တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် KBZ ကြိုးပမ်းနေဟုဆို

ကမ္ဘောဇအုပ်စု၏ မြောက်မြားစွာသော စီးပွားရေးလုပ်ငန်းများတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်သည့် ကျောက်တူးဖော်ရေး လုပ်ငန်းများလည်း ပါဝင်လျက်ရှိသည် 

Published on Sep 10, 2020
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အဓိကကျသောစီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်။ (သရုပ်ဖော်ပုံ-Amnesty International) 
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အဓိကကျသောစီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်။ (သရုပ်ဖော်ပုံ-Amnesty International) 

ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇအုပ်စုသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် လက်တွဲဖြုတ်ရန် ကြိုးပမ်းနေသည်ဟု ယနေ့ (စက်တင်ဘာ ၁၀) ထုတ်ပြန်လိုက်သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးပိုင်နှင့် စီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေသည့် ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ၊ ဦးပိုင်၏ အစုရှယ်ယာရှင်များနှင့် အမြတ်ငွေခွဲဝေမှုများအကြောင်း ရေးသားထားသည့် စာမျက်နှာ ၁၈ မျက်နှာရှိ အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ 

အဆိုပါ စီးပွားရေးလုပ်ငန်းစုများနှင့် ပူးတွဲလုပ်ကိုင်ခြင်းမှတဆင့် ရရှိလာသည့် အကျိုးအမြတ်များကို ဦးပိုင်က ရှယ်ယာရှင်များထံ ခွဲဝေပေးသည်ဖြစ်ရာ ထိုသို့တွဲဖက်လုပ်ကိုင်ခြင်းက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ပေးရာရောက်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ တွေ့ရှိချက်များကို ဦးပိုင်၏ စီးပွားရေးမိတ်ဖက်များဖြစ်သည့် ပြည်တွင်းကုမ္ပဏီနှစ်ခု၊ နိုင်ငံခြားကုမ္ပဏီခြောက်ခုထံ ပေးပို့ခဲ့ကြောင်း၊ ယင်းတို့အနက် သုံးခုကသာ ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေမှုများကို ပြန်လည်သုံးသပ်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ပူးတွဲစီးပွားရေးလုပ်နေခြင်းကို ပြန်လည်သုံးသပ်နေသည်ဆိုသော ထိုကုမ္ပဏီသုံးခုအနက် မြန်မာနိုင်ငံမှ ကမ္ဘောဇအုပ်စုလည်း ပါဝင်သည်။ 

၁၉၉၄ တွင် တည်ထောင်ခဲ့သည့် ကမ္ဘောဇအုပ်စုသည် ပြည်တွင်း၌ အင်အားအကြီးဆုံးသော စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အပါအဝင် အခြားလုပ်ငန်းများကို လုပ်ကိုင်နေသည်။ ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇအုပ်စု၏ မြောက်မြားစွာသော စီးပွားရေးလုပ်ငန်းများတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်သည့် ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပါဝင်လျက်ရှိသည်။

ကမ္ဘောဇအုပ်စုအနေဖြင့် ဦးပိုင်နှင့် ပူးတွဲစီးပွားရေးလုပ်ကိုင်နေမှုကို ရပ်ဆိုင်းရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂျိန်းဖောအောင် ကျောက်စိမ်းတွင်း၌ ကမ္ဘောဇအုပ်စုဝင် နီလာရိုးမကုမ္ပဏီသည် ဦးပိုင်၏ စီးပွားရေးလက်ခွဲတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နေပြီး နီလာရိုးမကုမ္ပဏီသည် ဦးပိုင်နှင့်လက်တွဲဖြုတ်ရန် လုပ်ဆောင်နေသည်ဟု ကမ္ဘောဇလုပ်ငန်းစုက အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို အကြောင်းပြန်ခဲ့သည်။

အလားတူပင် ကမ္ဘာဇအုပ်စု၏ ပရဟိတဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Brighter Future Myanmar သည်လည်း လှူဒါန်းမှုများနှင့် ပတ်သက်၍ စနစ်တကျ ချဉ်းကပ်နိုင်ရန် လုပ်ငန်းဆောင်တာများကို ခေတ္တရပ်ဆိုင်းထားသည်ဟုလည်း ကမ္ဘောဇအုပ်စုက Amnesty International သို့အကြောင်းပြန်သည့်စာတွင် ရေးသားထားသည်။

“နိုင်ငံအတွင်း အကူအညီလိုအပ်သူအားလုံးကို ကူညီနိုင်ရန်ရည်ရွယ်ပြီး ခြွင်းချက်မရှိ အထောက်အပံ့များ ယခင်က ပေးခဲ့ပါသည်။ ယနေ့အချိန်အခါတွင်တော့ ပရဟိတလုပ်ငန်းများ အားလုံးကို အကောင်းဆုံးအလေ့အကျင့်များ၊ ထိခိုက်နစ်နာစေနိုင်သည်များကို ကြိုတင်စိစစ်ခြင်းနှင့် ကာကွယ်တားဆီးရေးအစီအမံများ ပြုလုပ်ပြီး ချဉ်းကပ်သွားရန် စီစဉ်ထားပါသည်” ဟု ကမ္ဘောဇက ဆိုသည်။ 

screen_shot_2020-09-11_at_12.01.14_am.jpg

ဇူလိုင်လအတွင်းက ရှမ်းပြည်နယ်သို့ရောက်ရှိနေသော ဦးပိုင်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စု၏ ပိုင်ရှင်ဖြစ်သူ ဦးအောင်ကိုဝင်းတို့အား တွေ့ရစဥ်။ (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာနှင့်ပတ်သက်၍ KBZ အုပ်စု၏ ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ (Head of Corporate Affairs) ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာဖြေကြာကြားလိုခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယခုအစီရင်ခံစာမတိုင်မီ ၂၀၁၉ ဩဂုတ်တွင် ထွက်ရှိခဲ့သည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် တပ်မတော်၏ ပြည်တွင်းပြည်ပ စီးပွားရေးမိတ်ဖက်များနှင့် တပ်မတော်ကို ငွေကြေးလှူဒါန်းသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုများကို ဖော်ပြခဲ့ရာ ကမ္ဘောဇနှင့် မက်စ်မြန်မာအုပ်စုတို့ ပါဝင်နေသည်ကို တွေ့ရှိရသည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆက်သွယ်ခဲ့သော ပြည်တွင်းကုမ္ပဏီနောက်တစ်ခုမှာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ကိုင်သည့် Ever Flow River Group ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများမှာ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings ၊ တရုတ်သတ္ထုတူးဖော်ရေးကုမ္ပဏီ ဝမ်ပေါင်၊ တောင်ကိုရီးယားကုမ္ပဏီ INNO Group ၊ တောင်ကိုရီးယားအထည်ချုပ်နှင့်တင်ပို့လုပ်ငန်း Pan-Pacific ၊ တောင်ကိုရီးယားသံမဏိလုပ်ငန်း POSCO ၊ စင်ကာပူငွေကြေးရင်းနှီးမြှုပ်နှံမှုအဖွဲ့ RMH Singapore တို့ ဖြစ်သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီးနောက် ဦးပိုင်နှင့် ဖက်စပ်စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဟု Pan-Pacific က ကြေညာခဲ့သလို ဂျပန်နိုင်ငံမှ Kirin ကလည်း ဦးပိုင်နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 

မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery Limited နှင့် ဖက်စပ်လုပ်ကိုင်နေသည့် Kirin သည် ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်မှုကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။ 

ဦးပိုင်နှင့် ပူးတွဲလုပ်ကိုင်နေသည့် လုပ်ငန်းများ စိစစ်သုံးသပ်မှုကို ၂၀၂၀ မကုန်မီ ပြီးဆုံးနိုင်ရန် ရည်မှန်းထားကြောင်း Kirin က ယနေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ ထိုသို့စိစစ်သုံးသပ်ရာတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာပါ အထောက်အထားများကို ထည့်သွင်းစဉ်းစားကာ သင့်တော်သော ဆောင်ရွက်ချက်ကို ပြုလုပ်သွားမည်ဟု ဆိုထားသည်။ 

“စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဦးပိုင်အများပိုင်ကုမ္ပဏီနှင့် ပုံမှန်အဆက်အသွယ်ပြုလုပ်နေပြီး အမြန်ဆုံးပြီးဆုံးအောင် အစွမ်းကုန်ဆောင်ရွက်နေပါသည်” ဟု Kirin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဦးပိုင်ကို ၁၉၉၀ တွင် စစ်အစိုးရက တည်ထောင်ခဲ့ပြီး လက်ရှိတွင်လည်း တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်စားစစ်မှုထမ်းအရာရှိများက စီမံခန့်ခွဲနေသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ဒါရိုက်တာအဖွဲ့ဝင်များမှာလည်း တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားတပ်မတော်အရာရှိများဖြစ်ပြီး နာယကအဖွဲ့ကို တပ်မတော်၏ ထိပ်ဆုံးခေါင်းဆောင်နှစ်ဦးက ဦးဆောင်ထားသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့ ဦးပိုင်က ၂၀၂၀ ဇန်နဝါရီတွင် တင်သွင်းသည့် အစီရင်ခံစာတစ်စောင်နှင့် ဦးပိုင်အစုရှယ်ယာရှင်များထံ ကန့်သတ်ဖြန့်ချိသော ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို ကိုကားကာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သီးသန့်အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဦးပိုင်ကို တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်မှုထမ်း ၃၈၁,၆၃၈ (သုံးသိန်းရှစ်သောင်းကျော်) ဦးတို့က တစ်ဦးချင်း ရှယ်ယာဝင်များအဖြစ်လည်းကောင်း၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့များ စသော အဖွဲ့အစည်း ၁,၈၀၁ ခုတို့က ရှယ်ယာဝင်များအဖြစ် ပိုင်ဆိုင်ကြောင်း အစီရင်ခံစာအရ သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ရှယ်ယာဝင်များထံ ပေးအပ်ခဲ့သော အမြတ်ငွေစုစုပေါင်းမှာ ကျပ် ၁၀၇ ဘီလျံကျော် (ကန်ဒေါ်လာ ၁၈ ဘီလျံ) ရှိပြီး ယင်းအနက် ကျပ် ၉၅ ဘီလျံကို တပ်မတော်သို့ ပေးအပ်ခဲ့သည်ဟုလည်း အစီရင်စာက ဆိုသည်။

“စစ်တပ်နဲ့ ဦးပိုင်ကုမ္ပဏီဟာ ခွဲလို့ မရအောင် ဆက်စပ်ပတ်သက်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းကြီး တွေ့ရပါတယ်။ ဒါဟာ ဦးပိုင်ကုမ္ပဏီရဲ့ မသိနားမလည်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘဏ္ဍာငွေကြေးထောက်ပံ့နေတာမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့တစ်ခုလုံးမှာ အဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတာပါ” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စီးပွားရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဌာနအကြီးအကဲ မာ့ခ်ဒါးမက် (Mark Dummett) က ပြောသည်။

ဦးပိုင်၏ စီးပွားမိတ်ဖက်များအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိပြီး ၎င်းတို့၏ လုပ်ငန်းများက လူ့အခွင့်အရေးများကို မထိခိုက်အောင် တားဆီးရန်နှင့် လျော့နည်းသက်သာအောင် လုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ဦးပိုင်လီမိတက်က ၎င်းတို့ဖာသာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် ဆန္ဒမရှိသည့်အတွက် ၎င်းတို့နှင့် စီးပွားဖက် လုပ်ကိုင်နေသူများအနေဖြင့် ဦးပိုင်နှင့် ဆက်နွယ်မှုကို ပြန်လည်သုံးသပ်ပြီး တာဝန်သိစွာ လမ်းခွဲရမည်ဖြစ်သည်” ဟု မာ့ခ်ဒါးမက်က ပြောသည်။

စစ်တပ်နှင့် စီးပွားရေးဆက်စပ်နေမှုများကို ဖြတ်တောက်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ကြားဝင်ဆောင်ရွက်ရန်လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားသည်။ 

တပ်မတော်က ထူထောင်ခဲ့သည့် ဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ထံမှ စတင်အာဏာလွှဲပြောင်းရယူခဲ့သည့် ၂၀၁၆ ဧပြီလအတွင်း တပ်မတော်ခေါင်းဆောင်များက 'ပြည်ထောင်စုမြန်မာ့စီးပွားရေးလီမိတက်' အစား 'မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ' ဟု ပြောင်းလဲခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ 

သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading