သမ္မတရုံးညွှန်ကြားရေးမှူးတစ်ဦး ကိုဗစ်ကူးစက်ခံထားရကြောင်း စိစစ်တွေ့ရှိပြီးနောက် ထိတွေ့မှုရှိသူ ၁၅ ဦးကို ဓာတ်ခွဲစစ်ဆေးရာ အားလုံးတွင် Negative (ရောဂါပိုးမတွေ့ရှိ) အဖြေထွက်ခဲ့သည်
နိုင်ငံတော်သမ္မတအိမ်တော်၌ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးတွင် ကိုဗစ်နိုင်တင်းကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံအပါအဝင် အနီးကပ်ထိတွေ့ခဲ့သူအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သမ္မတရုံးတာဝန်ရှိသူက အတည်ပြု ပြောကြားသည်။
“နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ စိတ်ပူစရာ မရှိပါ။ လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

သမ္မတရုံး အရာထမ်းတစ်ဦးတွင် ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညွှန်ကြားရေးမှူးချုပ်အပါအဝင် ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်မှုရှိသည့် ၁၅ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး အားလုံးမှာ Negative (ရောဂါပိုးမရှိ) ဖြစ်သည်ဟုလည်း ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။
“Positive(ရေဂါပိုးတွေ့) က လက်ထောက်ညွှန်ကြားရေမှူးအဆင့်ဖြစ်ပါတယ်။ အရာရှိကြီး မဟုတ်ပါ။ လူကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့ရသူ မဟုတ်ပါ” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားပြီး သမ္မတအိမ်တော်ရှိ ဌာနများအားလုံးကို အင်အားတစ်ဝက်ရုံးတက်စနစ်ဖြင့် အစိုးရယန္တရား ပုံမှန်လည်ပတ်လျက်ရှိသည်ဟု ဆိုသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ တကျော့ပြန် ကိုဗစ်နိုင်းတင်း (Covid-19) ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး သေဆုံးသူအရေအတွက်လည်း တိုးလာနေသည်။
ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ဩဂုတ်လကုန်အထိ ငါးလကျော်အတွင်း သေဆုံးသူ ၆ ဦးသာရှိခဲ့သော်လည်း ယခုစက်တင်ဘာ ၁ မှ ၉ အတွင်း ၆ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။


ယနေ့ (စက်တင်ဘာ ၉) နံနက်ပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ ၁၈၀၇ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၄၆၀ ဦးနှင့် လက်ရှိ ဆေးကုသမှုခံယူနေသူ ၁၃၃၅ ဦးရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပိုးတွေ့လူနာများအနက် ၈၀ ရာခိုင်နှုန်းမှာ ပြည်တွင်းကူးစက်မှုဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









