‘အုပ်ချုပ်ရေးယန္တရားအဟောင်းကြီးကို မဖျက်သိမ်းနိုင်တာ အားနည်းချက်ပဲ’

ရွေးကောက်ပွဲအလွန်ထိ တွန်းအားပေးတောင်းဆိုသွားနိုင်ရန် စက်ရုံအလုပ်ရုံ အလုပ်သမားများ ယူနီဖောင်းဝတ်ကာ အင်တိုက်အားတိုက် မဲသွားပေးဖို့ စိုင်းပြင်းနေသည်ဟု ဆိုသည် 

Published on Sep 10, 2020
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အတွင်းရေးမှူး ဦးရဲနိုင်ဝင်း (ဓာတ်ပုံ - ကေဇွန်/ Myanmar Now) 
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အတွင်းရေးမှူး ဦးရဲနိုင်ဝင်း (ဓာတ်ပုံ - ကေဇွန်/ Myanmar Now) 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးတွင် သန်းနှင့်ချီသော စက်ရုံအလုပ်ရုံ အလုပ်သမားများရှိနေသည်။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အလုပ်သမားများ အင်တိုက်အားတိုက် မဲပေးနိုင်ရန် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ 

ရွေးကောက်ပွဲအောင်နိုင်ရေးတွင် အလုပ်သမားများ၏ ဆန္ဒမဲသည် မည်မျှအရေးပါကြောင်း သတိထားမိစေရန် အလုပ်သမားသမဂ္ဂများဦးဆောင်ကာ ဆန္ဒမဲပေးသွားမည်ဖြစ်သည်။ အလုပ်သမားများ၏ မဲဆန္ဒအားဖြင့် တက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရကို အလုပ်သမားအရေး တွန်းအားပေးသွားနိုင်ရန် မျှော်လင့်ထားကြသည်။

အလုပ်သမားများ မဲပေးနိုင်ရေးလှုပ်ရှားမှုများ၊ အလုပ်သမားထုအခြေအနေများနှင့်ပတ်သက်၍ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အတွင်းရေးမှူး ဦးရဲနိုင်ဝင်းကို Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။ 

မေး။    ။လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ စက်ရုံ၊အလုပ်ရုံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ မဲဆန္ဒပေးခွင့်ရဖို့ ဘာတွေ ပြင်ဆင်နေကြပြီလဲ။

ဖြေ။    ။၂၀၁၀ ရွေးကောက်ပွဲတုန်းက အလုပ်သမားတွေတင် မကဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လဲ စိတ်မဝင်စားဘူး။ မဲလည်းမပေးဘူး။၂၀၁၅ မှာတော့ ကျွန်တောတို့ ကိုယ်တိုင်မဲပေးပါတယ်။ အလုပ်သမားတွေကတော့ မဲပေးတဲ့ အရေအတွက် အင်မတန်နည်းပါတယ်။ အများအားဖြင့် စက်ရုံအလုပ်ရုံတွေက ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေ များပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးခြင်း၊ မဲမပေးခြင်းတွေကိုလည်း သူတို့ စိတ်မဝင်စားဘူး။ မဲပေးရမယ့် နည်းစနစ်တွေကိုလည်း သူတို့နားမလည်ဘူး။ ဘယ်လိုအခွင့်အရေးတွေ ဆိုတာကိုလည်း သူတို့ မသိဘူး။ ဒါကြောင့် မဲပေးတဲ့ အရေအတွက်က အရမ်းနည်းပါတယ်။ 

သူတို့က ဘယ်မှာ စိတ်ဝင်စားသလဲဆိုတော့ အလုပ်သမားတွေ ပြဿနာတက်တဲ့အခါ ဘယ်လွှတ်တော်ကိုယ်စားလှယ် လာပြီး ဖြေရှင်းမလဲ။ အစိုးရက ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ သူတို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် မဲပေးဖို့အတွက်ကျ ဘယ်လိုမဲပေးရမယ်ဆိုတာကို မသိတာလဲ ပါတယ်။ ပြီးတော့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ မဲပေးခွင့် ရှိမရှိဆိုတာ ပညာပေးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ ဒါက ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲမှာ တွေ့ရတာပေါ့။

အခု ၂၀၂၀ မှာတော့ အလုပ်သမားတွေက အရင်ကထက်စာရင် ပိုပြီး အမြင်ကျယ်လာတယ်။ အသိုင်းအဝန်းလည်း ရှိလာတယ်။ ပြီးတော့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာလည်း အလုပ်သမားနဲ့ ဆက်စပ်တဲ့ ပုံသဏ္ဌန်လေးတွေ ပါလာတယ်။ ကိုယ်စားလှယ်တွေ ဘာတွေပါလာတယ်။ ၂၀၂၀ မှာ အတိုင်းအတာတစ်ခုထိတော့ စိတ်ဝင်စားမှုရှိလာတယ်။ 

အဓိကရင်ဆိုင်ရမှာကတော့ အလုပ်သမားအများစုက ရက်ပေါင်း ၉၀ နေထိုင်ပြီး မဲပေးပိုင်ခွင့်ရှိတယ်ဆိုတာကို သိဖို့။ ကိုယ်နဲ့ နီးစပ်တဲ့ ဘယ်မဲရုံတွေကို ဘယ်လိုပေးရမလဲ။ မဲပေးဖို့အတွက် ကြိုတင်ပြီး မဲစာရင်းတွေလုပ်ဖို့ ကြည့်ဖို့အတွက်ကို ပညာပေးဖို့ လိုအပ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင်ပေါ့။ အထူးသဖြင့် ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် မဲပေးဖို့ လိုလားတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အလုပ်သမားတွေကြားမှာ ကျယ်ပြန့်တဲ့ ပညာပေးမှုတွေ လိုအပ်ပါတယ်။

မေး။    ။ CCTU အနေနဲ့ရော ဘာတွေ လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။    ။ ရွေးကောက်ပွဲဆိုတာ ငါးနှစ်တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးပါ။ အလုပ်သမားတွေ အင်တိုက်အားတိုက် မဲပေးဖို့ကို ကျွန်တော်တို့လှုံ့ဆော်မယ်။ သင်တန်းတွေလည်း ကျွန်တော်တို့ပေးတယ်။ လက်ကမ်းစာစောင်တွေရိုက်ပြီး ဖြန့်ဝေမယ့် အစီအစဉ်တွေလည်း ရှိတယ်။ ဘာကြောင့် အဲလိုလုပ်လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်က ပါတီတွေကို အားမရဘူး။ အစိုးရတွေကို အားမရဘူး။ အားမရတဲ့အခါမှာ ဘယ်လမ်းနဲ့ သွားကြမလဲဆိုရင် ကျွန်တော်တို့က ရွေးကောက်ပွဲမှာ မဲပေးမယ်။ 

အရင်တုန်းကဆိုရင် ကိုယ်ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ့်ဘာသာ ပေးလိုက်ကြတယ်ပေါ့။ ပေးပြီးရင် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတွေကို ကျွန်တော်တို့က ဘယ်လိုဆက်လက်ပြီးတော့ တွန်းအားပေးရမယ်ဆိုတာ၊ ဘယ်လိုတင်ပြရမလဲဆိုတာကို ကျွန်တော်တို့က နားမလည်ဘူး။ တစ်ဖက်ကလည်း ပြန့်ကျဲပြီး မဲပေးတဲ့အခါကျတော့ အလုပ်သမားတွေက မဲပေးတာလား၊ ဈေးသည်တွေက မဲပေးတာလား၊ ရပ်ကွက်ထဲက မဲပေးတာလား ဆိုတာကို ဘယ်သူမှ မသိဘူး။ 

အခု ကျွန်တော်တို့ လှုံ့ဆော်မှုက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေက ယူနီဖောင်းတွေ ဝတ်ပြီး မဲပေးဖို့။ စက်ရုံ၊ အလုပ်ရုံတွေက ယူနီဖောင်းတွေ ဝတ်ပြီး မဲလာပေးတယ်ဆိုတာ သတင်းမီဒီယာအပါအဝင်၊ နိုင်ငံရေးပါတီတွေ၊ အစိုးရလုပ်မယ့်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို သိစေချင်လို့။ အလုပ်သမားမဲတွေ အရေးပါတယ်ဆိုတာကို သိလာမယ်။ သိလာခြင်းအားဖြင့် ကျွန်တော်တို့ကိစ္စကို သူတို့ ပိုပြီး အာရုံစိုက်လာမယ်။ 

ကျွန်တော်တို့ တိုင်းပြည်မှာ အလုပ်လုပ်နိုင်တဲ့ အလုပ်သမားအင်အားက ၂၂ သန်းကျော်ရှိတယ်။ မဲပေးနိုင်တဲ့ အင်အားက ၃၇ သန်းပဲ ရှိတယ်။ တကယ်တမ်းက ဒီအလုပ်သမားတွေရဲ့ ညီညွတ်မှု အခြေခံရှိမယ်ဆိုရင် သူတို့ရဲ့အနာဂတ်ကို တကယ်အကောင်အထည်ဖော်နိုင်တဲ့သူတွေသာ အစိုးရဖြစ်နိုင်တာ။ 

ဒါကြောင့် ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ခြေလှမ်းပြင်တာက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေ ယူနီဖောင်းတွေဝတ်ပြီး အင်တိုက်အားတိုက် မဲပေးသွားဖို့။ ကျိန်းသေတာက တက်လာတဲ့ အစိုးရက၊ လူထုအများစုရဲ့ ထောက်ခံမဲနဲ့ တက်လာတဲ့ ကိုယ်စားလှယ်လောင်းသည်  လူထုအကျိုးစီးပွားကိစ္စတွေကို အရေးယူဆောင်ရွက်ရမယ်။ အဲ့ဒီအချိန်မှာ ထင်ထင်ရှားရှားဖြစ်တဲ့ အလုပ်သမားကိစ္စတွေကိုလည်း ပစ်ပယ်ထားလို့ မရဘူး။ နိုင်ငံရေးမှာ မိမိရဲ့ နိုးကြားတက်ကြွမှုက အစိုးရတွေအတွက် တွန်းအားတစ်ခု ဖြစ်စေတယ်ဆိုတာကို ပိုမြင်ဖို့။ 

အရင်တုန်းက အစိုးရက ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲဆိုတာ ကျွန်တော်တို့က မျှော်လင့်တာ။ လွှတ်တော်တွေက ဘာလုပ်ပေးမလဲဆိုတာ မျှော်လင့်တာ။ ခုကတော့ ဒီရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲမှာ မျှော်လင့်တာတွေထက်ပိုပြီးတော့ တောင်းဆိုမှုတွေ လုပ်သွားဖို့ ရှိတယ်။ 

မေး။    ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပါရှိပါတယ်။ ဒါတွေကို အစိုးရသက်တမ်း ငါးနှစ်ကာလအတွင်းမှာ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလား။

ဖြေ။    ။NLD အစိုးရရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာက အလုပ်သမားနဲ့ ပတ်သက်တဲ့ အချက် ၉ ချက်ပါတယ်။ မူ (မူဝါဒ) သဘောဆိုင်တဲ့ အချက်က နံပတ် ၂ အချက်။ ဘာလဲဆိုတော့ တရားမျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပေါ်ရေးနဲ့ သင့်တော်တဲ့ လုပ်ခလစာရရှိရေးကို ဦးတည်ပြီး ကြိုးပမ်းမယ်ဆိုပြီးတော့ပါတယ်။ ဒါက တကယ်လည်း လက်တွေ့ကျပြီးတော့ တကယ်မှန်မှန်ကန်ကန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ 

အချက် ၉ ချက် ဆိုပေမယ့် မူဟာ အဲဒီ့တစ်ချက်ပဲရှိတယ်။ NLD အစိုးရ တက်လာပြီးတော့ ဒါကို လုပ်မလားဆိုပြီးတော့ ကျွန်တော်တို့ မျှော်လင့်တယ်။ ကျွန်တော် စပြီးစိတ်ပျက်တာက ၂၀၁၆ ခုနှစ်မှာ အစိုးရတာဝန်ကို စပြီးယူတဲ့ကာလမှာ ပထမဆုံးခဲ့တဲ့ကိစ္စပဲ။ 

မေလ (၁) ရက်နေ့မှာ ကျင်းပတဲ့ ၁၂၆ နှစ်မြောက် May Day နေ့ (ကမ္ဘာ့အလုပ်သမားနေ့)  အခမ်းအနား။ အဲ့ဒီမှာ May Day နဲ့ ပတ်သက်ပြီး NLD အစိုးရဆီက ထွက်လာတဲ့ သမ္မတရဲ့သဝဏ်လွှာ။ အဲ့ဒါက စိတ်ပျက်စရာ အကောင်းဆုံးပဲလို့ ကျွန်တော်ပြောချင်တယ်။ သူက ပြီးခဲ့တဲ့ နှစ်တွေ၊ ပြီးခဲ့တဲ့ ကာလတွေမှာ အလုပ်သမားအရေးနဲ့ ပတ်သက်ရင် ဘယ်လောက်အောင်မြင်ခဲ့တယ်ဆိုတာကို ပြောသွားတယ်။ တိုင်းဒေသကြီးဝန်ကြီးက တက်ဖတ်တယ်။ ကျွန်တော်က အဲ့ဒီအခမ်းအနားမှာ သဘာပတိ။ 

ဝန်ကြီးက ကျွန်တော့ကို မေးတယ်။ ဘယ်လိုမြင်သလဲပေါ့။ ကျွန်တော်က “ခင်ဗျားတို့ဟာက လိမ်နေတာပဲ။ ကျွန်တော်တို့ သိချင်တာက ခင်ဗျားတို့ အစိုးရက သက်တမ်းတစ်လပဲ ရှိသေးတယ်။ သင်္ကြန်ပိတ်ရက် ခံထားသေးတယ်။ ရက် ၂၀ လောက်ပဲ အစိုးရဖြစ်သေးတယ်။ ခင်ဗျားတို့က ဘာအောင်မြင်မှုကို ပြောနိုင်မှာလဲ။ ဒါက ပြီးခဲ့တဲ့ ဌာနဆိုင်ရာက မှတ်တမ်းတွေကို ဌာနဆိုင်ရာကရေးပြီး ခင်ဗျားတို့က မွမ်းမံပြီးတော့ သမ္မတသဝဏ်လွှာအဖြစ် မွမ်းမံပြီး ထုတ်တာ။ ကျွန်တော်တို့က မသိချင်ဘူး။ ဒီကိန်းဂဏန်းတွေကို ကျွန်တော်တို့က အယုံအကြည်လဲ မရှိဘူး။ သိလဲ မသိချင်ဘူး”

ကျွန်တော်တို့ သိချင်တာက NLD အစိုးရဟာ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမူဝါဒတွေနဲ့ သွားမလဲ။ လုပ်ခလစာတွေကို စနစ်တကျရလာအောင် ဘယ်လိုလုပ်မလဲ၊ အလုပ်သမားအလုပ်ရှင် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာအောင် ဘယ်လိုလုပ်မလဲ။ ကျွမ်းကျင်အလုပ်သမားတွေကို ဘယ်လိုမွေးထုတ်မလဲ။ အခြေခံကျတဲ့ သဘော။ သူတို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့မူကို အခြေခံတဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ကို သိချင်တာ။ ဒါပေမယ့် အဲဒါတွေက တစ်ခုမှ ပါမလာဘူးဗျာ။ NLD အစိုးရကို ကျွန်တော် စိတ်ပျက်တာက။ 

ပိုပြီးဆိုးတာက NLD အစိုးရ တက်လာတဲ့အချိန်မှာ အလုပ်သမားဝန်ကြီးဌာနကို ယခင်အုပ်ချုပ်ရေးအဟောင်းက ကြံ့ခိုင်ရေးက တာဝန်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်သိန်းဆွေကို အလုပ်သမားဝန်ကြီး ပြန်ခန့်တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်း အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ပေးထားတာက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ပြန်ပြီး တာဝန်ပေးတယ်။ ပါတီက တာဝန်ပေးတဲ့ guideline (လမ်းညွှန်မှု) လုပ်တဲ့ စနစ်မရှိဘူး။ တစ်လျှောက်လုံးမှာ အလုပ်သမားရေးရာနဲ့ ပတ်သက်ရင် NLD အစိုးရသည် လေးလေးနက်နက်မရှိဘူးလို့ အဲလိုပဲမြင်တယ်။ အုပ်ချုပ်ရေးအဟောင်းကြီးထဲကပဲ သွားနေတယ်။

လွှတ်တော်မှာ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ကော်မတီတွေ ဖွဲ့တော့လည်း ဒီကော်မတီတွေက တကယ် အားကောင်းမောင်းသန် လုပ်နိုင်သလားဆိုတော့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့မှာ မှတ်တမ်းတွေ ရှိတယ်။ သူတို့ဆီပို့ခဲ့တာ ဆွေးနွေးခဲ့တာတွေ။ ဆွေးနွေးဖို့ သွားတင်ပြတယ်။ အလုပ်သမားဥပဒေ အတည်ပြုတဲ့အခါမှာ လွဲနေတာတွေ ဖြစ်နေတာတွေကို သူတို့ တက်တက်ကြွကြွ ဝင်လုပ်တာ မတွေ့ရဘူး။

မေး။    ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အလုပ်သမားအခွင့်အရေးတွေဟာ ဘာတစ်ခုမှ ပြောင်းလဲမလာဘူးလို့ ဆိုလိုချင်တာလား။

ဖြေ။    ။အပြောင်းအလဲ ဖြစ်လာပြီလဲဆိုရင် ခေတ်စနစ်ကြောင့်ပေါ့ဗျာ။ ပိုပြီးတော့ လွတ်လပ်လာတာ၊ ပွင့်လင်းလာတာကိုး။ အဲဒါကို ကျွန်တော်က နိုင်ငံရေးစနစ်တစ်ခု အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်နိုင်မှုကြောင့် ဖြစ်လာတယ်လို့တော့ ကျွန်တော် လက်မခံနိုင်ဘူး။ 

ဦးသိန်းစိန်အစိုးရလက်ထက်၊ ဒီဘက်အစိုးရလက်ထက်မှာ အလုပ်သမားအင်အား ကြီးထွားလာတာပေါ့။ အလုပ်သမားအလွှာသစ်လို့ပဲ ကျွန်တော်တို့က သုံးတယ်။ ဘာတွေထူးခြားလာသလဲဆိုရင် ခေတ်စနစ်ကြောင့်ပေါ့။ အခြေအနေတွေ ပြောင်းလဲသွားတယ်။ တိုးတက်သွားတယ်။ အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်မှုကြောင့် အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်လာတယ်လို့တော့ ကျွန်တော်မမြင်ဘူး။ 

အလုပ်သမားဥပဒေတွေကို ပြန်လည်ရေးဆွဲတယ်ဆိုတာလည်း ဥပဒေတွေက အသစ်တွေမဟုတ်ဘူး၊ အဟောင်းတွေပဲ။ တစ်ချို့တွေဆိုရင် ကိုလိုနီခေတ်ကတည်းက ဥပဒေတွေ ဖြစ်နေတယ်။ ဒါတွေကိုပဲ သူတို့  Reform (ပြုပြင်မှု) ပြန်လုပ်လာကြတာလေ။ အရင်တုန်းက ဒီဥပဒေတွေရှိတယ်၊ အခွင့်အရေးတွေမပေးဘူး။ အခု ဒီဥပဒေပါ အခွင့်အရေးတွေကို တိုးပေးလာတယ်။

ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံတစ်ခုပေါ်တယ်။ အရပ်ဖက်အစိုးရတစ်ခုကို သွားနေတယ်။ ရွေးကောက်ပွဲတစ်ခု ဖြစ်လာတယ်။ ကမ္ဘာကြီးနဲ့ ဆက်ဆံရေးမှာလည်း ဒါတွေကို မလိုက်နာလို့ (နိုင်ငံရေး၊စီးပွားရေး ) ပိတ်ဆို့မှုတွေ ရှိခဲ့တာလေ။ ဖြေလျှော့မှုတွေကြောင့် ဖြစ်လာတာလေ။ ဒါက ဖိအားတစ်ခုကြောင့် ဖြစ်လာတာပဲလေ။ အစိုးရတစ်ရပ်ရဲ့ နိုင်ငံရေးလမ်းစဉ်ကြောင့် ဖြစ်လာတာထက်ဆိုရင် မတတ်သာလို့ ဖြစ်လာတာပဲ။ ကျွန်တော်ကတော့ ထူးပြီး ပြောင်းလဲလာတယ်လို့တော့ မမြင်ပါဘူး။

women_labour_yangon_photo_by_sai_zaw.jpg

လုပ်သားလျှော့ချခြင်းနှင့် အလုပ်သမားများခံစားခွင့်အတွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်ရှိ Grand Enterprise အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ ယခုနှစ် မတ်လအတွင်းက ဆန္ဒဖော်ထုတ်ခဲ့စဉ်အတွင်း အမျိုးသမီးအလုပ်သမားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

မေး။    ။ဘာကြောင့်လဲ။ မြန်မာပြည်ရဲ့ အလုပ်သမားပြဿနာက ဖြေရှင်းလို့မရအောင် ရှုပ်ထွေးနေတယ်လို့လား။

ဖြေ။    ။ အလုပ်သမားပြဿနာကို အစိုးရတွေ ဘယ်လို ရှုမြင်သလဲပေါ့။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အလုပ်သမားပြဿနာက ၁၉၁၅ ခုနှစ် ၁၉၁၆ ခုနှစ်ကနေပြီး ဒီနေ့ကာလထိ ဖြစ်နေတဲ့ ပြဿနာ။ ပင်မအလုပ်သမားပြဿနာက မရှုပ်ထွေးဘူး။ အင်မတန်ရှင်းတယ်။ နိုင်ငံရေးလမ်းစဉ်တွေနဲ့ ဆက်စပ်နေတာ မဟုတ်ဘူး။ ပင်မပြဿနာက အလုပ်သမားက သူ့ခေတ်နဲ့သူ နေထိုင်စားသောက်လို့ရတဲ့ လုပ်ခလစာကို ဘယ်တုန်းကမှ မရခဲ့ဘူး။ ခေတ်အဆက်ဆက်ကမရခဲ့ဘူး။ အဲ့ဒီအတွက် အဲ့ဒီလုပ်ခလစာကို သူတို့တောင်းတာ။ ဒါက အင်မတန်ရိုးရှင်းတဲ့ နံပါတ်တစ်ပြဿနာပါ။ 

နံပါတ်နှစ်ပြဿနာက ဥပဒေတွေရှိရဲ့သားနဲ့ အဲဒီက ခံစားခွင့်တွေ သူတို့ လုပ်ငန်းခွင်ထဲမှာ မရတာ။ အဲဒါကို သူတို့တောင်းတာ။ ဒါကလည်း ထူးဆန်းတဲ့ ပြဿနာမဟုတ်ဘူး။ အဲ့ဒါက လုပ်ကိုလုပ်ပေးရမယ့် ပြဿနာ။ 

နောက်တစ်ချက်က ကျွန်တော် ဘာသွားတွေ့လဲဆိုတာ့ ပုဂ္ဂလိကလုပ်ငန်းတွေထက် နိုင်ငံ့ဝန်ထမ်းတွေမှာ သွားတွေ့တယ်။ သူတို့ အနာဂတ် ဘဝအာမခံချက်ရှိတဲ့ စနစ်တစ်ခုကို သူတို့ လိုချင်တယ်။ ဒါက အလုပ်သမားထုရဲ့ သူတို့ဘဝ အနာဂတ်အာမခံချက် ရရှိရေးကို သူတို့တောင်းဆိုတာ။ ဒါကလည်း ဥပဒေသဘောအရ အလုပ်သမားတွေရဲ့ ခံစားခွင့်သဘောအရ ပေးကို ပေးရမှာပဲလေ။ 

မေး။    ။နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့ NLD အစိုးရလက်ထက်မှာ ဥပဒေတွေ ပြင်ဆင်ပေးခဲ့တယ်။ ဒါတွေဟာ အလုပ်သမားတွေအတွက် အကျိုးမရှိဘူးလား။

ဖြေ။    ။နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ တိုးဝင်လာဖို့  NLD က ၂၀၁၆ မှာ ဥပဒေဆိုင်ရာ အပြောင်းအလဲလုပ်တာရှိတယ်။ အရင်တုန်းက ကျွန်တော်တို့ဆီမှာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဥပဒေဆိုတာ ရှိတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေဆိုတာ ရှိတယ်။ ဥပဒေက နှစ်ခုရှိတယ်။ 

အစိုးရက ဘာလုပ်လိုက်လဲဆိုတော့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ဝင်လာအောင်လို့ဆိုပြီး အဲဒီဥပဒေနှစ်ခုကို ပေါင်းစပ်လိုက်တယ်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေဆိုပြီး ပြန်ပြင်လိုက်တယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ ရင်းနှီးမြုပ်နှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဝင်လာအောင် ဖြေလျှော့မှုတွေ လုပ်တာပေါ့။ လုပ်တဲ့အချိန်မှာ နိုင်ငံသားအလုပ်သမားတွေကို ကျွမ်းကျင်လုပ်သားတွေဖြစ်အောင် အဆင့်ဆင့် လေ့ကျင့်ပျိုးထောင်ပေးရမယ်ဆိုတာက မပါတော့ဘူး။ မပါဘဲ ဘာထည့်လိုက်လည်းဆိုတော့ ကျွမ်းကျင်မှုမလိုအပ်တဲ့ လုပ်ငန်းတွေမှာ နိုင်ငံသားတွေကို အဓိကထားပြီး ခန့်ရမယ်ဆိုတာ ပါတယ်။ 

ဟိုတုန်းကတော့ ကျွမ်းကျင်လုပ်သားတွေ အတွက်ကို ပထမတစ်နှစ်မှာ နိုင်ငံခြားသားကျွမ်းကျင်မှု အလုပ်သမားက ၅၀ ရာခိုင်နှုန်းရှိမယ်။ ဒုတိယနှစ်မှာ နိုင်ငံသားကို အဲဒီထဲက ၂၀ ရာခိုင်နှုန်း ထပ်ထည့်မယ်။ ဟိုမှာ ၃၀ ရာခိုင်နှုန်းပဲ ကျန်ခဲ့မယ်။ အဲဒီလိုနဲ့ အဆင့်ဆင့်လိုက် အဆင့်လိုက်သွားတာ။ လုပ်ငန်း နောက်ဆုံးပြီးတဲ့အခါမှာ နိုင်ငံသားတွေက ကျွမ်းကျင်မှုနဲ့ အောက်ခြေလုပ်ငန်းအဆင့်ဆင့်မှာ တာဝန်ယူ။ နိုင်ငံခြားသားတွေက စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးပိုင်းမှာပဲ သွားရမယ်ဆိုတဲ့ ဥပဒေကို သူက ပြောင်းလိုက်တယ်။

ဒီဥပဒေရဲ့ အားနည်းချက်ကြောင့် ကျွန်တော်တို့ တိုင်းပြည်က လုပ်ခဈေးနည်းတဲ့ တိုင်းပြည်။ ဥရောပနဲ့ အမေရိကက ကျွမ်းကျင်တဲ့အလုပ်သမားတွေ ဒီနိုင်ငံကို မသွင်းဘူး သာမန်လုပ်ငန်းတွေမှာ။ ဒီက လုပ်သားတွေကိုပဲ အဓိကထားပြီး ကျွမ်းကျင်မှုဖြစ်ဖို့ ကြိုစားတယ်။ 

ဒါပေမယ့် တရုတ်နဲ့ ဗီယက်နမ်က ဆိုရှယ်လစ်နိုင်ငံ။ ဈေးကွက်စီးပွားရေး ကမ္ဘာ့စီးပွားရေး စနစ်နဲ့ လျော်ညီတဲ့ ပြုပြင် ပြောင်းလဲမှုတွေ နိုင်ငံတကာကို သွားနေပေမယ့် သူ့တိုင်းပြည်က အလုပ်လက်မဲ့ ပြဿနာကိုလည်း တတ်နိုင်သလောက် ဖြေလျော့နေရတယ်။ အဲဒီတော့ တရုတ်ကုမ္ပဏီတွေ ဝင်လာတယ်။ တရုတ်အလုပ်သမားတွေ အများကြီးပါလာတယ်။ ဗီယက်နမ်ကုမ္ပဏီတွေ ဝင်လာတယ်။ ဗီယက်နမ်အလုပ်သမားတွေ အများကြီးပါလာတယ်။ 

ကျွန်တော်တို့က အလုပ်အကိုင်အခွင့်အလမ်းတွေ ထင်သလောက် မရဘူး။ အဲဒါက ဘာလဲဆို‌တော့ NLD အစိုးရက ရင်းနှီးမြုပ်နှံမှုတွေကို ဖြေလျှော့ရေးလုပ်တဲ့အခါမှာ ဒီရင်းနှီးမြုပ်နှံမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာရေးနဲ့ ကိုယ့်ဆီက ကျွမ်းကျင်အလုပ်သမားတွေ ဖြစ်လာဖို့နဲ့ အလုပ်သမားတွေ နေရာရဖို့ကို သူအလေးအနက်မထားတော့ဘူး။ အဲဒါက သူ့ရဲ့အားနည်းချက်ပေါ့။ 

ပြန်ချုပ်ပြီး ပြောရရင် NLD အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးယန္တရားအဟောင်းကြီးကို မဖျက်သိမ်းနိုင်တာက သူ့ရဲ့ အားနည်းချက်ပဲ။ အလုပ်သမားပြဿနာမှာတင် မကဘူး။ တခြား ပြဿနာတွေမှာလည်းတူတူပဲ။ ရှိပြီးသား ဗျူရိုကရေစီယန္တရားအဟောင်းကြီးတွေနဲ့ ညွှန်ကြားရေးမှူးချုပ်အဟောင်းတွေ၊ အရင် အုပ်ချုပ်ရေးကအဟောင်းတွေ၊ နည်းနာအဟောင်းတွေနဲ့ သွားနေတယ်။ 

မေး။    ။ လွှတ်တော်ကိုယ်စားလှယ်တွေက အလုပ်သမားဆန္ဒပြပွဲတွေ၊ အလုပ်ရှင်အလုပ်သမား ပြဿနာတွေကို ကြားဝင် မဖြေရှင်းပေးခဲ့ဘူးလား။

ဖြေ။    ။လွှတ်တော်တွေရဲ့ အားနည်းချက်က အလုပ်သမားအရေးကိစ္စကို သူတို့ စိတ်မဝင်စားကြဘူး။ ဒီလောက် ဆန္ဒပြမှုတွေ မြင့်တက်လာတဲ့ ဒီပြဿနာရပ်တွေကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ဘယ်လွှတ်တော်မှာများ ဘယ်တုန်းက မေးခွန်းမေးခဲ့ဘူးလဲ။ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဘယ်တုန်းကများ တာဝန်ယူခဲ့ဖူးသလဲ။ 

NLD စိုးရက သူ့တို့ ချမှတ်တဲ့ မူဝါဒတွေကို သူ ခိုင်ခိုင်မာမာ အကောင်အထည်မဖော်ဆောင်နိုင်ဘူး။ အုပ်ချုပ်ရေးယန္တရားကြီးကို သူတို့ ဒီအတိုင်းထားတယ်။ လွှတ်တော်တွေရဲ့ ကြပ်မတ်ဆောင်ရွက်နိုင်မှုကလည်း အင်မတန်အားနည်းတယ်။ အဲဒါတွေက ပြောမယ်ဆိုရင် NLD အစိုးရလက်ထက်မှာ စိတ်ပျက်စရာအကောင်းဆုံးပဲလို့ ပြောနိုင်တယ်။ 

ပိုဆိုးတာက အလုပ်ရှင်တွေနဲ့ တခြားဘက်တွေက ပြောတဲ့အသံတွေကို သူတို့ နားထောင်တယ်။ သတင်းမီဒီယာမှာ တက်လာတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ တောင်းဆိုမှုတွေကို ကြည့်ပြီးတော့ သူတို့က အပြစ်မြင်တယ်။ ချုပ်ပြောရင်တော့ NLD အစိုးရလက်ထက်မှာ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ဟာက အားရစရာမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading