ရွေးကောက်ပွဲ

ရှမ်းမြောက်တွင် ရှေ့တန်းရောက်နှင့် ပြည်သူ့စစ်မဲစာရင်းအတွက် စိုးရိမ်မှုများရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများ၏ မဲဆန္ဒရှင်စာရင်း ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ မဲစာရင်းနှစ်နေရာပါဝင်နေခြင်းအတွက် နိုင်ငံရေးပါတီများ စိုးရိမ်ပူပန်လျက်ရှိသည်။ 

နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စုတွင် ဩဂုတ် ၁၃ ရက်က ရောက်ရှိလာသည့် အမှတ် ၂၅၆ ခြေလျင် တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် ဩဂုတ် ၁၄ တွင် တပ်မတော်သား ၁၀၀ ဦးစာအတွက် မဲစာရင်းတင်သွင်းခဲ့သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောသည်။

“အမှန်ဆို သူတို့က ပြီးခဲ့တဲ့လ ၆ ရက်၊ ၇ ရက်လောက်ကရောက်မှ အကျုံးဝင်မှာလေ။ ဒါပေမယ့် အများစုက လလယ်ပိုင်း၊ လကုန်ပိုင်းလောက်မှ ရောက်တာ။ မဲမသမာမှုတွေ ရှိလာမှာကို စိုးရိမ်ပါတယ်” ဟု ၎င်းက ယခုသီတင်းပတ်အတွင်း Myanmar Now ကို ပြောသည်။

နမ္မတူမြို့ရှိ အမှတ်၃၂၄ ခြေမြန်တပ်ရင်း၊ အမှတ် ၁၀၁ နှင့်၂၀၆ တပ်ရင်းများမှ ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများသည်လည်း ကျေးရွာအုပ်စု ၁၃ ခုတွင် တပ်မတော်သား ၁,၀၃၃ ဦးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ မဲဆန္ဒရှင်စာရင်း တင်သွင်းထားသည်ဟု ၎င်းက ပြောသည်။

“သူတို့ဒီမှာ မဲလာထည့်မယ်ဆို မိခင်တပ်ရင်းတွေမှာ မဲပေးပိုင်ခွင့် မရှိတော့ဘူး။ ဒီဘက်ကို ရွှေ့လိုက်ပြီဆိုတာကို အမှန်အကန်လုပ်ထားဖို့လိုတယ်။ နို့မို့ရင် မဲစာရင်းတွေ ထပ်ပြီးတော့ ဖောင်းပွနေမှာလေ” ဟု နမ္မတူမြို့နယ်မှပင် SNLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းခမ်းအေးက ပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ရှေ့တန်းရောက်တပ်မတော်သားများသည် ဒေသတစ်ခုသို့ ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၉၀ နှင့်အထက် ရောက်ရှိနေမှသာ ထိုမြို့နယ်၊ ကျေးရွာများ၌ မဲစာရင်းတင်သွင်းနိုင်သည်။ 

သို့မဟုတ်ပါက မိခင်တပ်ရင်းရှိ မဲစာရင်းဖြင့်သာ ကြိုတင်မဲဖြစ်စေ၊ ရွေးကောက်ပွဲနေ့တွင် တပ်ပြင်ပမဲရုံသို့  ကိုယ်တိုင်သွားရောက်ကာ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။ 

နမ္မတူမြို့နယ်ပါဝင်သည့် ကျောက်မဲခရိုင်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ တပ်ရင်းတပ်ဖွဲ့များလည်း အဝင်အထွက်ရှိသည့် ဒေသဖြစ်သည်။

ကျောက်မဲခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လေးသိန်းဝန်းကျင်ရှိပြီး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့် လွှတ်တော်အသီးသီးအတွက် နေရာ ၂၈ ခုရှိသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်းရှိ တပ်မတော်စစ်ကြောင်းတစ်ခုချင်းအလိုက် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်နေဆဲဖြစ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်သားများသည် တာဝန်ကျရာနေရာတွင် ဆန္ဒမဲပေးနိုင်ရန် ပုံစံ (က) ဖြည့်သွင်း လျှောက်ထားပြီး ရွေးကောက်ပွဲကော်မရှင်က လက်ခံပါက မိခင်တပ်ရင်းရှိ မဲစာရင်းကို ပယ်ဖျက်ပေးရန် ပုံစံ (ခ) ဖြင့် မိခင်တပ်ရင်းသို့ ပြန်လည်အကြောင်းကြားရမည်ဖြစ်သည်။ 

ရှေ့တန်းရောက်တပ်မတော်သားများအနေဖြင့် မိခင်တပ်ရင်း၌ ကြိုတင်မဲပေးခြင်းအပြင် တာဝန်ကျရာနေရာတွင် ထပ်မံမဲပေးခြင်းများ ပေါ်ပေါက်လာနိုင်သည်ကို စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်ခရိုင်သည် ပြည်သူ့စစ်အဖွဲ့ အများဆုံးတည်ရှိရာ ဒေသဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ မဲစာရင်း နှစ်နေရာပါဝင်နေခြင်းအတွက်လည်း စိုးရိမ်မှုများ ရှိနေသည်။ 

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ မဲစာရင်းကို တပ်မတော်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကောက်ယူသွားပြီးဖြစ်သော်လည်း ထိုပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ အမည်များမှာ ရပ်ကျေးအခြေခံမဲစာရင်းတွင်လည်း ပါဝင်နေသည်ဟု ဆိုသည်။ 

ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများကို ပြီးခဲ့သည့်လအတွင်းက တပ်မတော်စစ်တိုင်းမှူးကိုယ်တိုင် ကွင်းဆင်းတွေ့ဆုံခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကွတ်ခိုင်မြို့နယ်ဥက္ကဋ္ဌ ဦးကိုတူးက ဆိုသည်။

“ကျွန်တော်တို့က နိုင်ငံရေးသဘောတရားတွေ ပြည်သူကို ပြောပြပေမဲ့ မဲပုံးက နောက်ကျတော့ မထင်မှတ်တဲ့ မဲတွေ အများကြီးရောက်လာမှာမျိုး၊ အဲဒါပဲ ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်သည်။ 

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမေးမြန်းထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနကို မေးမြန်းထားသည်ဟု ကော်မရှင်က အကြောင်းပြန်ထားပြီး တိကျသည့်အဖြေ မရရှိသေးကြောင်း SNLD ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။ 

“မဲစာရင်း ခိုင်မာဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲ တရားမျှတမှုနဲ့ သမာသမတ်ကျမှုကိုပါ ထိခိုက်နိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ပြည်သူ့စစ်အဖွဲ့များ အများဆုံးတည်ရှိရာ မူဆယ်ခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းကျော်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အပါအဝင် အသီးသီးသောလွှတ်တော်နေရာ ၃၁ ခုအတွက် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၆၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်သည်။ 

ပြည်သူ့စစ်အဖွဲ့ဝင်များ၏ မဲစာရင်းနှင့်ပတ်သက်၍ သာမန်ပြည်သူများနည်းတူ စာရင်းကောက်ယူရမည်ဖြစ်သော်လည်း ၎င်းတို့၏ နယ်မြေများအတွင်း ဝင်ရောက်ရန်မှာ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည့်စုံစွာကောက်ယူနိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောသည်။ 

တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ မဲစာရင်းကိုပါ ကောက်ယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားခဲ့ရာ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်ပတ်သက်သည့် မဲစာရင်းအတွက် တပ်မတော်က ကူညီဆောင်ရွက်ပေးမှုများ ရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ပြည်သူ့စစ်နှစ်ကြိမ်ပါတယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကျေးကလည်း လက်ခံမှာမဟုတ်သလို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ပေးမှာမဟုတ်ဘူးလေ။ ကျွန်တော်တို့အနေနဲ့က မဲစာရင်းမှန်ဖို့ ရည်မှန်းချက်ကိုပဲ အဓိကသွားတာဖြစ်တယ်” ဟု ဦးနှစ်ဆန်းဦးက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ မဲစာရင်းအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်ခဲ့သော်လည်း  လက်ခံဖြေကြားခြင်း မရှိပေ။ 

Show More

Related Articles

Back to top button