နမ္မတူမြို့နယ်တွင် ရှေ့တန်းရောက်တပ်မတော်သား ၁၀၀၀ ကျော်အတွက် မဲစာရင်းလျှောက်ထားခဲ့ပြီး မူဆယ်ခရိုင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ မဲစာရင်းနှစ်နေရာပါဝင်နေသည်ဟု ဆိုသည် 

SNLD ပါတီက မူဆယ်မြို့နယ်အတွင်း ကျေးရွာများတွင် စက်တင်ဘာ ၁၀ ရက်က မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တင်ခဲ့စဉ်။  (ဓာတ်ပုံ - မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများ၏ မဲဆန္ဒရှင်စာရင်း ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ မဲစာရင်းနှစ်နေရာပါဝင်နေခြင်းအတွက် နိုင်ငံရေးပါတီများ စိုးရိမ်ပူပန်လျက်ရှိသည်။ 

နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စုတွင် ဩဂုတ် ၁၃ ရက်က ရောက်ရှိလာသည့် အမှတ် ၂၅၆ ခြေလျင် တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် ဩဂုတ် ၁၄ တွင် တပ်မတော်သား ၁၀၀ ဦးစာအတွက် မဲစာရင်းတင်သွင်းခဲ့သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောသည်။

“အမှန်ဆို သူတို့က ပြီးခဲ့တဲ့လ ၆ ရက်၊ ၇ ရက်လောက်ကရောက်မှ အကျုံးဝင်မှာလေ။ ဒါပေမယ့် အများစုက လလယ်ပိုင်း၊ လကုန်ပိုင်းလောက်မှ ရောက်တာ။ မဲမသမာမှုတွေ ရှိလာမှာကို စိုးရိမ်ပါတယ်” ဟု ၎င်းက ယခုသီတင်းပတ်အတွင်း Myanmar Now ကို ပြောသည်။

နမ္မတူမြို့ရှိ အမှတ်၃၂၄ ခြေမြန်တပ်ရင်း၊ အမှတ် ၁၀၁ နှင့်၂၀၆ တပ်ရင်းများမှ ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများသည်လည်း ကျေးရွာအုပ်စု ၁၃ ခုတွင် တပ်မတော်သား ၁,၀၃၃ ဦးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ မဲဆန္ဒရှင်စာရင်း တင်သွင်းထားသည်ဟု ၎င်းက ပြောသည်။

“သူတို့ဒီမှာ မဲလာထည့်မယ်ဆို မိခင်တပ်ရင်းတွေမှာ မဲပေးပိုင်ခွင့် မရှိတော့ဘူး။ ဒီဘက်ကို ရွှေ့လိုက်ပြီဆိုတာကို အမှန်အကန်လုပ်ထားဖို့လိုတယ်။ နို့မို့ရင် မဲစာရင်းတွေ ထပ်ပြီးတော့ ဖောင်းပွနေမှာလေ” ဟု နမ္မတူမြို့နယ်မှပင် SNLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းခမ်းအေးက ပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ရှေ့တန်းရောက်တပ်မတော်သားများသည် ဒေသတစ်ခုသို့ ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေမှသာ ထိုမြို့နယ်၊ ကျေးရွာများ၌ မဲစာရင်းတင်သွင်းနိုင်သည်။ 

သို့မဟုတ်ပါက မိခင်တပ်ရင်းရှိ မဲစာရင်းဖြင့်သာ ကြိုတင်မဲဖြစ်စေ၊ ရွေးကောက်ပွဲနေ့တွင် တပ်ပြင်ပမဲရုံသို့  ကိုယ်တိုင်သွားရောက်ကာ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။ 

နမ္မတူမြို့နယ်ပါဝင်သည့် ကျောက်မဲခရိုင်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ တပ်ရင်းတပ်ဖွဲ့များလည်း အဝင်အထွက်ရှိသည့် ဒေသဖြစ်သည်။

ကျောက်မဲခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လေးသိန်းဝန်းကျင်ရှိပြီး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့် လွှတ်တော်အသီးသီးအတွက် နေရာ ၂၈ ခုရှိသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်းရှိ တပ်မတော်စစ်ကြောင်းတစ်ခုချင်းအလိုက် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်နေဆဲဖြစ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်မင်းက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်သားများသည် တာဝန်ကျရာနေရာတွင် ဆန္ဒမဲပေးနိုင်ရန် ပုံစံ (က) ဖြည့်သွင်း လျှောက်ထားပြီး ရွေးကောက်ပွဲကော်မရှင်က လက်ခံပါက မိခင်တပ်ရင်းရှိ မဲစာရင်းကို ပယ်ဖျက်ပေးရန် ပုံစံ (ခ) ဖြင့် မိခင်တပ်ရင်းသို့ ပြန်လည်အကြောင်းကြားရမည်ဖြစ်သည်။ 

ရှေ့တန်းရောက်တပ်မတော်သားများအနေဖြင့် မိခင်တပ်ရင်း၌ ကြိုတင်မဲပေးခြင်းအပြင် တာဝန်ကျရာနေရာတွင် ထပ်မံမဲပေးခြင်းများ ပေါ်ပေါက်လာနိုင်သည်ကို စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်ခရိုင်သည် ပြည်သူ့စစ်အဖွဲ့ အများဆုံးတည်ရှိရာ ဒေသဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ မဲစာရင်း နှစ်နေရာပါဝင်နေခြင်းအတွက်လည်း စိုးရိမ်မှုများ ရှိနေသည်။ 

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ မဲစာရင်းကို တပ်မတော်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကောက်ယူသွားပြီးဖြစ်သော်လည်း ထိုပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ အမည်များမှာ ရပ်ကျေးအခြေခံမဲစာရင်းတွင်လည်း ပါဝင်နေသည်ဟု ဆိုသည်။ 

ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို ပြီးခဲ့သည့်လအတွင်းက တပ်မတော်စစ်တိုင်းမှူးကိုယ်တိုင် ကွင်းဆင်းတွေ့ဆုံခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကွတ်ခိုင်မြို့နယ်ဥက္ကဌ ဦးကိုတူးက ဆိုသည်။

“ကျွန်တော်တို့က နိုင်ငံရေးသဘောတရားတွေ ပြည်သူကို ပြောပြပေမဲ့ မဲပုံးက နောက်ကျတော့ မထင်မှတ်တဲ့ မဲတွေ အများကြီးရောက်လာမှာမျိုး၊ အဲဒါပဲ ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်သည်။ 

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမေးမြန်းထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနကို မေးမြန်းထားသည်ဟု ကော်မရှင်က အကြောင်းပြန်ထားပြီး တိကျသည့်အဖြေ မရရှိသေးကြောင်း SNLD ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။ 

“မဲစာရင်း ခိုင်မာဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲ တရားမျှတမှုနဲ့ သမာသမတ်ကျမှုကိုပါ ထိခိုက်နိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ပြည်သူ့စစ်အဖွဲ့များ အများဆုံးတည်ရှိရာ မူဆယ်ခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းကျော်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အပါအဝင် အသီးသီးသောလွှတ်တော်နေရာ ၃၁ ခုအတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၆၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်သည်။ 

ပြည်သူစစ်အဖွဲ့ဝင်များ၏ မဲစာရင်းနှင့်ပတ်သက်၍ သာမန်ပြည်သူများနည်းတူ စာရင်းကောက်ယူရမည်ဖြစ်သော်လည်း ၎င်းတို့၏ နယ်မြေများအတွင်း ဝင်ရောက်ရန်မှာ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည့်စုံစွာကောက်ယူနိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောသည်။ 

တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ မဲစာရင်းကိုပါ ကောက်ယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်ပတ်သက်သည့် မဲစာရင်းအတွက် တပ်မတော်က ကူညီဆောင်ရွက်ပေးမှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ပြည်သူ့စစ်နှစ်ကြိမ်ပါတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကျေးကလည်း လက်ခံမှာမဟုတ်သလို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ပေးမှာမဟုတ်ဘူးလေ။ ကျွန်တော်တို့အနေနဲ့က မဲစာရင်းမှန်ဖို့ ရည်မှန်းချက်ကိုပဲ အဓိကသွားတာဖြစ်တယ်" ဟု ဦးနှစ်ဆန်းဦးက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ မဲစာရင်းအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်ခဲ့သော်လည်း  လက်ခံဖြေကြားခြင်း မရှိပေ။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading