တပ်ခေါင်းဆောင်များကို ဝေဖန်သူ စစ်ဆေးကျောင်းသား မိသားစုနှင့်အဆက်အသွယ်မရ

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော် ဖောက်ဖျက်ကျုးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများနှင့် အချုပ်ချထားရာနေရာသိရှိနိုင်ရန် စာပို့မေးမြန်းထားဆဲဖြစ်သည်ဟု သိရှိရသည်။ 

Published on Sep 12, 2020
ကိုခိုင်ခန့်ကျော်ကို တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသားဝတ်စုံဖြင့် တွေ့ရစဉ်။ (ဓာတ်ပုံ- Khaing Khant Kyaw (Cubic K)/ Facebook)
ကိုခိုင်ခန့်ကျော်ကို တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသားဝတ်စုံဖြင့် တွေ့ရစဉ်။ (ဓာတ်ပုံ- Khaing Khant Kyaw (Cubic K)/ Facebook)

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အင်တာနက်လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့သူ တပ်မတော်ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုခိုင်ခန့်ကျော်နှင့် အဆက်အသွယ်မရတော့ကြောင်း မိသားစုအသိုင်းအဝိုင်းက ပြောသည်။

“လကုန်ပိုင်း (ဩဂုတ်လ) ကတည်းက ဆက်သွယ်လို့မရတာ။ ဘာဖြစ်နေလဲဆိုတာကို မိဘတွေကိုယ်တိုင် တိတိကျကျ မသိရဘူး။ တပ်ထဲမှာရှိတဲ့ အဆက်အသွယ်တွေကတဆင့် မေးမြန်းနေရတာ” ဟု ကိုခိုင်ခန့်ကျော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ယနေ့ (စက်တင်ဘာ ၁၂) တွင် Myanmar Now ကို ပြောသည်။ 

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်သည် ၎င်း၏ Facebook အကောင့်ဖြစ်သည့် Khaing Khant Kyaw (Cubic K) တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခြင်းနှင့် တခြားသူများ ရေးသားထားသည်များကို ပြန်လည်မျှဝေခြင်းများ ကြောင့် အချုပ်ကျနေသည်ဟုသာ သိရှိရသည်ဟု ဆိုသည်။ 

ကိုခိုင်ခန့်ကျော်သည် ဦးနေဝင်း၊ ဦးခင်ညွှန့်၊ ဦးသန်းရွှေ စသော အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ သမိုင်းကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ဝေဖန်ရေးသားထားသော စာများကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း Facebook တွင် ပြန်လည်ရေးသားမျှဝေခဲ့သည်ဟု သိရသည်။ 

စစ်တပ်ကို ချစ်လို့ဝင်တာမဟုတ်ကြောင်း၊ တပ်မတော်၏ ကျင့်ဝတ် ၆၀ တွင်လည်း 'တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ’ ဟုသာ ပါရှိပြီး မဟုတ်တာကို ဟုတ်ပါတယ်ဟု အတင်းလက်ခံခိုင်းထားတာ မဟုတ်ကြောင်း ကိုခိုင်ခန့်ကျော်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ 

‘ငါးနှစ်အတွင်း ဘာများဖြစ်လာမလဲလို့ ထိုင်မေးနေတဲ့ သောက်ရူးနားကန်းများဖတ်ဖို့’ ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမွမ်းထားသော အကြောင်းအရာတစ်ခုကိုလည်း ကိုခိုင်ခန့်ကျော်က ဩဂုတ်လ ၁၃ ရက်တွင် Facebook တွင် ပြန်လည်မျှဝေခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် Thuzar Khaing အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် တွဲလျက် ‘ခေါင်းဆောင်ဟူသည်’ ဟူသည် ဆိုသော ပို့စ်တစ်ခုကိုလည်း ဩဂုတ် ၂၂ ရက်တွင် ကိုခိုင်ခန့်ကျော်က ပြန်လည်မျှဝေခဲ့သည်။ 

အဆိုပါ ဓာတ်ပုံမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်က သီလဝါစက်မှုဇုန်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးခဲ့စဉ် ရိုက်ကူးထားသော ပုံများဖြစ်သည်။  

၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှတ်တမ်းဓာတ်ပုံများနှင့်  'လက်နက်ဆိုလို့ အပ်တောင်မပါတဲ့ ကျောင်းသားစုကြီး ကို သေနတ်ဆိုတာ မိုးပေါ်ထောင်ဖောက်ရတာ မဟုတ်ဘူးလို့ ပြော၍ပစ်တာ ဘယ်သူတွေလဲ' ဟူသော စာများကိုလည်း ကိုခိုင်ခန့်ကျော်က Facebook ပေါ်၌ ရေးသားခဲ့သည်။ 

လက်ရှိတွင် ကိုခိုင်ခန့်ကျော်၏ Facebook အကောင့်မှာ ရှာဖွေ၍ ဖျက်သိမ်းခံထားရသည်ဟု ယူဆရပြီး Facebook ပေါ်တွင် မတွေ့ရှိရတော့ပေ။  

ကိုခိုင်ခန့်ကျော်သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဇာတိဖြစ်ကာ ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်တွင် ဒုတိယနှစ်တက်ရောက် ပညာသင်ယူနေသူဖြစ်သည်။ 

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော် ဖောက်ဖျက်ကျုးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများနှင့် ချုပ်ထားသည့်နေရာ သိရှိနိုင်ရန် တပ်မတော်ဆေးတက္ကသိုလ်သို့ စာပို့မေးမြန်းထားဆဲဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ကိုခိုင်ခန့်ကျော်သည် ပြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)မှ ၂၀၁၇-၂၀၁၈ ခုနှစ်က ဂုဏ်ထူးငါးဘာသာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ရောက်ရန် အမှတ်မမီသောကြောင့် တပ်မတော်ဆေးတက္ကသိုလ် တက်ရောက်နေခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

ကိုခိုင်ခန့်ကျော်သည် ယုံကြည်ချက်အတိုင်း ပြတ်ပြတ်သားသားလုပ်တတ်သူဖြစ်သည်ဟု နဝမတန်းနှင့် ဒသမတန်းများတွင် ၎င်းကို စာသင်ကြားပေးခဲ့ဖူးသည့် ကျူရှင်ဆရာတစ်ဦးက ပြောသည်။ 

“အရမ်းယုံကြည်ချက်ပြင်းထန်တဲ့ ပုံစံနဲ့ပါ။ ကျွန်တော့်အထင် ခုလိုဖြစ်လည်း တောင်းပန်မယ့်သူ မဟုတ်လောက်ဘူး" ဟု ကိုခိုင်ခန့်ကျော်၏ဆရာဖြစ်သူက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း ဃဂနဏတော့ မသိဘူး။ အချုပ်ကျတာ ဘာညာတော့ မသိရဘူး။ အဲဒီကလေး (ကိုခိုင်ခန့်ကျော်) Facebook ပေါ်မှာ တင်တယ်ဆိုတာတော့ သိရတယ်။ ဒီအနေနဲ့ လုပ်ဆောင်မှုတွေအားလုံး ကျွန်တော်တို့ မသိရဘူး” ဟု တာဝန်ကျ အရာရှိတစ်ဦးက ပြောသည်။ 

တပ်မတော်သားများ စောင့်ထိန်းရမယ့်အချက်များစွာရှိသည့်အပြင် ပြောပိုင်ခွင့်မရှိသောကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုသာ မေးမြန်းရန်လည်း စစ်ရာထူးခန့်ချုပ်ရုံးမှ အဆိုပါအရာရှိက ပြောသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

မြန်မာနိုင်ငံတွင် တပ်မတော်က ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု စတင်သည့် ၂၀၁၁ ခုနှစ်မှစတင်ကာ ပြည်သူများအနေဖြင့် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့် အတိုင်းအတာတစ်ခုအထိ ရလာသော်လည်း တပ်မတော်က ထိန်းချုပ်ထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများရှိ ဝန်ထမ်းများမှာမူ ထိုလွတ်လပ်ခွင့်များနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

"အင်တာနက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး တပ်မတော်က ဆက်ဆက်ထိမခံတဲ့ သဘောတွေပါပဲ။ ဒါက မဖြစ်သင့်ဘူးလို့ထင်တာပဲ။ တအားချုပ်ခြယ်လွန်းအားကြီးတယ်" ဟု အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုံ့ဆော်မှုတွင် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရသူ ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ပြောသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ပြင်ဦးလွင်မြို့ရှိ တပ်တော်နည်းပညာတက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့်ဓာတ်ပုံကို တပ်တွင်း Viber Group တွင် ပထမဦးဆုံးတင်ခဲ့သူမှာ အချုပ်ချခံခဲ့ရသလို လယ်ကွင်းအတွင်း ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ကျန်ရှိနေသည့် ဒုံးများပုံကို အွန်လိုင်းပေါ်တင်ခဲ့သူမှာလည်း အချုပ်ချခံခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာနဲ့ ပို့စ်တင်တာကို အချုပ်ချတာက မဖြစ်နိုင်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါပေမယ့် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေမှာတော့ အင်တာနက်နဲ့ပတ်သက်ပြီး တပ်မတော်က Sensitive (ဆက်ဆက်ထိမခံ) ဖြစ်တယ်ဆိုတာတွေရှိတော့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ အဓိကကတော့ နိုင်ငံရေးထိန်းချုပ်မှုပေါ့။ သူတို့နဲ့မတည့်တဲ့လူနဲ့ ပတ်သက်ပြီး နှိပ်ကွပ်တာက အစဉ်အလာလိုဖြစ်သွားတာပေါ့” ဟု ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် ရောက်ရှိနေပြီဖြစ်သော်လည်း တပ်မတော်အငြိမ်းစားအရာရှိကြီးများ စိုးမိုးနေဆဲဖြစ်သော အစိုးရဌာနများတွင်လည်း ချုပ်ချယ်မှုများစွာရှိနေဆဲဖြစ်သည်။ 

ယနေ့တိုင် တပ်မတော်အငြိမ်းစားအရာရှိကြီးများ ကွပ်ကဲစီမံနေသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်းများအနက် တစ်ခုဖြစ်သည့် ပြင်ဦးလွင်ရှိ ဇီးပင်ကြီးဗဟိုဝန်ထမ်းလေ့ကျင့်ရေးကျောင်းဆင်းတစ်ဦးဖြစ်သူ ဒေါက်တာ စိုးသူရဇော်သည် ၎င်း၏သင်တန်းအတွေ့အကြုံများကို Facebook ပေါ်တွင် ရေးသားဝေဖန်ခဲ့သောကြောင့် ဌာနတွင်းစုံစမ်းစစ်ဆေးမှုများ ခံခဲ့ရပြီး၊ ထိုစဉ်အချိန်က ၎င်းသည် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ နောက်ယောင်ခံလိုက်ကြည့်မှုကို ကြုံတွေ့ခဲ့ရသည်။  

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်၏ ဖြစ်စဉ်သည် ၎င်းကြုံတွေ့ခဲ့ရသည်များနှင့် တူညီမှုများရှိကြောင်း ဒေါက်တာစိုးသူရဇော်က ဆိုသည်။ 

“ဝန်ထမ်းဖြစ်သွားတာနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုတွေ ဆုံးရှုံးလိုက်ရတော့မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ စကားရပ်ဟာ ဝန်ထမ်းအားလုံး ( အားလုံး )ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုကို သင်းကွပ်ပြီး နလပိန်းတုံးဖြစ်အောင် လုပ်နေသလိုဖြစ်နေတယ်ဗျ။ ကျွန်တော့်တုန်းကတော့ ကံကောင်းတယ်လို့ ပြောရမယ်ဗျ။ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရရဲ့ ဆင်ခြင်တုံတရားကြောင့်သာ ထောင်ထဲ မရောက်တာပေါ့ဗျာ” ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading