကြေညာချက်တွင် ဖော်ပြသည်။ 

ဦးနိုင်သူလတ်မှာ ၂၀၁၆ ခုနှစ်က ရခိုင်၊ မောင်တောဒေသတွင် တပ်မတော်က နယ်မြေစီနင်းမှုအား နှိမ်နင်းခြင်းနှင့် အချုပ်အခြာတည်မြဲရေးဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ၊ ၂၀၁၈ တွင် ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှုကို ကန့်ကွက်ရှုတ်ချပွဲ၊ မှတ်ပုံတင်ကိုင်ဆောင်သူ ရခိုင်ပြည်ရှိမွတ်စလင်များကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးခြင်းကို အလိုမရှိကြောင်း ဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ 

PPP ပါတီတွင် ကိုယ်စားလှယ်လောင်းရွေးချယ်သည့် စံသတ်မှတ်ချက် ငါးချက်ရှိပြီး ပါတီဝင်ဖြစ်သူ၊ ရပ်ရွာက လူသိများ၍ မြို့လူထုက ယုံကြည်မှုရှိသူ၊ အတွေ့အကြုံရှိသူ၊ ပါတီက ဖွင့်လှစ်သော သင်တန်းများတွင် တက်ရောက်နိုင်သူ၊ ဥပဒေပြုရေး၊ ပြည်သူကိုယ်စားပြုရေး၊ အစိုးရနှင့် တရားစီရင်ရေးတို့ကို အပြန်အလှန်ထိန်းကျောင်းနိုင်သူတို့ကို ရွေးချယ်ခဲ့ကြောင်း ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ဆိုသည်။ 

သို့သော် မဘသနှင့် နှီးနွှယ်သော ဦးနိုင်သူလတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မေးရာတွင် ဒေါ်သက်သက်ခိုင်က တစ်စုံတစ်ရာ မှတ်ချက်မပေးပေ။ 

PPP ပါတီဒုဥက္ကဌဖြစ်သူ လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇယျကမူ ဦးနိုင်သူလတ်ကို ကိုယ်စားလှယ်လောင်းအဖြစ် သူကိုယ်တိုင်ပင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အတိတ်ကိုမကြည့်ဘဲ ပစ္စုပ္ပန်နှင့် အနာဂတ်ကိုကြည့်သည့် မူဖြင့်သာ ရွေးချယ်ကြောင်း ဆိုသည်။ 

"ကိုနိုင်သူလတ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်ချင်လာအောင် ကျွန်တော် အာပေါက်အောင် စည်းရုံးရပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ အရည်အသွေးရှိတဲ့အတွက် သားရေ ဝင်ပါ၊ ပြုပါနဲ့ ကျွန်တော် တော်တော်လေး စည်းရုံးလိုက်ရပါတယ်။ စည်းရုံးပြီးမှ ဝင်တာပါလို့ ပြောလိုပါတယ်" ဟု ဦးကျော်ဇေယျက ပြောသည်။ 

မဘသဦးဆောင်ဆရာတော် အင်းစိန်ရွာမဆရာတော်သည် မူလကတည်းက ဒေါ်သက်သက်ခိုင် ကိုးကွယ်သည့် ဆရာတော်ဖြစ်ပြီး ဆရာတော်အားသွားရောက်လှူဒါန်းရာတွင် နိုင်သူလတ်မပါဝင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

PPP ပါတီသည် မဘသနှင့် လုံးထွေး၍ အမျိုးသားရေးဘက်ယိမ်းလာသည်ဆိုသော ဝေဖန်မှုများအပေါ် ဦးကျော်ဇေယျက ငြင်းဆိုပြီး မင်္ဂလာတောင်ညွှန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ကိုအောင်မျိုးမင်းဖြစ်ပြီး တိုင်းပြည်ချစ်မြတ်နိုးသူဖြစ်သည်ဟု ပြောသည်။ 

ပါတီဥက္ကဌက မဘသဆရာတော်ထံ သွားရောက်လှူဒါန်းခြင်းမှာ ယခင်ကတည်းက ကိုးကွယ်သည့် ဆရာတော်ဖြစ်၍ သာသနာပြန့်ပွားရေး ရည်ရွယ်လှူဒါန်းခြင်းသာ ဖြစ်သည်ဟုဆိုသည်။ 

ဘာသာရေးနှင့်လူမျိုးရေးအခြေခံ ရေးသားဖြန့်ဝေမှုများတွင် လူစိတ်ဝင်စားမှုအများဆုံးပါတီမှာ PPP ပါတီဖြစ်ကြောင်း လွန်ခဲ့သည် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအခြေပြု အရပ်ဖက်အဖွဲအစည်း တစ်ခုဖြစ်သည့် လောကအလင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

PPP ပါတီ၏ ရဟန်းသံဃာများထံ လှူဒါန်းခြင်း ကျောင်းကန်များသို့ သွားရောက်ခြင်းဓာတ်ပုံများကို လူမှုကွန်ရက်၌ ဖြန့်ဝေမှုတွင် အခြားသော ပါတီများ၏ ထိုသို့သော ဆောင်ရွက်ချက်များထက် လူစိတ်ဝင်စားမှု ပိုမိုများပြားသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဒုတိယလူစိတ်ဝင်စားမှု အများဆုံးပါတီမှာ NLD ဖြစ်ကြောင်းလည်း လောကအလင်း၏ အစီရင်ခံစာက ဆိုသည်။ 

မဘသအဖွဲ့ဝင် အမျိုးဘာသာသာသနာရေးလှုပ်ရှားသူ မဟုတ်ကြောင်း ဦးနိုင်သူလတ်က ငြင်းဆိုသော်လည်း ၎င်းသည် မဘသဘက်တော်သား၊ အမျိုးသားရေးလှုပ်ရှားသူအဖြစ် ဆန္ဒပြပွဲမတိုင်ခင်အချိန်များကတည်းက သိရှိထားကြောင်း တာမွေအိုးရှင်းစင်တာအနီး စစ်ဆန့်ကျင်ရေးဆန္ဒပြရာတွင် ဦးဆောင်သူဖြစ်သည့်အပြင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူ ကိုသက်ဆွေဝင်းက ပြောသည်။ 

ထို့ကြောင့်ပင် ဦးနိုင်သူလတ် ကိုယ်စားလှယ်လောင်းအဖြစ် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ရောက်ရှိလာသည့်အခါ မဘသအနွယ်ဝင် အမျိုးသားရေးလှုပ်ရှားသူအဖြစ် ဝေဖန်ခံရခြင်းမှာ သိသာထင်ရှားသည့်အချက် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

PPP ပါတီသည် တည်ထောင်စတွင် စိတ်ဝင်စားမှုခံရသော်လည်း နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်း၊ မဘသဆရာတော်နှင့် တွေ့ဆုံခြင်းကဲ့သို့ မဘသနှင့် လုံးထွေးလာခြင်းအပြင် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ်၌လည်း ကိုသက်ဆွေဝင်းက မေးခွန်းထုတ်သည်။ 

“ပြည်သူ့မျက်နှာကို ကြည့်ဖို့ လိုတယ်။ တိုင်းပြည်အနာဂတ်ကို သေချာကြည့်ဖို့ လိုတယ်။ ကိုယ်တွေ အာဏာရဖို့ ကိုယ်တွေမဲရဖို့ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေးအကျိုးအမြတ်ရအောင်လို့ လုပ်ဖို့ရည်ရွယ်တာမျိုးတွေ ရှိခဲ့မယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ ရှိတယ်၊ မရှိတယ်တော့ ကျွန်တော့်အနေနဲ့ မပြောချင်ဘူး" ဟု ၎င်းက ဆိုသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading